တေးရေးဆရာ ဗျာထီမိုးနာ နှင့် စကားစမြည် … (Interview with Byar Timona)

ကလေးဘဝတုန်းက ဖခင်ရဲ့ ကက်ဆက်ခွေမှာ ကိုယ်တိုင်တီးဆိုပြီး အသံသွင်းဖြစ်လို့ အရိုက်ခံရဖူးပါတယ်ဆိုလာတဲ့၊ သူ့ရဲ့အနုပညာဖန်တီးမှုကို လူတွေသိအောင် ပထမဦးဆုံးချပြပေးခဲ့တဲ့ တေးရေးဆရာအားဆီ နဲ့ အဆိုတော်လီလီမြင့်တို့ကို ကျေးဇူးတင်ပါတယ်လို့ဆိုလာတဲ့၊ လီဆူတွေကို နိုင်ငံတကာသုံး သံပုံ Staff Notes တွေကိုသင်ပေးချင်တယ်လို့ ပြောလာတဲ့ းလွမ်းလွမ်းဆွေးဆွေး လီဆူသီချင်းတွေရဲ့ ဖန်တီးရှင် … တေးရေးဆရာ ဗျာထီမိုးနာ နှင့် စကားစမြည် … (Interview with Byar Timona)
=======



(၁) နာမည် (အနုပညာနာမည်)၊ မိဘအမည်၊ အသက်၊ မွေးရပ်ဇာတိ၊ လက်ရှိနရပ် ဖော်ပြ မိတ်ဆက်ပေးပါ။ မှတ်သားစရာ ငယ်ဘဝအကြောင်းလည်း ရေးပေးပါ။ (မဖြေချင်တာ ချန်ခဲ့လို့ရပါတယ်နော်)
ကျနော့်နာမည်က ဗျာထီမိုနာ (ꓐꓬ ꓕꓲ-ꓟꓳ-ꓠ) လို့ခေါ်ပါတယ်။ တေးရေးဖြစ်သလို အမှုတော်ဆောင်ဆရာလည်းဟုတ်ပါတယ်ဗျာ့။ အခုလောလောဆယ်တော့ Music ကျောင်းတက်နေလို့ အမှုတော်ဆောင်တာဝန်မှ ကျောင်းတက်ကာလပတ်လုံး အနားယူထားပါတယ်ခင်ဗျား။
အဖေနာမည်ကတော့ ဦးဗျာယောဝိဒ် လို့ခေါ်ပြီး အမေနာမည်ကတော့ အမှုတော်ဆောင်ဆရာမဒေါ်ငွါးမဆာ လို့ခေါ်ပါတယ်။ ကျနော့်အသက်ကတော့ ၃၂ နှစ်ရှိပါပြီခင်ဗျား။ မွေးချင်းနှစ်ယောက်ထဲက အကြီးဆုံးပါ။ ကျနော့်အောက်က ညီမလေးဖြစ်ပြီး အိမ်ထောင်ကျသွားပါပြီ။ မွေးရပ်ဇာတိကတော့ လာရှိုးမြို့နယ်၊ ခါးရှိ ကျေးရွာလေးမှာပါဗျာ့။ အဖေ့ရဲ့ ဇာတိရွာပေါ့။ အဲ့ဒီနောက် အမေ့ဇာတိဖြစ်တဲ့ ဝိုင်းမော်မြို့မှာ ပြောင်းရွှေ့လာခဲ့ပါတယ်။ ကြီးပြင်းလာတာကတော့ မိုးကုတ်အနောက်ပိုင်းမှာဗျာ့။ ၉ တန်းအထိနေခဲ့ပါတယ်။ အခုတော့ ဝိုင်းမော်မြို့မှာပဲ ပြန်လည် နေထိုင်နေတာ ၁၇ နှစ်တောင်ရှိလာပြီဗျာ့။ ငယ်ဘဝအမှတ်တရကတော့ အဖေအရမ်းကြိုက်လို့ ဝယ်ထားတဲ့ ကက်စက်ခွေ (တိတ်ခွေ) တစ်ခုကို သီချင်းလျှောက်ဆိုတာ အရမ်းဝါသနာပါတော့ ကက်စက်နဲ့ ကိုယ့်ဟာကိုယ် အရမ်းကောင်းပြီထင်ပြီး သီချင်းတွေ စပ်ဆိုအသံသွင်းထည့်လိုက်တာ အဖေပြန်ရောက်တော့ ရိုက်ခံရပါလေရော 😂 ဒါပေမယ့် အနုပညာပိုးကတော့ မသေခဲ့ပါဘူးဗျာ။


(၂) အနုပညာအလုပ်ကို ဘယ်အချိန်၊ ဘယ်လိုပုံစံနဲ့ စိတ်ဝင်စားပြီး ဖန်တီးဖြစ်ခဲ့ပါသလဲ (ကိုယ့်အသက် ဘယ်နှစ်ခုနှစ်လောက်က)
အနုပညာအလုပ်ကို စိတ်ဝင်စားတာကတော့ ခုနပြောသလိုပဲ ငယ်ငယ်ကတည်းကနေဆိုပါတော့။ လက်တွေ့လုပ်ဖြစ်ခဲ့တယ်လို့ပြောရမှာကတော့၂၀၁၁ ခုနှစ် ကျနော့်အသက် ၂၂ နှစ်တုန်းက ဆရာဂျေစီခေါ်လေး( V B LU LU ) ခေါ်လုပ်တဲ့ B P d ဆိုတဲ့ လီဆူ Album တစ်ခုမှာ ကိုယ်တိုင်ရေး ကိုယ်တိုင်ဆိုထားတဲ့ ꓝꓲ ꓝꓲꓻꓳ ꓬꓲꓼ ꓡꓯ ဆိုတဲ့သီချင်းလေးကနေ စခဲ့တယ်လို့ပြောရမယ်ထင်တယ်ဗျာ့။ အဲဒီသီချင်းကို သိပ်တော့မသိကြဘူးဗျာ့။ ကျနော့်ကို ပရိသတ်တွေ သိလာတယ်လို့ပြောရမှာကတော့ အဆိုတော် လီလီမြင့် ဆိုထားတဲ့ SI JY MU GW ကနေပဲလို့ ထင်ပါတယ်။ အဲဒီသီချင်း ပရိသတ်တွေ နားဆင်လို့ရအောင် မလီလီမြင့် ဆိုဖြစ်သွားအောင်ရယ်၊ ကျနော့်ကို အနုပညာလောကမှာ ပရိသတ်တွေသိရှိလာအောင် ကူညီလမ်းပြပေးခဲ့တာကတော့ တေးရေးတေးဆို ဝါရင့်ဆရာကြီး အားစီ (A-SI) ပဲဖြစ်ပါတယ်။ ၂၀၁၄ ခုနှစ် အသင်းတော်မှာပြုလုပ်တဲ့ State Show မှာ ကျနော် အဲဒီသီချင်းရေးထားတဲ့ဟာလေး ဆရာ့ကို ပြလိုက်တော့ “အာ မဆိုးဘူး မလီလီမြင့် အခု လီဆူ Album လုပ်ဖို့ သီချင်းစုနေတယ် အဲဒီမှာသုံးဖို့ သွားပြပေးလိုက်မယ်” ဆိုပြီး ယူသွားပြီး အသံသွင်းဖြစ်အောင် ကူညီပေးခဲ့လို့ ပရိသတ်တွေ ကျနော့်ကို တေးရေးတဲ့သူအဖြစ် သိလာခဲ့တာပါဗျာ့။ တေးရေးတတ်အောင် သင်ပေးခဲ့တဲ့သူနဲ့ လမ်းပြခဲ့တဲ့သူတွေကိုလည်း အနည်းငယ်ပြောပြချင်ပါတယ်။ ကျနော့်ကို တေးရေးတတ်အောင်သင်ပေးခဲ့တဲ့သူကတော့ Rev. ဦးဇီလေး (မန်ခိန်လီဆူနှစ်ခြင်းအသင်းတော်) ဖြစ်ပြီး၊ အားပေးလမ်းပြခဲ့သူကတော့ Rev. ဦးဆယ်ဂေယု (ဒိန်ဂျာယာန်လီဆူနှစ်ခြင်းအသင်းတော်) တို့ပဲဖြစ်ပါတယ်ဗျာ။


(၃) ပရိသတ်အားပေးမှုများခဲ့တဲ့ သီချင်းတွေရယ်၊ ဘာကြောင့်လို့ထင်ပါသလဲ။
အရင်ကနေ အခုချိန်ထိ ကျနော့်သီချင်းတွေထဲက ပရိသတ်တွေ အားပေးနေတဲ့ သီချင်းတွေကို ကျနော့်အထင်နဲ့ပြောပြရမယ်ဆိုရင်တော့ ဖေါ်ပြပြီးသားဖြစ်တဲ့ (1) SI JY MU GW (Lili Myint) ရယ် (2) I Love You (Aster Rock) (3) YI. WU. M Nn NI, ( Ivy Bee ) (4) /\O LO. TY SE LO ( Ngwa Ahnyi ) (5) /\W NI, M R N XY, TY, SE: ( Nge Nge Sofea ) ဒီသီချင်းတွေပဲဖြစ်မယ်ထင်တယ်ဗျာ။ ဒီသီချင်းအားလုံးက အဆွေးနဲ့အလွမ်းတွေပဲဗျာ့။ ဒါကြောင့် ပရိသတ်တွေ အားပေးတာဖြစ်မယ်လို့ထင်ပါတယ်။ ဘာလို့လဲဆိုတော့ တော်တော်များများက အလွမ်းအဆွေးတွေကို ပိုပြီးသဘောတွေ့ကြလို့ ဖြစ်မယ်ထင်တယ်ဗျာ့။ I love you သီချင်းကလွဲရင်ပေါ့။ ဒီတစ်ပုဒ်ကတော့ မြူးတယ်ဗျာ့။ လူတွေက အမြဲတမ်းကြီးတော့ မဆွေးနေနိုင်လို့ အမြူးလည်း ပရိသတ်တွေ အားပေးတာဖြစ်မယ်လို့ ကျနော်ထင်ပါတယ်ဗျာ့😁။


(၄) လာခဲ့တဲ့ အနုပညာခရီးလမ်းမှာ ပြန်ပြီးမတွေ့ကြုံချင်တော့တဲ့ အတွေ့အကြုံမျိုးရှိဖူးလား။ (စိတ်ပျက်ဖူးတာဖြစ်ဖြစ်။ တစ်ခြားအတွေ့အကြုံဖြစ်ဖြစ်)
လာခဲ့တဲ့ အနုပညာလမ်းခရီးမှာ ပြန်ပြီးမတွေ့ကြုံချင်တော့တဲ့ အတွေ့အကြုံမျိုးကို ပြောပြရမယ်ဆိုရင်တော့ ကျနော့်ရဲ့ အနုပညာလမ်းခရီးက ခဏလေးပဲ ရှိသေးတာရယ်၊ ဝါနုသေးတာရယ်ကြောင့်လားတော့ မသိဘူးဗျာ့၊ ကျနော့်ကို တစ်ချို့တွေ သီချင်းရေးထားတာရှိလား ပြပေးပါအုံးလို့ ပြောတော့ပြောလာပြီး ကျနော်ရေးထားတဲ့သီချင်းတွေ ပြလိုက်တော့ ကြိုက်တယ်လို့လဲ မပြောဘူး မကြိုက်ဘူးလို့လဲ မပြောလာဘူး အကြောင်းပြန်မကြားပေးဘဲ ပျောက်သွားတာမျိုးရှိဖူးတယ်။ ပြီးတော့ သီချင်းတော့ ယူသွားပြီး studio မှာသွင်းတောင်သွင်းနေပြီ တေးရေးခနဲ့ ပတ်သက်ပြီး မသိသလိုနေနေတတ်တာမျိုးလည်းကြုံရတယ်။ ပြီးတော့ ရှိသေးတယ်ဗျာ့။ သီချင်းရေးခ ဘယ်လိုယူသလဲတဲ့ မေးတော့မေးလာပြီး ငါးသောင်းပဲယူပေးပါတယ်လို့ ပြောလိုက်တော့ အချင်းချင်းတွေပဲ ရော့မုန့်ဖိုး ဆိုပြီးပေးချင်သလောက်ပေးလာတာမျိုးလည်းရှိတယ်။ စိတ်ရင်းအတိုင်းပြောရရင် အနုပညာလုပ်ရှားနေသူ အချင်းချင်းပဲဗျာ Album ထုတ်လည်း ရောင်းမရ၊ အရင်းမပြန် ခက်ခဲကြတာကို စာနာပေးလို့ရသလို တေးရေးသူတွေအဖို့ သီချင်းကောင်းတစ်ပုဒ်ထွက်လာဖို့ ဘယ်လောက်ကြာပြီး ခက်ခဲတယ်ဆိုတာကိုလည်း နားလည်ပေးတတ်စေချင်ပါတယ်ဗျာ။ ကျနော်တော့ သိပ်မတော်လို့လားမသိဘူး တေးကောင်းတစ်ပုဒ်ရေးရဖို့ အချိန်တော်တော်ကြာတတ်ပါတယ်ဗျာ့။ ခုခေတ် ငါးသောင်းဆိုတာကလည်း ကလေးမုန့်ဖိုးသာသာပဲရှိတာပါဗျာ🥺။ အာ့လိုမျိုး အချင်းချင်း တန်ဖိုးမထားပေးလာတဲ့ အဖြစ်မျိုး ထပ်ပြီးမကြုံချင်ပါဘူးဗျာ့။ ဒီလိုပြောလိုက်လို့ ကျနော့်ကို ပိုက်ဆံစကားအရမ်းပြောတာပဲလို့တော့ မထင်ပေးပါနဲ့ဗျာ့။ သူ့နေရာသူ သူတန်ဖိုးနဲ့သူရှိတယ်ဆိုတာလေးကိုပဲရှင်းပြချင်တာပါဗျာ။ တေးရေးဆိုတော့ တေးရေးတွေအားလုံးရဲ့ ကိုယ်စားပြောပေးချင်တာလည်းဟုတ်ပါတယ်ဗျာ။


(၅) သီချင်းရေး/ဆို ရာမှာ ဘယ်ဘာသာ စကားနဲ့ရေးရတာ အကြိုက်ဆုံးလဲ။ (သူများနဲ့ မတူအောင်ဘယ်လိုခံစား၊ လေ့လာရေးဖွဲ့လေ့ရှိပါသလဲ)
သီချင်းရေးရာမှာ ဘယ်ဘာသာစကားနဲ့ ရေးရတာ အကြိုက်ဆုံးလဲဆိုတော့ ကျနော်က လီဆူတိုင်းရင်းသားတစ်ယောက်မို့လို့လားတော့ မသိဘူးဗျာ့ မိမိတိုင်းရင်းသား ဘာသာစကားကိုပဲ ကျွမ်းကျင်သလို မိမိဘာသာ စကားနဲ့မှ အားရပြီးကျေနပ်မှုရှိတာဗျာ့။ ရံဖန်ရံခါတော့ တစ်ခြားဘာသာစကား နဲ့လည်း ရေးဖြစ်ပါတယ်။ အရမ်းအားရတယ်လို့တော့ မခံစားရဘူးပေါ့ဗျာ့။ ဒါကြောင့် ချလည်းသိပ်မချပြခဲ့ဖူးပါဘူးဗျာ့။
သူများနဲ့မတူအောင် သီချင်းတွေကို ဘယ်လိုရေးဖွဲ့သလဲဆိုတော့ သူများနဲ့မတူအောင်ဆိုတာထက် ကျနော့်ရဲ့သီချင်းတစ်ပုဒ်နဲ့ တစ်ပုဒ် မတူအောင်တောင်မှ အရမ်းကြိုးစားယူရတယ်ဗျာ့။ ဘာလို့လဲဆိုတော့ သီချင်းတစ်ပုဒ်နဲ့တစ်ပုဒ် သီချင်းပုံစံဖြစ်ဖြစ် အကြောင်းအရာဖြစ်ဖြစ် ဆင်တူလာနေရင် ပရိသတ်တွေက ဟား တစ်ပုံစံတည်းပဲကော လို့ပြောလာတတ်တော့ ရေးတဲ့ပုံစံလေးကွဲပြားအောင် ကြိုးစားပြီးလုပ်ဆောင်နေရတယ်ဗျာ့။ အကြောင်းအရာကအစပေါ့။ တစ်ပုဒ်နဲ့တစ်ပုဒ်မတူအောင် ရှာကြံတွေးပြီး ရေးပါတယ်။ ကျနော့်ရဲ့သီချင်း တော်တော်များများက စိတ်ကူးယဉ်တာကနေ၊ ကြားရတဲ့အကြောင်းအရာကနေ၊ မြင်နေရတဲ့အကြောင်းအရာကနေ ကူးယူတည်းဖြတ် အငှါးခံစားယူပြီး ရေးဖြစ်တာများပါတယ်။တစ်ခါတလေ နိုင်ငံခြားသီချင်းတွေကနေလည်း စာသားတွေဘာသာပြန်ယူတတ်တာမျိုးလည်းရှိပါသေးတယ်။ သံစဉ်တော့မယူဖြစ်သလောက်ပါပဲ။ ပြောချင်တာကတော့ တစ်ကယ့်ကိုယ်တွေ့ဇာတ်လမ်းဇာတ်ကြောင်းနဲ့ သိပ်မရှိသလောက်ပါပဲဗျာ့😁။ ရေးဖို့အကြောင်းအရာကုန်းကြမ်းမရှိတော့ရင် သူငယ်ချင်းတွေဆီမှာလည်း ဇာတ်လမ်းတွေ လိုက်မေးပါတယ်😁။ စာဖတ်သူတွေက ဇာတ်လမ်းပြောပြမယ်ဆိုရင်လည်း လက်ခံနားထောင်ပေးပါ့မယ် 😁။


(၆) ကိုယ့်အနုပညာအလုပ်က စားရသောက်ရဖြစ်ပါရဲ့လား။ ခွေထုတ်တာ အမြတ်ရရဲ့လား။ အထူးသဖြင့် ဒီကာလ လီဆူအနုပညာရှင်တွေအတွက် အကြီးမားဆုံးအခက်အခဲတွေက ဘာတွေဖြစ်မလဲ။
ကိုယ့်ရဲ့အနုပညာအလုပ်က စားရသောက်ရဖြစ်ရဲ့လားဆိုတော့ မဖြစ်ပါဘူးခင်ဗျား။ ဝါသနာအရ မိမိလူမျိုးတွေကို မိမိရဲ့သီချင်းတွေကို နားဆင်စေချင်လို့သာ လုပ်နေရတာပါဗျာ😁။ ပိုဆိုးတာက ကျနော်က အဆိုတော်ကမဟုတ်တော့ ရှိုးဆိုဖို့ဖိတ်ခံရတာတို့လည်းမရှိတာရယ် တေးရေးခလည်း မပြောပ လောက်လေးပဲဆိုတော့ အလုပ်လည်းနားထားပြီး သကာလဆိုတော့ မိဘလုပ်စာပဲထိုင်စားနေပါတယ်ဗျာ😂။
ဒီကာလမှာ အခက်အခဲရယ်လို့မဟုတ်ပေမယ့် စိတ်မကောင်းတာလေးတော့ရှိပါတယ်။ ခေတ်ကာလကမကောင်းတော့ Album လုပ်တဲ့သူကလည်းမရှိဆိုတော့ တေးရေးထားတာတွေတောင် ငုတ်တုပ်မှိုင်နေရသလို အရင်လို သီချင်းလေးတွေ တေးသံရှင်တွေဆီကနေတစ်ဆင့် ပရိသတ်တွေဆီမရောက်တော့ စိတ်ထဲသိပ်မကောင်းမိတာလေးတစ်ခုပါပဲဗျာ။ အရင်လို ပြန်ကောင်းမယ့် နေ့တွေကို မျှော်လင့်နေပါတယ် 🥺။


(၇) အခုနေ ဖန်တီးမှုတွေ လုပ်ဖြစ်သလား။ ဘယ်လိုသီချင်းမျိုးတွေ ဖန်တီးချင်ပါသလဲ။ ဘယ်တော့လောက် အသစ်တွေကိုကို ချပြဖို့ရှိမလဲ။
အခု သီချင်းဖန်တီးမှုတွေ လုပ်ဖြစ်သလားဆိုတော့ လုပ်ဖြစ်နေပါတယ်ခင်ဗျား။ သီချင်းရေးဖြစ်လို့ သိမ်းထားတာတွေတောင် တော်တော်များများရှိနေပါပြီ။ အမှုတော်ဆောင်လည်းဟုတ်တယ်ဆိုတော့ Choir သံစုံသီချင်း တွေလည်းရေးဖြစ်ပါတယ်ခင်ဗျား။
ဘယ်လိုသီချင်းမျိုးတွေ ဖန်တီးချင်သလဲဆိုတော့ လက်တွေ့ဆန်တဲ့စာသားတွေကိုဦးစားပေးပြီး သူနဲ့လိုက်ဖက်တဲ့သံစဉ်တွေနဲ့ ရေးစပ်ချင်ပါတယ်။ နားထောင်လိုက်တာနဲ့ တန်းမြင်ရပြီးခံစားစေသလိုမျိုးလေးပေါ့။ ကြိုးလည်းကြိုးစားသွားမှာပါ။
သီချင်းအသစ်ထွက်လာဖို့ရှိလားဆိုတော့ အဆိုတော်တွေ ကျတော့်ဆီကနေ သီချင်းယူသွားတာတွေရှိတယ်ဆိုတော့ အသစ်ကြားရဖို့ထွက်လာဖို့ရှိပါတယ်လို့ပဲ ဖြေပါရစေဗျာ။ ပြီးတော့ ကျနော်လည်း ခွေတွေရောင်းရခက်မှန်းသိပေမယ့် သီချင်းတွေရေးစုမိထားတဲ့အထဲကနေ မိမိအားရမိတဲ့ သီချင်းတွေနဲ့ ဘဝမှာအမှတ်တရအနေနဲ့ ဖြစ်ဖြစ် Lisu Album လေးတစ်ခုလောက်တော့လုပ်ဖို့ တွေးထားပါတယ်ဗျာ။ လုပ်ဖြစ်လို့ထွက်လာရင်လဲ အားပေးပါအုံးဗျာ😁။


(၈) အနုပညာဆိုတာကို မိမိအမြင်နဲ့ ဘယ်လိုအဓိပ္ပါယ် ဖွင့်ဆိုချင်ပါသလဲ။
အနုညာကို မိမိအမြင်နဲ့ ဘယ်လိုအဓိပ္ပာယ်ဖွင့်ဆိုချင်သလဲဆိုတော့ အနုပညာဆိုတာက မိမိပြောပြချင်သည့် အကြောင်းအရာတစ်ခုခုကိုဖြစ်ဖြစ် ခံစားနေရတဲ့အရာတစ်ခုခုကိုဖြစ်ဖြစ် သူတစ်ပါးကိုခံစားသိရှိစေရန် ဂရုဏာပါပါ ပညာပါပါ စေသနာပါပါနှင့် ဇာတ်လမ်းအနေဖြင့်ကော သံစဉ်အနေဖြင့်ပါ ဦးနှောက်ကနေ နှလုံးသားထဲထိ ပို့ဆောင်ပေးခြင်းဟုတ်လိမ့်မယ်လို့ ကျနော်ထင်မြင်ပါတယ်ဗျာ။



(၉) သီးချင်းရေး/ဆိုအနုပညာအပြင် တစ်ခြားဘာအလုပ်တွေကို စိတ်ဝင်စားပါသလဲ။ ဘဝမှာကိုယ်ဖြစ်ချင်တာကိုပြောပါဆိုရင် ဘာတွေဖြစ်မလဲ။
သီချင်းရေးဆိုအနုပညာအပြင် တစ်ခြားဘာအလုပ်တွေကို စိတ်ဝင်စားလဲဆိုတော့ အသင်းတော်တွေမှာ ကျနော်လီဆူတိုင်းရင်းသားတွေကို နိုင်ငံတကာသုံးဖြစ်တဲ့ music staff note တွေကိုလည်း လိုက်သင်ပေးချင်ပါသေးတယ် ပြီးတော့ သာဓုသစ္စာရှိသောအမှုတော်ဆောင်ကောင်းတစ်ယောက်ဖြစ်ဖို့ပါပဲလို့ ပြောချင်ပါတယ်ဗျာ။ ဒီအရာကအမွန်မြတ်ဆုံးပဲလို့ ခံယူပါတယ်။ အဲ တစ်ခုရှိသေးတယ်ဗျာ့ သာယာတဲ့ ခရစ်ယာန်အိမ်ထောင်လည်း ထူထောင်ချင်ပြီး ယုံကြည်အားကိုးရတဲ့ အိမ်ထောင်ဦးစီးကောင်းလည်း ဖြစ်ချင်ပါသေးတယ်ဗျာ😂။ စိတ်ကူးယဉ်လေးပေါ့နော် 😂။


(၁၀) ကိုယ်ဖန်တီးတဲ့ အနုပညာတွေကို အားပေးနေတဲ့ ပရိသတ်တွေကို ဘာများ စကားပါးချင်ပါသလဲ။
ကျနော့်ရဲ့သီချင်းတွေကို သိလို့အားပေးနေတဲ့ ပရိသတ်တွေဖြစ်စေ မသိသော်ငြားလည်း အားပေးနေတဲ့ ပရိသတ်တွေဖြစ်စေ ကျနော့်သီချင်းကို ယူသုံးပေးကြသော တေးသံရှင်တွေနှင့်တကွ လမ်းပြကူညီပေးကြသော ဆရာသမားနှင့် အားလုံးအလုံးတို့ကို ကျေးဇူးအထူးအထူးတင်ပါတယ်လို့။ ကျနော်သီချင်းတွေကို တေးသံရှင်တွေယူသုံးပေးလို့သာရယ် ပရိသတ်တွေအခုလို အားပေးမှုရှိနေလို့သာရယ်ကြောင့် ကျနော့်သီချင်းတွေ ဆက်လက်ပြီး ရှင်သန်ခွင့်ရနေတာပါလို့ ၊ ရေးစပ်နေနိုင်ရတာပါလို့။ ဒါကြောင့် ဆက်လက်ပြီးလည်းအားပေးနေပါအုံးလို့ ပြောချင်သလို ၊ အခုလိုအကြပ်အတည်းကာလမှာလည်း အစစအရာရာ ဂရုစိုက်ကြပါလို့၊ အားလုံးအတွက် ဆုလည်းတောင်းပေးလျှက်ရှိပါတယ်လို့ ပြောကြားရင်း လီဆူလိုပဲ ဟွားဟွား လို့နှုတ်ဆက်လိုက်ပါတယ်။ HW HW=

Leave a Reply

Your email address will not be published. Required fields are marked *