ချစ်ခြင်းများနဲ့ မြန်မာ့နွေဦးတော်လှန်ရေး (OPINION)


မြန်မာ့နွေဦးတော်လှန်ရေးကို ချစ်ခြင်းများနဲ့ စတင်ခဲ့တယ်လို့ ပြောချင်ပါတယ်။

ဒီမိုကရေစီကို မြတ်နိုးတဲ့စိတ်၊ အမှန်တရားကို ချစ်တဲ့စိတ်၊ လူတွေကို ချစ်တဲ့စိတ်၊ တိုင်းပြည်ကို ချစ်တဲ့စိတ်၊ လူငယ်တွေရဲ့ အနာဂတ်ကို ချစ်တဲ့စိတ်၊ မျိုးဆက်သစ်တွေကို ချစ်တဲ့စိတ် … ဟုတ်ပါတယ်၊ နွေဦးတော်လှန်ရေးဟာ ချစ်ခြင်းနဲ့ စတင်ခဲ့ပါတယ်။

ချစ်ခြင်းဟာ သေခြင်းနှင့်အမျှ တန်ခိုးကြီးပါတယ်တဲ့ ( ရှောလုမွန်သီချင်း ၈း၆)။

ချစ်ခြင်းဟာ ကျွန်တော်တို့ကို ရှင်သန်စေလိမ့်မယ်တဲ့ (မိုက်ကယ်လန်းစ်ရဲ့ သီချင်းစာသား အပိုင်းအစလေးပေါ့။)

နွေဦးတော်လှန်ရေးဟာ ပုံဖျက်ချင်သူတွေပြောသလို အမုန်းတရား၊ အဖျက်စိတ်ထားနဲ့ မဟုတ်ပါဘူး။ နွေဦးတော်လှန်ရေးဟာ အကောင်းအတိုင်းပြုပြင်လိုတဲ့စိတ်၊ အကောင်းဆုံးဖြစ်စေလိုတဲ့စိတ်၊ ချစ်ခြင်းတွေအပြည့်နဲ့ ပြည်သူလူထုက အသက်တွေကို ရင်းထားတယ်။ ဘဝတွေကို ပေးထားတယ်။ အဆုံးတိုင် ချစ်ခြင်းတွေနဲ့ပါပဲ။

နွေဦးတော်လှန်ရေးမှာ ချစ်ခြင်းဟာ အဓိကထိပ်စီး၊ ခေါင်းစီးဖြစ်တယ်။ ဒီပွဲက ချစ်တတ်သူတွေရဲ့ပွဲဖြစ်တယ်။ စွန့်လွှတ်သူတွေရဲ့တော်လှန်ရေးဖြစ်တယ်။

နွေဦးတော်လှန်ရေးက ကမ္ဘာအရပ်ရပ်က ခံစားတတ်၊ ချစ်တတ်တဲ့ နှလုံးသားပိုင်ရှင်တွေကို လှုပ်နိုးခဲ့တယ်။ (အခြားတစ်ဘက်က ရက်စက်မှုတွေ၊ လူမဆန်မှုတွေကို ကျွန်တော်တို့ မပြောလိုတော့ပြီ)

မြန်မာပြည်ကို ချစ်တဲ့စိတ်တဲ့စိတ်၊ မြန်မာပြည်သူလူထုကို ချစ်တဲ့စိတ်နဲ့ အသက်တွေ ဘဝတွေပေးလိုက်ကြတဲ့သူတွေရဲ့ နှလုံးသားထဲက မေတ္တာထက်မြတ်တာ ရှိပါဦးမလား။ ကိုယ့်အဆွေအဖို့ အသက်စွန့်တာထက် မြတ်သော မေတ္တာ မရှိပါ။

ချစ်ခြင်းသူရဲကောင်းတို့ကို နှလုံးသားထဲက ဦးညွှတ်လိုက်ပါတယ်။

မြန်မာ့နွေဦးတော်လှန်ရေးဟာ မြင့်မြတ်သော၊ စွန့်လွှတ်စွန့်စားသော ချစ်ခြင်းများစွာနဲ့။

Leave a Reply

Your email address will not be published. Required fields are marked *