မြန်မာ့အရေး ကူညီဖို့ အမေရိကန်လွှတ်တော်အမတ် ဆွေးနွေးနေ

မြန်မာ့အရေး နဲ့ ပက်သက်ပြီး အတိုက်အခံ အင်အားစုတွေကို ဘယ်လို အကောင်းဆုံး ထောက်ပံ့ကူညီနိုင်မလဲ ဆိုတာကို ဂျိုးဘိုင်ဒင် အစိုးရနဲ့ အနီးကပ် တိုင်ပင်ဆွေးနွေးနေတယ်လို့ အရှိန်အဝါအကြီးဆုံး အမတ်တစ်ဦးဖြစ်တဲ့ အမေရိကန် အထက် လွှတ်တော်အမတ် မစ်ချ် မက်ကော်နယ်က မေလ ၂၆ ရက်နေ့က ပြောလိုက်ပါတယ်။

စစ်တပ်က အာဏာသိမ်းမှုနောက်ပိုင်း မြန်မာနိုင်ငံဟာ နိုင်ငံတကာရဲ့ အာရုံစိုက်မှုရလာပြီး၊ စိတ်ဝမ်းကွဲမှုတွေကိုပါ စုစည်းပေးနိုင်ခဲ့တယ်လို့ Heritage Foundation က ပြုလုပ်တဲ့ မြန်မာ့အရေး နိုင်ငံရေး ဆွေးနွေးပွဲမှ မစ်ချ် မက်ကော်နယ်က ပြောဆိုလိုက်ပါတယ်။

“စစ်တပ်က ကျူးလွန်တဲ့ မတရားမှုတွေကြောင့် မြန်မာနိုင်ငံက လူကြီးနဲ့ လူငယ်မျိုးဆက်တွေ အားလုံး လမ်းမပေါ်ထွက်လာပြီး ဆန္ဒပြနေကြသလိုပဲ၊ မြန်မာတိုင်းရင်းသား လူနည်းစုတွေနဲ့ လူများစု ဗမာတွေကြားမှာလည်း တစ်စိတ် တစ်ဝမ်းတည်း ဖြစ်သွားကြပါတယ်။ ကျွန်တော်တို့ အမေရိကန် နိုင်ငံမှာဆိုရင်လဲ မြန်မာနိုင်ငံအရေးဟာ သဘောထား ကွဲပြားနေတဲ့ နိုင်ငံရေး ပါတီနှစ်ခုကို ညီညွတ်မှု ရသွားစေတဲ့အတွက် တစ်စုတစ်စည်းတည်းသော တုန့်ပြန်မှုတစ်ခု ဖြစ်လာပါတယ်။ အခု ကျွန်တော်ဟာ မြန်မာနိုင်ငံအရေး နဲ့ ပက်သက်ပြီး သမ္မတ ဂျိုးဘိုင်ဒင်နဲ့ အနီးကပ် ထိတွေ့ဆက်ဆံပြီး အတိုက်အခံ အင်အားစုတွေကို အကောင်းဆုံး ဘယ်လို ကူညီထောက်ပံ့နိုင်မလဲ ဆိုတာကို ဆွေးနွေးနေပါတယ်။ အာဏာသိမ်း စစ်ခေါင်းဆောင်တွေရဲ့ ဝင်ငွေ အရင်းအမြစ်တွေကို ဖြတ်တောက်ပစ်ဖို့ ချမှတ်ထားတဲ့ ပစ်မှတ်ထား ပိတ်ဆို့အရေးယူမှုတွေ နဲ့ ပြည်ပ ပို့ကုန် တင်ပို့ခွင့် လိုင်စင် တားမြစ်ချက်တွေကို ဆက်ထားမှာ ဖြစ်ပါတယ်။ အခုလို ဂျိုးဘိုင်ဒင် အစိုးရရဲ့ မြန်ဆန်တဲ့ လုပ်ဆောင်ချက်တွေကြောင့် အားတက်မိပါတယ်။”

လက်ရှိမှာ အမေရိကန် အစိုးရအနေနဲ့ စစ်ကောင်စီနှင့် အပေါင်းပါတို့ကို အပြင်းထန်ဆုံး ပိတ်ဆို့အရေးယူ မှုတွေ ချမှတ်ထားပြီး၊ NUG နှင့်အတိုက်အခံ အင်အားစုတွေကို ဆက်လက် ကူညီနိုင်ဖို့ နည်းလမ်းရှာဖွေနေဆဲ အခြေအနေ ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *