ကချင်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဌ ဦးခက်ထိန်နန်ဟာ ရဝမ်တစ်ယောက်၊ လီဆူတစ်ယောက်သာ ဖြစ်ခဲ့မယ်ဆိုရင် …. (Opinion Article)


ဒီအကြောင်းစပြီးတွေးမိလာတာကလည်း သတင်းမီဒီယာကြောင့်ပါပဲ။ ကချင်ဒေသအခြေစိုက် သတင်းသတင်းမီဒီယာ (ဖတ်နေကျသူတွေဆိုရင် နားလည်ပါလိမ့်မယ်) တွေမှာ ဦးအတန် နဲ့ ဦးရွှေမင်းအကြောင်းရေးကြပြီဟေ့ဆိုရင် ဘယ်လိုရှုထောင့်ကနေရေးတယ်ဆိုတာ အားလုံးသိကြပါတယ်။ စာဖတ်ပရိသတ်ကို သူတို့က ဘယ်လို သတင်းစကား ကြားစေချင်သလဲဆိုတာ ပေါ်လွင်နေတတ်ပါတယ်။ သူတို့ရပ်တည် အားပေးတဲ့သူတွေက အမှားအယွင်းမဲ့၊ လုံးဝဥဿုံကောင်းနေတဲ့ ရှုထောင့်ရယ်နဲ့ တစ်ဘက်သားဟာ စစ်အုပ်စုကို အားပေးသူတွေ၊ သစ္စာဖောက်တွေ အဖြစ် ပုံဖော်လေ့ရှိပါတယ်။ ဒါကမြင်နေကျ မြင်ကွင်း။



ဒီစာရေးရရခြင်းရဲ့ ရည်ရွယ်ချက်ကတော့ တစ်ဘက်ကိုရပ်တည်ပြီး ငြင်းဖို့ထက်၊ ငါတို့ ကချင်အုပ်စု အထဲမှာ ပြင်စရာရှိတာတွေကို ထောက်ပြလိုတာဖြစ်ပါတယ်။ ငါတို့ဆိုတာကတော့ ကချင်ဒေသက အတူနေ လူမျိုးစုတွေကို ဆိုလိုပါတယ်။



ကချင်တွေဟာ နိုင်ငံရေးနိုးကြားကြတယ်လို့ ယေဘုယျပြောနိုင်ပေမယ့်လို့၊ တရားမျှတမှုကို မြတ်နိုးကြတယ်လို့တော့ တိုက်ရိုက်အဓိပ္ပါယ်ဖွင့်လို့ မရပါ။ ချွတ်ဖို့မလွယ်သေးတဲ့၊ ချွတ်ရမယ်မှန်း မသိသေးတဲ့ အစွဲလေးတွေ ကိုယ်စီရှိပါတယ်။ အတူနေ လူမျိုးစုတွေကို ညီအစ်ကိုရင်းသဖွယ် မဆက်ဆံတတ်တဲ့၊ အတူတကွ ယှဉ်တွဲနေထိုင်ရေးကို အားမပေးတဲ့ အယူအဆလေးတွေရှိပါတယ်။ ဒါကိုချွတ်ဖို့ကတော့ ဒါရှိတယ်ဆိုတာကို ဦးဆုံး လက်သင့်ခံကြရပါမယ်။ ပြီးရင်ဒီလိုအစွဲတွေဟာ မကောင်းဘူးဆိုတာကို မြင်ကြရပါတယ်။ ပြီးတော့ ပြင်ရဲတဲ့သတ္တိလည်းလိုလာပါတယ်။ ဒါဆိုရင်တော့ အတော်လေး ကောင်းလာမှာပါလို့ ရိုးသားစွာ မြင်‌ နေမိပါတယ်။



ကဲဆက်ကြပါစို့။ အခုနေ ကချင်ပြည်နယ်မှာ ကချင်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဌက ဦးခက်ထိန်နန်မဟုတ်ဘဲ၊ ရဝမ်တစ်ယောက်၊ လီဆူတစ်ယောက်ဖြစ်ကြည့်လိုက်ပါ။ ကချင်အားလုံးမဟုတ်ပေမယ့်၊ အစောက သတင်းမီဒီယာသမားတွေလို စိတ်ထားရှိကြသူတွေရဲ့ တုံ့ပြန်မှု၊ ခြိမ်းခြောက်မှုဟာ အခု ဦးခက်ထိန်နန်ခံစားရတာထက် ၁၀ ဆမကပိုမှာ သေချာပါတယ်။ ဘာကြောင့်လဲ။


ဦးအတန်ဟာ လက်နက်ကိုင်ပါတယ်။ ဒါပေမယ့် အခြားသော လက်နက်ကိုင် ကချင်အုပ်စုခေါင်းဆောင်တွေထက် သူ့ကို ဘာလို့ဝေဖန်ကြတာလဲ။ နောက်ကွယ်က အကြောင်းရင်းက ဘာလဲ။

ရှင်းအောင်ပြောရရင် စနစ်ထက်၊ မျက်ကန်းမျိုးချစ်စိတ်ရဲ့ လက္ခဏာပါပဲ။ ရဝမ်က ငါတို့လက်အောက်မှာပဲ ရှိနေရမယ်၊ သူတို့ခေါင်းထောင်လာတာကို ငါတို့လက်သင့်မခံနိုင်ဘူးလို့ ခံစားနေရတဲ့ လူတစ်စု၊ လူတစ်ချို့ရှိမနေဘူးလို့ ဘယ်သူအာမခံရဲသလဲ။ နိုင်ငံရေး စနစ်ကြောင့်မဟုတ်ဘဲ၊ ကိုယ့်လူမဟုတ်လို့ လက်သင့်မခံကြတာ ဆိုတာရှင်းနေပါတယ်။ မတရားဘူးလို့အော်သံကလည်း ကိုယ်ထိမှ ပိုကျယ်လာတာ မဟုတ်လား။


အဲ့ဒီလိုပါပဲ ဦးရွှေမင်းဟာ ပါတီခေါင်းဆောင် တစ်ဦးဖြစ်ပါတယ်။ တစ်ခုခုဖြစ်လိုက်ရင် မျက်နှာမူကြတာ တူပါလျက်နှင့် ဆိုရှယ်မီဒီယာတွေမှာ ဦးရွှေမင်းကို ဆဲဆိုခြိမ်းခြောက်မှုက အခြားသော ကချင်ပါတီခေါင်းဆောင်တွေထက် များနေတာ သိသိသာသာကြီးပါ။ ဒါဟာ ကချင်လူထုတစ်ချို့ရဲ့စိတ်ထဲမှာ လီဆူတွေ စုစည်းမိလာတာကို လက်သင့်မခံနိုင်တာ၊ ဝမ်းသာမပေးနိုင်တဲ့သူတွေ ရှိနေတာ ထင်ရှားပါတယ်။ သူနဲ့ရောနှောပြီး လီဆူတစ်မျိုးသားလုံးကို ခြိမ်းခြောက်စော်ကားမှုတွေ ရှိနေပါတယ်။

စာရေးသူက အစမှာချီထားသလို လက်နက် ကိုင်ခေါင်းဆောင် ဦးအတန်ရော၊ ပါတီနိုင်ငံရေးလုပ်တဲ့ ဦးရွှေမင်းရော၊ အခြားသော ကချင်လက်နက်ကိုင်ခေါင်းဆောင် တွေရော၊ ပါတီခေါင်းဆောင်တွေရော တစ်ယောက် ယောက်ဘက်က ရပ်တည်ပြီး မှန်ကန်တယ်လို့ ပြောမှာမဟုတ်ပါဘူး။

ဒါပေမယ့် ကချင်လူထုကြားမှာ ပြင်သင့်တဲ့စိတ်ထားကို မြင်စေချင်လို့ ထုတ်ပြတာပါပဲ။ ငါတို့ဟာ စနစ်ကိုတိုက်တာလား၊ အမျိုးတော်၊ မတော်၊ နီးစပ်မှုရှိ၊ မရှိဆိုတာကိုပဲ ကြည့်တာလားဆိုတာ တွေးကြစေချင်ပါတယ်။

ဒါကိုမပြင်နိုင်သရွေ့အိမ်တွင်းမှာလည်း ငြိမ်းချမ်းမှုနဲ့ ဝေးနေပါဦးမယ်။ အချင်းချင်း လေးစားမှု၊ လွတ်လပ်မှု၊ သမာသမတ်ကျမှု၊ တရားမျှတမှုကသာလျှင် ကချင်ပြည်နယ်မှာရှိ ကြတဲ့ လူမှုအသိုက်အဝန်းကို ကောင်းကျိုးဖြစ်စေပါလိမ့်မယ်။

တစ်ခုခုဆိုရင် ကိုယ့်လူမဟုတ်လို့ ပစ်ပစ်ခါခါပြောမယ်၊ အပြစ်ကြီးကြီးရှာမယ်။ ခြိမ်းခြောက်မယ်။ တခြား သူကတော့ ကိုယ်နဲ့နီးတာမို့ အပြစ်ပြောစရာရှိတာတောင် မသိသလိုနေလိုက်မယ် ဆိုတဲ့စိတ်ထားကတော့ ရေရှည်မှာ အဆင်ပြေမှာမဟုတ်ပါဘူး။ မျှတတဲ့စိတ်ထား မဟုတ်တာ သေချာပါတယ်။

ဒီစိတ်ထားနဲ့ဆက်သွားရင် လူမျိုးရေးကိစ္စက ပိုရှိလာမယ်။ လူမျိူးကြီးဝါဒက ရှိနေဦးမယ်။ စစ်ဝါဒကလည်း အသက်ဆက်နေမယ်။ လူသားတွေရဲ့ ဉာဉ် သဘာဝအရ သည်းခြေကြိုက် အမျိုး၊ ဘာသာ၊ သာသနာအောက်မှာ တိုက်ပွဲတွေဆက်ဖြစ်နေပါဦးမယ် ဆိုတာ တပ်အပ်ပြောချင်ပါတယ်။

ကချင်ပြည်နယ်အတွင်းမှာ ကေအိုင်အေ အပြင် ဇခုန်တိန့်ယိမ်း၊ လဆန်အောင်ဝါ၊ မထုနော် တို့လို လက်နက်ကိုင်အုပ်စုတွေရှိသလို၊ ပါတီနိုင်ငံရေး လုပ်သူတွေလည်း အများကြီးရှိကြပါတယ်။ နစကနဲ့ သဘောညီ၊ တရားဝင် ရာထူးရယူထားတဲ့ သူတွေလည်း ရှိပါတယ်။ စနစ်ကိုတိုက်ရင် အဲ့ဒီရပ်တည်ချက်ကို အတည်ယူဖို့လိုသလို၊ ငါတို့ကတော့ စနစ်မဟုတ်ဘူး အမျိုးစွဲပဲဆိုရင်လဲ ရပ်တည်ချက်ကို သေချာထုတ်ပြန်ဖို့ လိုလာမှာပါ။



သတင်းမီဒီယာကလည်း ဘက်လိုက်ကြပါတယ်။ အမှားမကင်းကြပါဘူး။ လူသားတွေပဲကိုး။ ဒါပေမယ့် အပေါ်က သဘောတရားကို စစ်ကြောမိကြပြီဆိုရင်တော့ အစွဲတွေကိုသတိနဲ့ယှဥ် ချွတ်ပြီး၊ ပိုမိုမျှတသော အတွေးအခေါ်နဲ့ ပိုမိုစည်းလုံးသော အသိုက် အမြုံကို ဖန်တီးဖို့ပဲ ဦးတည်သင့်ပါတယ်။

ဘယ်လူမျိုးကမှ ခြောက်ပစ်ကင်းမရှိကြပါဘူး။ ရပ်တည်ချက်မတူတဲ့သူတွေ ရှိကြပါတယ်။ ဒါတွေကို ကိုင်တွယ်တဲ့အခါမှာ မျှတဖို့လိုပါတယ်။ စနစ်အရလား၊ အမျိုးအရလား သေချာစေဖို့လိုပါတယ်။

နဂိုကတည်းက အကြောင်းအမျိုးမျိုးကြောင့် ကွဲချင်ချင် ဖြစ်နေတဲ့ အက်ကြောင်းကို သတင်းမီဒီယာဟာ ပိုမိုကျယ်ဝန်းတဲ့ ဟကြောင်းလေးဖြစ်လာအောင် မရေးကြသင့်ဘူးလို့ ယုံကြည်ပါတယ်။ အကဲဆတ်တဲ့ ကိစ္စ၊ ပဠိပက္ခ ဆိုင်ရာမှာ ဘယ်လိုတင်ဆက်ရမယ်ဆိုတာ သိကြမှာပါ။ ကချင်ပြည်နယ်မှာ tension တွေလျော့၊ respect တိုးလာဖို့ ကြံဆောင်ဖို့ လိုနေပါတယ်။

တရားမျှတမှုလို့ ပြောကြတဲ့အခါ ကိုယ့်အမျိုးထိရင် တရားမမျှတဘူးလို့အော်မယ်ဆိုတာလောက်မဟုတ်ဘဲ၊ ဘယ်သူ့ကိုပဲဖြစ်ဖြစ် တရားမမျှတတာကို မမျှတဘူးလို့ မြင်ဖို့အထိလိုပါတယ်။ ကိုယ်နဲ့မတည့်သူလုပ်ရင် မှားပြီး ကိုယ့်အမျိုးလုပ်သမျှ မှန်တယ် လုပ်လို့တော့ ပြဿနာမပြီးန်ုင်ပါ။ တရားမျှတစွာ၊ ညီအစ်ကိုဆန်စွာ ခံယူကြဖို့လိုပါတယ်။ တရားမျှတမှု အကြောင်းပြောကြရင် ပထမဦးဆုံး အက်ရှင်နဲ့လုပ်ပြနိုင်တာကတော့ အင်အားကြီးတဲ့အုပ်စုတွေပါပဲ။

နိုင်ငံတော်အသစ်ကို သွားကြရာမှာ ဖက်ဆစ်စနစ်ကျင့်သုံးတဲ့ စစ်အုပ်စုကိုသာဖြိုရမှာ မဟုတ်ဘဲ၊ အုပ်စုငယ်တွေတိုင်းမှာ ဖက်ဆစ်စနစ်တွေ၊ ကြီးနိုင်ငယ်ညှည်းတွေ၊ မနာလိုမှုတွေ၊ မမှန်ကန်တဲ့ စိတ်ထားတွေကိုပါ ဖယ်ထုတ်ပစ်ကြဖို့ လိုပါတယ်။

ပြည်နယ်သားတွေကလည်း ဘယ်သူဟာအားလုံးအတူလက်တွဲ ချစ်ကြည် နေနိုင်တဲ့ ဝန်းကျင်မျိုး ဖန်တီးနိုင်မလဲ ချင့်ချိန်ပြီး အားပေးကြဖို့ကောင်းပါတယ်။ လူ့ဂုဏ်သိက္ခာကို လေးစားတဲ့ ခေါင်းဆောင်မျိုးကိုပဲ လုပ်ပိုင်ခွင့် ပေးကြရမှာပါ။

ကိုယ့်လူမျိုးကိုယ်ချစ်တာဟာ အင်မတန် ချီးကျူးဖွယ်ရာဖြစ်ပါတယ်။ လူတိုင်းဟာ ကိုယ့်လူမျိုးကို ချစ်တဲ့စိတ်တန်ဖိုးထားတဲ့စိတ်ရှိရမှာ အမှန်ပါ။ ဒါပေမဲ့ ကိစ္စအနေ အထား တစ်ခုတည်းမှာ ကိုပဲ သူများအမျိုးတွေ လုပ်ရင်မှားပြီး ကိုယ့်လူမျိုးအရင်းက လုပ်ရင် ငြိမ်နေတတ်တဲ့ မျက်ကန်းမျိုးချစ် စိတ်ကိုတော့ သတိထား တားမြစ်ကြရမှာပါ။

ꓗ-ꓛꓲ ꓟꓵꓽ ꓐꓬꓱꓽ



ကိုယ့်ထက် အားနည်းတဲ့ လူမျိုးငယ်လေးတွေကို၊ တစ်ခုခု ပြောတော့မယ်ဆိုရင်၊ တံဆိပ်ကပ်တော့မယ်ဆိုရင် … အထူးသဖြင့် မီဒီယာသမား တွေ အနေနဲ့ ကနေ့ စစ်အစိုးရရဲ့ ပေါ်လစီကို တရားဝင်ဖော်ဆောင်ပေးနေတဲ့ ပစက ဥက္ကဌ ဦးခက်ထိန်နန်နေရာမှာ ရဝမ်တစ်ယောက်ဖြစ်နေရင်၊ လီဆူတစ်ယောက်သာ ဖြစ်နေရင်လို့ တွေးပါ။ ဒါဆိုရင် ကိုယ့်အစွဲတွေကို နားလည်လာပါလိမ့်မယ်။ ပြီးတော့ မျှတတဲ့အမြင်တွေကို မွေးမြူနိုင်ကြပါစေ။

(မှတ်ချက်- the Lisu Times သို့ စာရေးပို့လာသည်ကို ကချင်ပြည်နယ်သားတို့ စည်းလုံးရေးအတွက်၊ မျှတရေးအမြင်အတွက် တစုံတရာ အကျိုးပြုနိုင်သည်ဟု ယူဆကာ opinion article အတွေးအမြင်ဆောင်းပါး အဖြစ် ဖော်ပြလိုက်ပါသည်။)

Leave a Reply

Your email address will not be published. Required fields are marked *