ကပ်ဘေးကြားမှာ ခရစ္စမတ်ပွဲ ဘယ်လိုကျင်းပမလဲ …

(Faith/Opinion Article)

ခရစ္စမတ်လို့ ဆိုလိုက်တာနဲ့ လူစုလူဝေး ကိစ္စက မျက်လုံးထဲ ထင်းကနဲပေါ်လွင်လာပါတယ်။ ကလေး၊ လူကြီးမကျန် လူစုလူဝေးနဲ့ ဘုရားကျောင်းတက်ကြတာ၊ စူပါမားကတ်တွေမှာ ခရစ္စမတ် ပရိုမိုးရှင်း ပစ္စည်းတွေကို အလုအယက်ရွေးကြတာတွေ၊ လဟာပြင် စတိတ်ရှိုးသီချင်းသီဆိုပွဲတွေ၊ အနေဝေးတဲ့ မိသားစုတွေ အိမ်အလည်လာ ဆုံဆည်းကြတဲ့မြင်ကွင်းတွေ၊ စုပေါင်း ပါတီစားသောက်ပွဲတွေ၊ ကယ်ရို သီချင်း လှည့်လည်သီဆိုကြတာတွေ၊ ပျော်ပွဲစားထွက်ကြတာတွေ အားလုံးကတော့ ခရစ္စမတ်လို့ဆို လိုက်တာနဲ့ မျက်လုံးထဲ ထင်းကနဲမြင်လာတဲ့ လူစုလူဝေး ရုပ်ပုံကောက်ကြောင်းတွေ ဖြစ်ပါတယ်။

သခင်ယေရှုမွေးဖွားတဲ့အချိန်က အခင်းအကျင်းကို ပြန်ကြည့်မယ်ဆိုရင်လဲ လူစုလူဝေးအဖြစ်တွေကို တွေ့ရပါတယ်။ သန်းခေါင်စာရင်းဝင်ဖို့ နယ်အသီးသီးက လာကြတဲ့သူတွေ ဒါဝိဒ်၏မြို့မှာ ရုံးရုံးကျက်ကျက် ဖြစ်နေခဲ့ပါတယ်။ ဒါကြောင့်လဲ သခင်ယေရှုမိသားစုအတွက် တည်းခိုစရာ အခန်းနေရာတောင် မရလိုက် ပါဘူး။ တိရိစ္ဆာန်ထားတဲ့နေရာမှာ ဖြစ်သလို ကျဉ်းကြပ်စွာ နေခဲ့ရသလို၊ မွေးလာတဲ့ သူငယ်တော် သခင်ယေရှုကိုလဲ တိရိစ္ဆာန်စားခွက်ပေါ်မှာ သိပ်ထားခဲ့ကြရပါတယ်။

သခင်ယေရှုမွေးဖွားလာပြီဖြစ်ကြောင်း သိုးထိန်းတို့ကို ကောင်းကင်တမန်တို့က သတင်းကြားပြော လာတဲ့အချိန်မှာ သိုးထိန်းတွေက တောစားကျက်မှာ တဲထိုးနေထိုင်ကြတဲ့ အခိုက်အတန့်ဖြစ်ပါတယ်။ သူတို့က သတင်းကြားလျှင်ကြားချင်း သူငယ်တော် ယေရှုကို သွားရောက်ဖူးမြင်ကြပါတယ်။ ဒါကလဲ လူစုလူဝေးတာပဲဖြစ်ပါတယ်။ ညအချိန် ကယ်ရိုသီချင်းသီဆို လှည့်လည်ခြင်း ဓလေ့ကလဲ ဒါကိုအခြေခံပြီး ပေါ်လာပါတယ်။

အရှေ့ပြည်က မာကုပညာရှိတို့ကလည်း သူငယ်တော် သခင်ယေရှုကို လက်ဆောင်ဘဏ္ဍာတွေ ပူဇော်ကာ လာရောက်ဖူးမြင်ကြပါတယ်။ သူတို့လဲ တစ်ဦးတည်းတော့ မဟုတ်ပါ။ အုပ်စုလိုက် လာရောက်ကြတာမို့ လူစုလူဝေး အခင်းအကျင်းပဲဖြစ်ပါတယ်။

ခရစ္စမတ်ဆိုတဲ့ စကားလုံးကို ပြန်ကြည့်ရင်လဲ လူစုလူဝေးလို့ စကားလုံ အတိအကျ ပါဝင်နေပါတယ်။ “ခရစ်တော်ရဲ့ လူထု” လို့အဓိပ္ပါယ်ရတဲ့ ရှေးအင်္ဂလိပ်စကားလုံး Cristemasse က ဆင်းသက်လာတာ ဖြစ်ပါတယ်။ ဒီတော့ သူငယ်တော် သခင်ယေရှုမွေးဖွားခြင်းက လူစုလူဝေးနဲ့ ကင်းကွာမှု မရှိကြောင်း သမိုင်းနောက်ခံ အခင်းအကျင်းကဖော်ပြနေပါတယ်။

သခင်ယေရှုမွေးဖွားခြင်းကို အမှတ်တရ ပွဲလုပ်ကြတဲ့ ခရစ္စမတ်ပွဲ ဓလေ့က နှစ်ပေါင်း အတော်ကြာ ညောင်းခဲ့ပြီဖြစ်ပါတယ်။ ဒါပေမယ့် ကနေ့ ထိုလူစုလူဝေး ဓလေ့ကို စိန်ခေါ်လာတာကတော့ ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါဖြစ်ပါတယ်။ လူစုလူဝေးတွေက ရောဂါကို ပိုပွားစေတဲ့အကြောင်းလဲ ကမ္ဘာအနှံ့ သက်သေတွေ အများကြီး ရှိနေပြီဖြစ်ပါတယ်။ အခြေအနေကို တန်ပြန်ဖို့ စဉ်းစားစရာ၊ စိန်ခေါ်မှုတွေ ရှိနေပြီဖြစ်ပါတယ်။

ခရစ္စမတ်က သခင်ယေရှုမွေးဖွားချိန်ကို ညွှန်းဆိုပြီး အမှတ်တရ ကျင်းပကြတယ်ဆိုရင် လူစုဝေးခြင်း ထက်ကျော်လွန်ပြီး မြင်နိုင်ဖို့ကြိုးစား ဖော်ထုတ် သင့်တဲ့အချိန်ဖြစ်လာပါတယ်။ ကိုဗစ်-၁၉ ကပ်ဘေးကြား မှာ ခရစ္စမတ်ပွဲကို ဘယ်လိုအနှစ်သာရတွေ၊ ပုံစံအခင်းအကျင်းတွေနဲ့ ကျင်းပကြမလဲ စဉ်းစားဖို့လို လာပါ တယ်။

(၁) ခရစ္စမတ်က ကျေနပ်ရောင့်ရဲခြင်းသဘော ရှိပါတယ်။ ဂုဏ်တွေ၊ ရပိုင်ခွင့်တွေထက် ရှိတဲ့အနေအထားမှာ နှိမ့်ချခြင်းသဘောကို တိရိစ္ဆာန်အစာခွက်ထက်က သူငယ်တော်ယေရှုပုံသွင်က ဖော်ညွှန်းနေပါတယ်။ တကယ်တမ်းဆိုရရင် ယောသပ်နဲ့ မာရိက တည်းခိုခန်းတစ်ခုလုံးမှာ ကောင်းပေ့ဆိုတဲ့ ဇိမ်ခံ အခန်းကို ရဖို့သင့်လျော်လှပါတယ်။ ဒါပေမယ့် အခြေအနေအရ ခက်ခဲကျဉ်းကြပ်တဲ့နေရာ ကိုပဲရခဲ့တယ်။ တပါးသူ အိမ်မှာ ကိုယ့်လက်ကိုယ့်ခြေ ကိုယ့်ရပ်ဝန်းမှာလို လွတ်လပ်မှုမရှိပါဘဲ၊ ကသီမှုများစွာနဲ့ ဧည့်သည် လုပ်နေခဲ့ရပါတယ်။ ဒါကိုပဲ လက်သင့်ခံ ရောင့်ရဲခဲ့ပါတယ်။

(၂) ခရစ္စမတ်က စူးစမ်းလေ့လာပြီး ဝမ်းမြောက်ရတဲ့ အချိန်ဖြစ်တယ်။ သိုးထိန်းတွေက ကောင်းကင်တမန်ဆီက သတင်းကောင်း ရတဲ့အခါ ညအချိန်မှာပင်လျှင် သွားရောက်လေ့လာပြီး အတည်ပြုကြပါတယ်။ စူးစမ်းရှာဖွေ အတည် ပြုခြင်း ဖြစ်ပါတယ်။ သတင်းကောင်းကို လက်ခံ၊ စူးစမ်းရှာဖွေအတည်ပြုရင်း ဝမ်းမြောက်မှုကို ခံစား ကြပါတယ်။

(၃) ခရစ္စမတ်အချိန်အခါက လေးမြတ်ပူဇော်ရတဲ့အချိန်ဖြစ်ပါတယ်။ သူငယ်တော်ယေရှုကို မာကုပညာရှိတို့က အဖိုးတန်ပစ္စည်းများဖြင့် လာရောက်ပူဇော်ကြပါတယ်။ လေးမြတ်သောစိတ်ဖြင့် ပူဇော်ကြပါတယ်။

(၄) ခရစ္စမတ်က တစ်ဦးကို တစ်ဦးမထိခိုက်အောင် မေတ္တာခြုံပေးတဲ့ သဘောရှိပါတယ်။ ခရစ္စမတ်နဲ့ပတ်သက်လာရင် စစ်ပွဲကြားက ခရစ္စမတ်အကြောင်း ကြားဖူးကြမှာပါ။ ပထမကမ္ဘာ့ ကာလ၊ ရှေ့တန်းစစ်မြေပြင်မှာ တစ်ဘက်နှင့်တစ်ဘက် အသေအကျေတိုက်ခိုက်နေကြရပေမယ့် ဒီဇင်ဘာလ ၂၅ ရက်မှာ ကြိုတင် အချိန်းအချက် မရှိပါဘဲ စစ်ပွဲခေတ္တရပ်နားဖြစ်လိုက်ကြပါတယ်။ ဒါကို ခရစ္စမတ် သဘောတူညီချက် (Christmas True) လို့ လူသိများကြပါတယ်။ တစ်ဦးကိုတစ်ဦး သေစေတတ်သော သေနတ်၊ ဗုံးဆံတွေ ပပစ်ခတ်ကြတာက ရင်ဘတ်ထဲမှာ မေတ္တာကိန်းအောင်းလာလို့ဖြစ်ပါတယ်။ ခရစ္စမတ်နဲ့ပတ်သက်လာရင် ကျွန်တော်တို့ရဲ့ အပြုအမူအားဖြင့် ကမ္ဘာကြီး ပိုမိုဖျားနာစေဖို့ မဟုတ်ပါ။

ခရစ္စမတ်ဘယ်လိုကျင်းပကြမလဲ။

ဟုတ်ပါတယ်။ ကိုဗစ်-၁၉ ကပ်ကြီးထဲမှာ တံခါးချပ် များစွာပိတ်သွားသလို၊ အခင်းအကျင်းအသစ်တွေနဲ့ ပွင့်လာတဲ့ တံခါးချပ်တွေလဲ ရှိပါတယ်။ ပိတ်နေတဲ့ တံခါးကို အတင်းတွန်းဖွင့်တာထက်၊ ပွင့်လာတဲ့ တံခါး တွေကို မြင်အောင်ကြည့်ပြီး ရှေ့ဆက်ကြဖို့ လိုမှာပါ။

ယောသပ်နဲ့မာရိက တည်းခိုခန်းပိုင်ရှင် ကို ဖိအားတွေနဲ့ အတင်း အခန်းပေးခိုင်းတာ၊ ရန်ရှာတာမရှိခဲ့ပါဘူး။ ကျွန်တော်တို့ ကြပ်တည်းစွာ နေကြရတဲ့ စတေးအက်ဟုမ်းအနေအထားနဲ့ ချိန်ထိုးပြီး (အစိုးရအပါအဝင် ) ဘယ်သူ့ကိုမှ အပြစ်မမြင်ဖို့၊ ရတဲ့အနေအထားမှာ ရောင့်ရဲစိတ်ကို မွေးဖို့ တွန်းအား ဖြစ်စေမှာပါ။ လွတ်လပ်ခြင်း၊ ဇိမ်ခံခြင်းထက် ရောင့်ရဲသည်းခံခြင်းစိတ်ကို မွေးမြူကြရပါမယ်။

ဝမ်းမြောက်စရာသတင်းကို ကိုယ်တိုင်အတည်ပြုကြတဲ့ သိုးထိန်းတွေလို သမ္မာကျမ်းစာထဲက သူငယ်တော် သခင်ယေရှုမွေးလာတဲ့အကြောင်းအရာကို ဖတ်ရှုကာ ဝမ်းမြောက်ခြင်းကို ခံစားလို့ရပါတယ်။ ကျမ်းစကား ကို ပိုမိုနားလည်နိုင်ရန် စာအုပ်စာတမ်းတွေ၊ ဗွီဒီယိုတွေ၊ သီချင်းတွေ များစွာ ရှိနေပြီဖြစ်ပါတယ်။ ဖွင့်ဆိုချက် တွေနဲ့ အတူ ကိုယ့်ဘဝအတွေ့ အကြုံနဲ့ ဆက်စပ် ကြည့်နိုင်ပါတယ်။ အဓိက ကတော့ ကိုယ်တိုင် စူးစမ်း ဖတ်ရှုလေ့လာပြီး ဝမ်းမြောက်ခြင်း ခံစားဖို့ဖြစ်ပါတယ်။ ယုံကြည်မှုအကျိုးက ကိုယ်တိုင် ယုံကြည် လုပ်ဆောင်မှ ရကြတာမျိုးဖြစ်ပါတယ်။ လူစုလူဝေးက အရေးကြီးသလို၊ ကောင်းကင်ကလာတဲ့ သတင်း စကားကို တစ်ဦးချင်း နားလည်ကာ ဝမ်းမြောက် စိတ်ပြည့်လာဖို့က ပိုပြီးအရေးကြီးပါတယ်။

မာကုပညာရှိတွေ သူငယ်တော်ကို ဖူးတွေ့ပြီး လက်ဆောင်ဘဏ္ဍာတွေ ပူဇော်ပါတယ်။ ကနေ့ သူငယ်တော်ကြောင့် ဝမ်းမြောက်တဲ့သူတွေ၊ လေးမြတ်ကြည်ညိုကြသူတွေက သူ့အတွက် ရည်စူး ပူဇော်မှုတွေ လုပ်နိုင်ပါတယ်။ ကနေ့အနေအထားမှာ ထိုသူငယ်တော်ဟာ ပုံဆောင်မှု အားဖြင့် အခက်အခဲဖြစ်နေတဲ့သူတွေ၊ မရှိဆင်းရဲသားတွေလို့ ယူနိုင်ပါတယ်။ သူတို့ကို ကြည့်ရှု ပြုစုခြင်းက ခရစ်တော်သခင်ယေရှုကို လေးမြတ်ခြင်းပင်ဖြစ်လာပါတယ်။ အာရှဒေသမှာ ဆင်းရဲမွဲတေမှုက အမြဲလိုလို ရှိနေဆဲဖြစ်ပါတယ်။ ဒါကလဲ ခရစ်ယာန်များအတွက် ပေးလှူဖို့ အခွင့်အလမ်း ဖြစ်ပါတယ်။ သူငယ်တော်ကို လေးမြတ်တဲ့စိတ်ထားနဲ့၊ သူငယ်တော်ကို ရည်မှန်းပြီး ပတ်ဝန်းကျင်မှာ အလှူပေး၊ ကောင်းကျိုးပြုဖို့ အချိန်ကောင်း ဖြစ်ပါတယ်။ ကနေ့ လူကိုယ်တိုင်သွားတာထက် စိတ်ချရတဲ့ အသင်း အဖွဲ့တွေ၊ အေးဂျင့်တွေကတစ်ဆင့် တကယ်လိုအပ်နေတဲ့သူတွေကို အကျိုးပြုနိုင်ပါတယ်။

အငယ်ဆုံးသော သူတို့ကို ပြုစုခြင်းသည် ငါ့အားပြုသည်ဟု သခင်ခရစ်တော်မိန့်တော်မူချက်အတိုင်း၊ မိမိဝန်းကျင်က အငယ်ဆုံးတွေကို ပေးကမ်းနိုင်ပါတယ်။ လူချင်းတွေ့ဆုံပြီး အမည်တပ်ပြီး လက်ဆောင် ဖလှယ်ကြတာမျိုးအတွက် တကယ်အသုံးလိုမယ့် လက်ဆောင်ပစ္စည်းတွေကို ယုံကြည်ရတဲ့ delivery services နဲ့ပေးပို့ပေးလို့ရနေပါတယ်။ အံ့အားသင့်စေမယ့် လက်ဆောင်တွေဖြစ်သွားမှာပါ။

လူချင်းတွေ့ဆုံဖို့ကိစ္စက အဆင်ပြေခဲ့တဲ့ နှစ်ပေါင်းများစွာလည်း တွေ့ကြုံခဲ့ပြီး ဖြစ်ပါတယ်။ ယနေ့ လူစုလူဝေးနဲ့ လူချင်းနီးကပ်ဖို့ အဆင်မပြေတဲ့ကာလမှာလဲ ခရစ္စမတ် ကို လူစုလူဝေးခြင်းထက်ကျော်လွန်ပြီး အခြားသော နည်းလမ်းတွေနဲ့ ကျင်းပလို့ရပါတယ်။ ယနေ့ကပ်ဘေးကာလမှာတော့ လူချင်းတွေ့ဆုံ ကြဖို့ထက် ပိုမိုနက်နဲသော အနှစ်သာရပိုင်းကို ဦးစားပေးဖို့ လမ်းပွင့်သွားတဲ့ ကာလဖြစ်ပါတယ်။

နည်းပညာကလဲ တံခါးဖွင့်ထားပေးပါတယ်။ တစ်ဦးနဲ့တစ်ဦး ဖုန်းနဲ့ စကားပြောခွင့်ရနေကြပါတယ်။ အထူးသဖြင့် လူပေါင်းများစွာ တစ်ချိန်တည်း တရားစကား နားထောင်ခွန်အားယူဖို့ Google Meet, Zoom စတဲ့ ပလက်ဖောင်းတွေ ရှိနေပြီ ဖြစ်ပါတယ်။ ဘုရားက သိပ္ပံတီထွင်ရှင်တွေကို အတွေးသစ်၊ စိတ်ကူးသစ်၊ ပညာရပ်အသစ်တွေ ပေးထားပြီး တီထွင်ဖြစ်လာတဲ့ အရာတွေက ကပ်ဘေးအတွက် အသင့်ရှိနေပါတယ်။ အွန်လိုင်းအင်တာနက်ဝန်ဆောင်မှုက ကိုဗစ်-၁၉ ကမ္ဘာ့ကပ် ရောဂါကာလမှာ ကူးစက်မှုစက်ကွင်းတွေကို အများဆုံး လျှော့ချပေးနိုင်တဲ့ အရာဖြစ်လာပါတယ်။ ဖုန်း၊ အင်တာနက် မရှိတဲ့ဘဝကို ပြန်မြင်ကြည့်ရင် … ကနေ့ အခြေအနေမှာ ဘုရားသခင်က အခက်အခဲထဲမှာ ထွက်ပေါက် လမ်းဖွင့်ပေးထားပြီး ဖြစ်နေတာကို မြင်နိုင်မှာပါ။

ကနေ့ခေတ်နည်းပညာက ထိုခေတ်မှာ ရှိနေခဲ့ရင် သိုးထိန်းတွေက ညကြီးမင်းကြီးသွားတာထက်၊ အင်တာနက်လိုင်းချိတ်ပြီး ဖုန်းခေါ်တာတို့၊ သတင်းအတည်ပြုချက်တွေ ယူကြ၊ ဝမ်းမြောက် ကြည်နူးကြမှာပါ။ မာကုပညာရှင်တွေကလဲ Amazon, DHL တို့လိုမျိုး စိတ်ချရတဲ့ အေးဂျင့်တွေကတစ်ဆင့် ပူဇော်ပစ္စည်းတွေ ပေးပို့ပြီး ဖုန်းနဲ့ အတည်ပြုကြမှာပါ။ လူချင်းတွေ့ဖို့ ထက် တစ်ဦးကိုတစ်ဦး မထိခိုက်စေတဲ့ နည်းလမ်းတွေကို သုံးကြမှာပါ။ ရှိနေတဲ့ အခင်းအကျင်း infrastructure ကို အသုံးချပြီး တစ်ဦးကို တစ်ဦးမထိခိုက်အောင် လုပ်ကြမှာပါ။ ကနေ့ ကိုဗစ်ကြားက ခရစ်ယာန်မားကလည်း အဟန့်အတားတွေကို ကျော်လွှားနိုင်တဲ့ နည်းလမ်းတွေ၊ ဖွင့်ထားတဲ့လမ်းတွေကို လျှောက်တတ်ဖို့ ကြိုးစားရမှာ ဖြစ်ပါတယ်။ မိမိတို့ရဲ့ ရှေးရိုးစဉ်လာအမူအကျင့်တွေနဲ့ တစ်ပါးသူကို ထိခိုက်အောင် မလုပ်သင့်ပါဘူး။

နောက်ဆုံးအနေနဲ့ ကပ်ကာလကြားမှာ ခရစ်ယာန်တွေ ဘာဖြစ်လို့ လူစုလူဝေး နည်းလမ်းကို ချန်ထားသင့် သလဲ ( မရွေးချယ်သင့်တာလဲ) ဆိုရင် … ခရစ်ယာန်တွေ စုဝေးတိုင်း လက်ဆွဲနှုတ်ဆက်ကြတာ၊ ဖက်နမ်း ကြတာ၊ စားသောက်ပွဲတွေက ကပ်ပါလာပါတယ်။ အထူးသဖြင့် ဝတ်ပြုစည်းဝေးချိန်မှာ မာ့စ် တပ်ပြီး ငြိမ်ငြိမ်လေး နေကြမယ့်သူတွေ မဟုတ်ပါဘူး။ မာ့စ်ကိုချွတ်၊ သီချင်းတွေ အကျယ်ကြီး အားရပါးရ ဆိုကြ မှာပါ။ သီချင်းဆိုရမှ အားရကြတဲ့သူတွေပါ။ ကယ်ရိုတွေ လှည့်လည်ကြမှာပါ။ တစ်ချို့က သူတို့လိုအင်ကို ဦးစားပေးပြီး ဘုရားသားသမီးတွေ ရောဂါမကူးဘူးဆိုတဲ့အထိ ရဲဆေးတွေ တင်လာနိုင်ပါတယ်။ တကယ်တော့ ကိုဗစ်က ခရစ္စမတ်ကို မသိပါဘူး။ လူသားတွေအားလုံးကို သက်ညှာပေးတာမျိုး မရှိပါဘူး။ အဲ့ဒီမှာ ဆေးပညာ အရ၊ ကျန်းမာရေးဝန်ကြီးဌာနရဲ့ လမ်းညွှန်ချက်တွေအရ ၆ ပေအကွာတို့၊ မာ့စ်ကို အမြဲတပ်တာတို့ ဘယ်လိုမှ အဆင်မပြေပါဘူး။ နောက်ပြီး လူတိုင်းက မိမိဆီမှာ ကိုဗစ်-၁၉ ပိုးရှိတယ်လို့ မသိကြပါဘူး။ လူကောင်းလိုပဲ သွားလာနေပြီး တကယ်ဖျားလာတော့မှ သိကြရတာ များပါတယ်။ ဒီလိုအနေအထားမှာ တတ်နိုင်သမျှ စတေးအက်ဟုမ်းတာက တစ်ဦးအတွက် တစ်ဦးစောင့်ရှောက် ပေးတာ ပါပဲ။ ပိတ်ထားတဲ့တံခါးကို အတင်းတွန်းဖွင့်နေရင် အထိအခိုက်များပါလိမ့်မယ်။ လူစုလူဝေးခြင်း သက်သက် ကို ကျော်လွန်ပြီး ခရစ္စမတ်အနှစ်သာရပိုင်းအထိ သွားကြဖို့ဖြစ်ပါတယ်။ သွားနိုင်အောင်လဲ လမ်းပွင့်နေဆဲ ရှိပါတယ်။ ဘယ်အစိုးရကမှ ယုံကြည်ခြင်းကို မဟန့်တားပါဘူး။

ဘာသာတရားက ရောင့်ရဲခြင်း၊ ဝမ်းမြောက်ခြင်း၊ လေးမြတ်ပူဇော်ခြင်း နဲ့ မေတ္တာတရားတွေကို တန်ဖိုးထား သွန်သင်တယ်ဆိုရင် ဒီလိုကပ်ဘေးကာလမှာ ထိုအရာ တွေကို ပြန်လည်ဖော်ထုတ်ပြီး ကျင့်သုံး ဖို့ပဲလိုပါတယ်။ ကိုယ်ဖြစ်ချင်တာကိုပဲ ရှေ့တန်းတင်တတ်တဲ့ စိတ်တွေကို လျှော့ချဖို့လိုပါတယ်။ ကိုယ့်ကြောင့် သူတပါးကို မထိခိုက်စေဖို့ လိုပါတယ်။ လက်ဆွဲနှုတ်ဆက်တာမလုပ်တာ၊ မာ့စ်တပ်တာ၊ အိမ်မလည်တာ၊ လမ်းမှာတွေ့ရင် အတင်း စကားမပြောတာက မေတ္တာပြတာပါပဲ။ စကားပြောချင်ရင် လူချင်းတွေ့ဆုံတာထက်၊ ဖုန်းနဲ့ပြောလို့ ရနေပါတယ်။ ဖွင့်ထားတဲ့ တံခါးကို အသုံးချပါ။ တကယ်လိုအပ်တဲ့ သူတွေကို ပစ္စည်းတွေပေးလှူပါ။ တစ်ဦးအတွက် တစ်ဦးက ကာကွယ်ပေး၊ ကြင်နာပေးပါ။

ပျော်ပွဲစားပွဲ လူစုလူဝေးပွဲတွေရဲ့အလွန် ပိုမိုနက်နဲသော ရောင့်ရဲခြင်း၊ လေ့လာခြင်း၊ ဝမ်းမြောက်ခြင်း၊ ပေးလှူပူဇော်ခြင်း၊ တစ်ဦးကိုတစ်ဦး မထိခိုက်စေရအောင် မေတ္တာထားခြင်း စသော အနှစ်သာရ ဦးစားပေး ပုံစံနဲ့ ကပ်ဘေးကြားက ခရစ္စမတ်ကို ကျင်းပနိုင်ကြပါစေ။

ချစ်သော

ကိုဂျေ
၁၃၊ ဒီဇင်ဘာ၊ ၂၀၂၀

Leave a Reply

Your email address will not be published. Required fields are marked *