“ဖယ်ဒရယ် ဒီမိုကရေစီ ရရှိရေး (ဒို့အရေး၊ ဒို့အရေး)”
… ဒီကြွေးကြော်သံထွက်လာရာအရပ်ကတော့ ဝမ်းတွင်းမြို့ရဲ့ ညသပိတ်တစ်ခု၊ ဖယောင်းတိုင်ကိုယ်စီနဲ့ သပိတ်တစ်ခု၊ ဗမာ ၁၀၀% ပါဝင်နေတဲ့ ညသပိတ်တစ်ခု။ မိတ်ဆွေတစ်ဦးရဲ့ ဖေ့စ်ဘုတ်လိုက်ဖ်ကို ကျွန်တော်ကြည့်နေမိတာပါ။
မြင်ကွင်းနဲ့ ကြွေးကြော်သံတွေကြောင့် စာရေးသူ ကြက်သီးတွေထ၊ တုန်လှုပ်ခံစားမိပါတယ်။ “ဖယ်ဒရယ်” ဆိုတဲ့ စကားလုံးကို လွန်ခဲ့တဲ့ ၁၉၆၀ မှာ မပြောနဲ့ဦး၊ လွန်ခဲ့တဲ့ ၂၀၂၀ အထိလည်း နိုင်ငံရေး ဆွေးနွေးပွဲတွေမှာ တစ်စွန်းတစ်စ ကြားလာရတာကလွဲရင် လူထုကြားမှာ တီးတိုးပြောသံတောင် မထွက်တတ်သေးတဲ့အနေအထားပါ။ တရားမျှတမှုနဲ့ လွတ်လပ်မှုကို ဘေးချထားပြီး
“ဖယ်ဒရယ်” ဟာ “အဆိပ်သီး”ရယ်လို့ တစ်ဘက်ပိတ် စစ်အာဏာရှင် အဆက်ဆက် ဝါဒဖြန့်ခဲ့တာပဲ မဟုတ်ပါလား။
တကယ်တော့ မြို့ပြက လူထု၊ အဲ့ဒီအထဲကမှ ဗမာလူထုထဲက အခုလို ကြွေးကြော်သံထွက်လာလိမ့်မယ်လို့ လုံးဝမျှော်လင့်မထားပါဘဲ ဆန်းဆန်းပြားပြား အိုင်ဒီယာအသစ်၊ အခင်းအကျင်းအသစ် တိုးတက်ဖြစ်ထွန်းနေတာပဲ ဖြစ်ပါတယ်။ ၂၀၂၁ စစ်တပ်အာဏာသိမ်းမှုက ဘက်ပေါင်းစုံက တံခါးပေါက်တွေကို တွန်းဖွင့်မိလေရာမှာ၊ ဗမာတိုင်းရင်းသား၊ မြို့နေလူတန်းစားတွေရဲ့ အတွေးအမြင်ကိုပါ ပြောင်းလဲပေးလိုက်တာကိုတွေ့ရပါတယ်။ နွေဦးတော်လှန်ရေးဟာ ဆယ်စုနှစ်များစွာ ပိတ်လှောင်ထားခံရတဲ့ ဦးနှောက်တွေကိုလည်း၊ တစ်ဘက်သတ် သွန်သင်ခံရတဲ့ သမိုင်းတွေကို ဘက်မျှအောင်နားလည်နိုင်ဖို့ အလင်းပေး ဆွဲဆန့်လိုက်ပြီမဟုတ်ပါလား။
ဗမာစာရေးဆရာတစ်ချို့က နည်းနည်းစောပြီး တိုင်းရင်းသားတွေကို စာနာနားလည်ကြောင်း ဖော်ပြလာကြပါတယ်။ ဖိနှိပ်ခံတွေရဲ့ဘဝကို တွေးဆတတ်လာပါတယ်။ ဖိနှိပ်ခံတို့ဘက်က ရပ်တည်ဖို့ ပျက်ကွက်ခဲ့ကြလို့၊ နောက်ကျတယ်ဆိုပေမယ့် တကယ် တောင်းပန်ပါတယ် လို့တောင် ရေးလာကြပါတယ်။ မြို့ပြမှာ သွေးအေးအေးနဲ့ ပစ်သတ်မှု၊ ကိုယ့်အိမ်မှာတောင် မလုံခြုံစွာနေရတဲ့အခိုက်အတန့်တွေက သာမန်ဆယ်စုနှစ် ၆၀ ကျော်အချိန်ထက် စာနာမှု သင်ခန်းစာ ပိုမိုကြေညက်စေပြီ မဟုတ်ပါလား။ “မလွယ်တာတွေ့ရင် ပိုခက်တဲ့ အခြားတစ်ဘက်ကိုလည်း ငဲ့ကြည့်ပါဦး …” ဆိုတဲ့ ဦးစိုင်းထီးရဲ့ သီချင်းထဲကလို ကိုယ်မလွယ်တဲ့အခါ တစ်ဘက်သားရဲ့ အခက်အခဲကို ငဲ့ကြည့်စာနာတတ်လာတဲ့ နွေဦးတော်လှန်ရေး ဖြစ်နေပါတယ်။
ဆရာဝန်၊ ကဗျာဆရာ၊ စာရေးဆရာဖြစ်သူ အိုလီဗာ ဗင်ဒဲလ်ဟုမ်းက အမြင်သစ်တစ်ခုနဲ့ တစ်ခါထိတွေ့မိတဲ့ ဦးနှောက်က ဘယ်တော့မှ နဂိုအတိုင်း ပြန်မဖြစ်တော့ဘူးလို့ ဆိုပါတယ်။ (One’s mind, once stretched by a new idea, never regains its original dimensions. – Oliver Wendell Holmes) ဆုံးရှုံးမှုတွေ အများကြီးကြားထဲက မြန်မာ့နွေဦးဟာ ညီအစ်ကို တိုင်းရင်းသားတွေရဲ့ ဦးနှောက်အလင်းတံခါးတွေကို တွန်းဖွင့်လိုက်တဲ့နွေဦး၊ လွတ်လပ်ခြင်းနဲ့ တရားမျှတခြင်းတွေကို သွန်သင်ပေးတဲ့နွေဦး၊ ဖယ်ဒရယ်ပြည်ထောင်စုဆိုတဲ့ ပိုမိုတောက်ပတဲ့ မျှော်လင့်ချက်တွေကို မွေးဖွားပေးနိုင်မယ့် နွေဦးလို့ ယုံမှတ်လိုက်ပါတယ်။ စာနာတတ်တဲ့ ညီအစ်ကိုတွေကို အာဏာရှင်တွေက တစ်လွှဲသင်ထားလို့ပဲလို့ ခံစားမိလိုက်ပါတယ်။
ဒီတစ်ခါ ချစ်သော ၀မ်းတွင်းမြို့ကဗမာညီအစ်ကိုတွေရဲ့ ညသပိတ်ကိုကြည့်ရင်း သူတို့ကြွေးကြော်သံအတိုင်း ကျွန်တော်လည်း လိုက်ပါကြွေးကြော်လိုက်ပါတယ်။
“ဖယ်ဒရယ် ဒီမိုကရေစီ ရရှိရေး (ဒို့အရေး၊ ဒို့အရေး)”
ရင်ထဲမှာ အရင်ဘယ်တုန်းနဲ့မှ မတူညီတဲ့ မျှော်လင့်ချက် နှင့် အားအင်တွေအပြည့်။