ဂီတ နှင့် တေးရေး အနုပညာရှင် ဆာမိုးရီလယ်မယ် နှင့် တွေ့ဆုံခြင်း … (Interview with guitarist/songwriter Sar Moe Yi Leme)




သူ့ဘ၀ ၁၂ နှစ်သားအရွယ် (၁၉၇၃) ကနေ ဂီတာစတင်တီးခတ်လာခဲ့ပြီး … သူ့အသက် ၁၅ နှစ်ရောက်တဲ့အချိန် (၁၉၇၆) မှာ တေးသီချင်းစီးရီးတွေကို စတင် ရေးစပ်သူဖြစ်လာတဲ့ …. အခုဆိုရင် သူ့ဘ၀ ဂီတသီချင်း အနုပညာ သက်တမ်း ဆယ်စုနှစ် ၅ ခုပြည့်လုပြီဖြစ်တဲ့ ဂီတစာဆို ဆာမိုးရီလယ်မယ် နဲ့ စကားပြောခွင့် ရခဲ့ပါတယ်။ သူ့ရဲ့ ဂီတသက်တမ်းဖြတ်သန်းမှုသမိုင်းကြောင်း ရှည်လျားလှသလို၊ လွမ်းမောဖွယ်ကောင်းအောင် ပြောပြလာပါတယ်။ မိတ်ဆက်ပေးပါဦးဆို တက်ကြွစွာ အခုလိုပြောပြပါတယ်။



ဟုတ်ကဲ့ပါ။ နာမည်က လယ်မယ်ဆာမိုးရီ တစ်ခုတည်းသာ အသုံးပြုပါတယ်။ နာမည်အရင်းရော၊ အနုပညာနာမည်ရော ဒါပဲသုံးပါတယ်။ ၁၉၆၁ ခုနှစ်၊ အဖ (ဦးလယ်မယ်ကြူ) ၊ အမိ ဒေါ်ထူဖူဆာတို့မှ ရှမ်းပြည်နယ်၊ ကွတ်ခိုင်ဖက်မှာ မွေးပြီး၊ မွေးချင်းမောင်နှမ (၇) ယောက်ရှိပါတယ်။ အစ်ကိုတစ်ယောက်ရယ်၊ ကျွန်တော်ရယ်၊ ညီမ သုံးယောက်ရယ် သက်ရှိထင်ရှား ရှိနေပါသေးတယ်။ အစ်ကိုအကြီးဆုံးကတော့ ကချင်ပြည်နယ်၊ မြစ်ကြီးနား ပြည်သူ့ဆေးရုံမှာ အစိုးရဝန်ထမ်း (အငြိမ်းစား) ဖြစ်ပြီးတော့ ညီမ (၃)ဦး မိသားစုကတော့ လယ်ယာ လုပ်ငန်းလုပ်ကိုင်စားကြပါတယ်။ ကျွန်တော်ကတော့ လက်ရှိမှာ ရန်ကုန်တိုင်းဒေသကြီး၊ တောင်ဉက္ကလာပမြို့နယ်၊ (၁၄) ရပ်ကွက်၊ စီမံ(၁) မှာ နေထိုင်ပါတယ်။ အိမ်ရှင်မ ဇနီးလေးနဲ့ သားလေး မောင်လယ်မယ်ယီးဆာ မိသားစု (၃) ယောက် အတူနေပါတယ်။ ဇနီးကတော့ဖြင့် မြင်သာ ကချင်နှစ်ခြင်းမှာ အမှုထမ်းလျက်ရှိပြီးတော့ သားယီးဆာ ꓬꓲ-ꓢ ကလည်း ရန်ကုန်စီးပွားရေး တက္ကသိုလ်မှ (B.Econs.(Stats)) ဘွဲ့ကို ရရှိထားပါတယ်။ Omega Band Drummer ဆရာ အားဖုန်ရဲ့ တပည့် တစ်ယောက်လည်းဖြစ်ပါတယ်။

အနုပညာဗီဇ၊ အနုပညာသွေးက အဖေကနေ သားအထိ စီးဆင်းနေပါ့လားလို့ သတိပြုမိပါတယ်။ ဂစ်တာတီးခတ်တာ၊ သီချင်းရေးစပ်တဲ့ အနုပညာအလုပ်တွေကို ဘယ်အချိန်စတင်ခဲ့ပါသလဲလို့ မေးစမ်းကြည့်ရာမှာတော့ သူကအခု လိုပြန်ဖြေပါတယ်။

ဟုတ်ကဲ့။ ၁၉၇၃ ခုနှစ်မှာက ဂစ်တာစတီးပြီး၊ ၁၉၇၆ ခုနှစ်မှာ ကိုတောင်းဆီး၊ ကိုလာလေး၊ ကေဖာ၊ မဂူသားမီးတို့နဲ့ ပထမဦးဆုံး လီဆူစီရီးစ်ကို ထုတ်ဖြစ်ခဲ့ပါတယ်။ ၁၉၇၉ ခုနှစ်မှာ အဆိုတော် ဦးဝါညားအားဝူနှင့် စီးရီးစ် (၃) ခွေ လောက်ထုတ်ဖြစ်ပါတယ်။ ၁၉၈၂ ခုနှစ် မြောက်ပိုင်းရှမ်းပြည်မှာ လီဆူအသင်းတော်၊ ဂျိုးဖြူ ( ꓮ ꓒꓴ ꓒꓴ ꓜꓴ) တီးဝိုင်း၊ ဘော်ဒေလီဆူနှစ်ခြင်းနှင့် လင်းရောင်ခြည် တေးဂီတ တွေမှာ နည်းပြဆရာအဖြစ် သင်ပေးပြီး တာဝန်ယူခဲ့ရပါတယ်။ ၁၉၉၆ခုနှစ် မိုးကုတ်လီဆူ သဌေး ဦးယောဆက်ဆီမှာ မျိုးဆက်သစ်လူငယ် မွေးထုတ်ဖို့ တာဝန်ယူ ထမ်းဆောင်ခဲ့ပါတယ်။ ၁၉၉၉ ခုနှစ် ဒီဇင်ဘာ နောက်ဆုံး ခသ ၂၀၀၀ အဝင်မှာ မြန်မာနိုင်ငံ လီဆူနှစ်ခြင်းဌာနမှ ကျင်းပသော ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့၊ သာဂရ ရပ်ကွက်တွင် ( ခသ ၂၀၀၀ )ပွဲမှာလဲ ပါဝင်တီးခတ်ခဲ့ပါတယ်။ ခသ ၂၀၀၀ခုနှစ်မှာ ꓪꓰ ꓫꓵꓼ ꓠ ꓡ ꓡꓴ ဝေရှီ-နာဆာလိုအဖွဲ့ကို ပြန်လည်ဖွဲ့စည်းခဲ့ပြီး ယနေ့ထိ ဤနာမည်နှင့်သာ လီဆူ တိုင်းရင်းသားတွေအတွက် ၊ ဘုရားအတွက် ရပ်တည်နေခဲ့ပါတယ်။ ၂၀၀၂ခုနှစ်မှာ မြန်မာနိုင်ငံ လီဆူနှစ်ခြင်းဌာနမ ကျင်းပပြုလုပ်သော နှစ် (၁၀၀ ) ရာပြည့်ပွဲ မြစ်ကြီးနား မန်ခိန်မှာလည်း၊ ဗန်မော်ဇုံနယ် အတွက်၊ ဝိုင်းမော်ဇုံနယ်အတွက်၊ ရှမ်းပြည်ဇုံနယ်နှင့် မိုးကုတ် အဂ္ဂါပေဇုံနယ်တွေအတွက် တာဝန်ယူတီးခတ်ခဲ့ပါတယ်။ မြစ်ကြီးနားဇုံနယ်မှာ တော့ ဆရာဂျက်စီခေါ်လေး အဖွဲ့တာဝန်ယူပြီး မိုးကုတ်မြို့ဇုံနယ် အတွက်ကတော့ စောရူးဘီအဖွဲ့တွေ အတွက် တာဝန်ယူခဲ့ပါတယ်။ ၂၀၀၂ခုနှစ် ဖေဖော်ဝါရီလမှာလဲ ရှမ်းပြည်နယ် လီဆူနှစ်ခြင်း ဌာနချုပ်မှ ပြုလုပ်သော အနုပညာ သက်တမ်း (၂၅) နှစ်ပြည့် ဂျူဗလီကို ဆရာဦးဝါညားနဲ့ အတူ ဂုဏ်ပြုခံခဲ့ရပါတယ်။ ဂုဏ်ပြုပွဲကတော့ ရှမ်းပြည်နယ်၊ ကွတ်ခိုင် ကောင်းခါးနယ်မြေမှာ ပြုလုပ်ပြီး ၂၀၀၃ခုနှစ်မှာ ရှမ်းပြည်တောင်ပိုင်း၊ ယိုးဒယားနယ်စပ် နမ့်ဟူးခွန် လီဆူတွေက နာဖူးခေါ့လိုပြောပြီတော့ အဲဒီမှာလည်း သင်တန်းများဖြင့် သင်ကြားပို့ချလျက် မြောက်ပိုင်း ရှမ်းပြည်တွေမှာလည်း သင်တန်းသွားပို့ချ ဖြစ်ခဲ့ပါတယ်။ ကျွန်တော် သင်ကြားပေးခဲ့သည့် သူတွေကတော့ ကျွန်တော်တို့ လီဆူတွေသာမက၊ ရှမ်း၊ လားဟူ နှင့် ကချင် တွေကိုပါ သင်ကြားပေးခဲ့ ရပါတယ်။ ၂၀၀၈ခုနှစ်က စပြီးတော့ တရုတ်ပြည်၊ ယူနန်နယ်တွေမှာ၊ နောက်ပြီးတော့ ပြည်မကြီး ခွေမီတို့မှာ ဒီနေ့အထိ သင်ကြားပိုချပေးနေပါသည်။ အနုပညာသက်တမ်းကတော့ ၁၉၇၆ ခုနှစ်မှ ၂၀၀၈ ခုနှစ်အထိ အဆိုတော် ဦးဝါညားကလွဲပြီး အဆိုတော် ဂူသားမီး၊ အဆိုတော် တောင်းမလေး၊ အဆိုတော် ဂူလားယေမီး၊ အဆိုတော် ဗျာဆီလီမာ၊ အဆိုတော် ဗျာချယ်ရီ တို့က မွေးထုတ်နိုင်ခဲ့ပါတယ်။ အတီးသမားများအနေဖြင့်လည်း နာဖူးခေါ့တစ်ဖွဲ့၊ ချင်းမိုင်ငွါးလေး၊ ဗျာလေး၊ မိုးကုတ်မှာတော့ ယာန်ဘော်ဝိတား၊ မြစ်ကြီးနားမှာ ဂျက်စီခေါ်လေး၊ ဇီလေး၊ ယေဖာလီ၊ ဝေါ်ဆာ၊ ဇော်ဝူ တွေဖြစ်ပြီးတော့ တရုတ်ပြည် ယူနန်မှာကတော့ တောင်းဆာ (၂) ယောက်၊ အိုဘေဒါယ စသည်တို့ကို မွေးထုတ်ပေးနိုင်ခဲ့ပါတယ်။ နာမည်မထွက်သေးတဲ့ လူငယ်တွေလည်း အများကြီးပေါ့။

သူကသာ ဒေါက်ဒေါက်ဒေါက် ပြောသွားလိုက်တာ၊ အကျယ်ချဲ့ရင် အထုပ္ပထ္တိဖြစ်လောက်မယ့် အနုပညာ ဘဝမိုင်တိုင်တွေပဲဆိုတာ သဘောပေါက်မိပါတယ်။ သီချင်းတွေများ ဘယ်လောက်များများ ဖန်တီးဖြစ်ခဲ့ပါလိမ့်လို့ မေးမြန်းကြည့်ရာမှာတော့ သူကအခုလိုဖြေပါတယ်။

အင်… သီချင်းစုစုပေါင်းကတော့ ဘယ် လောက်ရှိလဲဆိုတော့ မမှတ်မိတော့ပါဘူး။ သီချင်းရေးစပ် ချင်စိတ်ပါရင်တော့ တစ်ရက်ကို ၃ – ၄ ပုဒ်လောက်တော့ ရေးဖြစ်တာပါ့။ တစ်ခါခါဆို အမြန်ရေးဖြစ်ရင်တော့ (၇)ပုဒ်လောက်တော့ ရေးစပ်ဖြစ်ခဲ့ပါတယ်။ တရုတ်ပြည်၊ ယူနန်မှာ လီဆူလူငယ်တွေကို သွားသင်ပေးရင် အိမ်ကနေ သီချင်း အပုဒ် (၃၀) လောက် ရေးစပ်သွားရတာပေါ့။ ယူနန်လီဆူတိုင်းရင်းသားတွေကတော့ ကော်ပီသီချင်းတွေ မလိုချင်ကြပါဘူး။ ဒါကြောင့် ကိုယ်ပိုင်သံစဉ်တွေနဲ့ ရေးစပ်သွားရတာပါ့။

တရားဟောချက်တွေ ပြင်ဆင်ဖူးတဲ့ ကျွန်တော် ဘောင်ဝင်တန်းဝင် တရားဟောချက်တွေ တစ်ရက်မှာ ၇ ပုဒ်မလုပ်နိုင်တာကို နှိုင်းယှဉ်မိရင်း ကျွန်တော် အံ့အားသင့်ရပါတယ်။ အလျင်လိုလာရင် တစ်ရက်ကို ၇ ပုဒ်အထိတောင် ရေးအားရှိတယ်လို့ဆိုလာတော့ သူ့အနုပညာအစွမ်းကို ကျွန်တော် ရင်ထဲက တကယ်ချီးကျူးနေမိပါတယ်။ သူ့ရဲ့ သီချင်း အကြောင်းအရာ တွေကို ဆွေးနွေးမိရာမှာတော့ သူက အခုလိုရှင်းပြပါတယ်။

ဟုတ်ကဲ့။ သီချင်းတွေကို ဇတ်လမ်းသဘောမျိုးလည်း ရေးဖြစ်ပါတယ်။ မိဘမဲ့သီချင်း၊ နောက်ပြီးတော့ လီဆူလေးနှင့်လီဆူ မလေးခံစားကြရတဲ့ သီချင်းတွေ၊ သူငယ်ချင်းအတွက် မင်္ဂလာဆောင်ပွဲ သီချင်းတွေ၊ ဓမ္မအမှုတော်ဆောင် တစ်ဦး၏ ခံစားချက်တွေ၊ နယ်ရာဒေသကို အမွမ်းတင်တဲ့သီချင်းတွေ၊ သတို့သမီးအပ်နှင်း သတို့သမီးအတွက် သီချင်းတွေ၊ လီဆူတိုင်းရင်းသားအတွက် ဘဝအလွမ်းအဆွေးသီချင်းတွေ၊ နောက်ပြီးတော့ အမျိုးသားရေး သီချင်း ꓫꓵꓽ ꓟꓴ ꓖꓪ တွေ ရေးဖြစ်ခဲ့ပါတယ်။



ဂုရုတွေမှာလည်း လေးစားအားကျကြရတဲ့သူတွေ ကိုယ်စီရှိကြပါတယ်။ သူ့ရဲ့အကြိုက် အနုပညာသည်တွေက ဘယ်သူတွေဖြစ်မလဲလို့ မေးစမ်း ကြည့်မိတော့ သူ့အကြိုက်တေးရေးတွေကို ထုတ်ပြောလိုက်ပါတယ်။

တေးရေဆရာတွေအားလုံးက တစ်မျိုးစီ ကောင်းကြပါတယ်။ ရေးစပ်သည့် စတိုင် မတူကြပါဘူး။ ကျွန်တော်က အဆိုတော် ထူးအိမ်သင် ရေးစပ်ခဲ့သည့် သီချင်းစာသားမျိုး၊ နောက်ပြီးတော့ ဆရာကြီး စောဘွဲ့မှူးရေးစပ်တဲ့ သီးချင်းစာသားမျိုးတွေကို အရမ်းနှစ်သက်ပါတယ်။

အသက် ၁၂ နှစ်မှသည် ဆယ်စုနှစ် ၅ ခုတိုင်လုတဲ့အထိ သူကျင်လည်လာတဲ့ ဂီတ၊ သီချင်းအနု ပညာအတွေ့အကြုံအရ အနုပညာကို ဘယ်လို အဓိပ္ပါယ်ဖွင့်ဆိုပါမလဲ၊ အနုပညာအကျိုးကျေးဇူးက ဘာပါလိမ့်လို့ စောကြောမိပါတယ်

ဟုတ်ကဲ့။ အနုပညာဆိုတာကတော့ ဝမ်းနည်နေသူတွေအတွက်၊ ကြည်နူးနေသူတွေအတွက်၊ နောက်ပြီးတော့ ပျော်ပွဲရွှင်ပွဲတွေအတွက်၊ ဝေဒနာခံစားနေရသူတွေအတွက် စိတ်သက်သာရာ ရရှိဖို့က အရေးကြီးဆုံးပါလို့ မြင်ပါတယ်။

သက်တမ်းရှည် လီဆူအမျိုးသာ ဂီတ၊ သီချင်းအနုပညာရှင်ရဲ့ ခေတ်သစ် လူငယ်တွေကို ဘာများလမ်းညွှန်ပေးချင်ပါသလဲလို့ မေးမိပါတယ်။

ဟုတ်ကဲ့ပါ – တက်သစ်စ တေးရေးဆရာတွေကိုတော့ တစ်ခြားမပြောတော့ပါဘူး။ ရင်ထဲအထိ စွဲဆောင်မှုရှိသည့် သံစဉ်၊ စာသား ဖြစ်စေချင်ပါတယ်။ ရသမြောက်ပြီးတော့ အဓိပ္ပါယ်ရှိသည့် သီချင်းတွေကို ရေးစပ်စေချင်ပါတယ်။ နောက်ပြီးတော့ ကိုယ်ပိုင်သံစဉ်၊ စာသားတွေကို အများဆုံး သုံးဖြစ်စေချင်ပါတယ်။ တစ်ချို့တွေဆို ကော်ပီသီချင်း၊ ဖြစ်သလို ပေါ့ပေါ့ပျက်ပျက် စာသားတွေ ထည့်ဆိုကြဒါတွေလည်း တွေ့နေရပါတယ်။

လူတိုင်းက ကိုယ်အားရ နှစ်ခြိုက်တဲ့ အခင်းအကျင်း၊ စိတ်ကူးတွေ ကိုယ်စီရှိကြပါတယ်။ ဖြစ်နိုင်ရင် ဘယ်အဖွဲ့နဲ့ တွဲတီး၊ ဆိုချင်ပါသေးသလဲ၊ ဘယ်လို သီချင်းမျိုး ဆက်လက်ဖန်တီးဖြစ်ဦးမလဲ လို့ မေးမိပါတယ်။

လွန်ခဲ့တဲံ အချိန်တွေမှာ I.C က DRUM နှင့် BASS ကို ဖိုးကလဲနှင့် နောက်ပြီးတော့ အင်ပါယာတေးဂီတအဖွဲ့က K.B ကိုမောင်မောင်၊ ကိုစောဂူဘီ တို့တွေနှင့် တွဲတီးဖြစ်ခဲ့ဘူးပါတယ်။ အမှတ်တရ ပြောပြတာပါ။ ကျွန်တော်က IRON CROSS တေးဂီတအဖွဲ့ကို အထူးကြိုက်နှစ်သက်ပါတယ်။ သီချင်းရေးတာကတော့ စိတ်ထဲပေါ်လာသည့် အခါမျိုးမှ ပုံစံပေါ်လာဒါမျိုးပါ။ ဘယ်လိုမျိုး သီချင်းရေးရမယ်ဆိုဒါ တသတ်မှတ်တည်း မရှိပါဘူး။

ဝမှာ ရွေးစရာတွေများစွာထဲက အနုပညာအလုပ်ကို ရွေးပြီး စွဲစွဲမြဲမြဲ လုပ်နေခဲ့တဲ့သူကို၊ တကယ်လို့သာ ဒီအလုပ်မလုပ်ဖြစ်ခဲ့ရင် ဘဝမှာ ဘာလုပ်နေပါ့မလဲလို့ မေးလိုက်ရာမှာတော့ အခုလိုပဲ ပွင့်ပွင့်လင်းလင်း ပြောပြပါတယ်။

တကယ်လို့ ကျွန်တော် သီချင်းရေး၊ ဂီတာတီးတာတွေ မလုပ်ခဲ့ဘူး ဆိုရင်တော့ ခုထိပဲ တောင်သူလယ်သမား လုပ်နေရအုံးမှာပါ။

နောက်ဆုံးအနေနဲ့ ကိုယ့်ကိုအားပေးနေတဲ့ ပရိသတ်ကို ဘာများပြောချင်ပါသေးသလဲလို့ မေးလိုက်တော့ အခုလို ဖြေပေးပါတယ်။

ကျွန်တော့်ကို အခုထိတိုင် အားပေးလာကြတဲ့ ညီးအစ်ကိုတွေ၊ ဆွေရင်းတွေ၊ မိတ်ဆွေနှင့် လီဆူတိုင်ရင်းသား အချင်းချင်း ဝေးနေသည်ဖြစ်စေ၊ နီးနေသည်ဖြစ်စေ လူမျိုး/ဘာသာ မခွဲခြား၊ တောင်ပေါ်/ မြေပြန့်မခွဲခြား၊ ဉစ္စာဓန ရှိရှိ/ မရှိရှိ ချစ်ခင် ဖေးမကူညီ အားပေးကြလို့ ပြောချင်ပါတယ်။ အားလုံးကို လေးစားသလို ကျေးဇူးလည်း တင်ပါတယ်။

သူတတ်မြောက်ရာ အနုပညာအလုပ်နဲ့ အသင်းတော်၊ အသိုက်အဝန်း လူပေါင်းများစွာရဲ့ ဘဝအမောတွေကို ဖြေပေးနိုင်ခဲ့တဲ့ ဂီတ၊ တေးသီချင်းဖန်တီးသူ ကိုဆာမိုးရီ ကျန်းမာစွာနဲ့ အနုပညာတွေကို ဆက်လက်ဖန်တီးနိုင်ပါစေ။



ချစ်သော <<ကိုဂျေ>>

၁၁၊ ဇန်နဝါရီလ၊ ၂၀၂၁



Leave a Reply

Your email address will not be published. Required fields are marked *