၁၉၇၃ ခုနှစ်၊ ဆွီဒင်နိုင်ငံ၊ စတော့ဟုမ်း Stockholm မြို့က ဘဏ်တစ်ခုမှာ ဖြစ်ပွားခဲ့တဲ့ ဓားပြမှုအဖြစ်အပျက်ကနေ ထွက်လာတဲ့ စကားလုံးဖြစ်ပါတယ်။
အဲ့ဒီဘဏ်ဓားပြတိုက်မှုမှာ ဓားပြနှစ်ယောက်က လူလေးဦးကို ပြန်ပေးဆွဲခဲ့တယ်။ ပြန်ပေးဆွဲခံရတဲ့ ဓားစာခံတွေဟာ ဓားပြတွေနဲ့နေတာ ၆ ရက်ကြာသွားတော့ ဓားပြတွေကို ရွံရ မုန်းရကောင်းမှန်းမသိတော့ဘူး။ ဆန့်ကျင်ရကောင်းမှန်း မသိတော့ဘူး။ သူတို့နဲ့တစ်သားတည်းဖြစ်သွားပြီး ဓားပြတွေကို အားကိုး ယုံကြည်လက်ခံသွားကြတော့တယ်။
အစပိုင်းမှာတော့ ကြောက်ရွံ့ ဆန့်ကျင်ခဲ့ပေမယ့် နောက်ပိုင်းကျ ဓားပြတွေကို သနားပြီး ပူးပေါင်းသွားတဲ့ စိတ်ကယောင်ခြောက်ခြား ထင်ယောင်ထင်မှားဖြစ်တဲ့ အခြေအနေဖြစ်ပါတယ်။ အဖြစ်မှန်ကို မေ့လိုက်ကြပြီး၊ မတရားပြုတဲ့သူတွေကို စိတ်ပိုင်းဆိုင်တာ တွယ်တာမိတာ၊ သူတို့အနေအထားကို စာနာမိတာ၊ သူတို့ရဲ့မတရားမှုတွေမှာ ကိုယ်ကပါ ဝင်ပြီးထောက်ခံတာတွေ လုပ်မိတော့တာပါပဲ။ မှားတဲ့ဘက်မှာ ရပ်တည်မိတဲ့အထိ စိတ်ပိုင်းဆိုင်ရာ ပြောင်းလဲသွားတာကိုခေါ်ပါတယ်။
စတော့ဟုမ်းမြို့က အဖြစ်အပျက်ထဲမှာ ဓားစာခံတွေက ဘယ်လောက်အထိဆိုးဆိုးဝါးဝါးဖြစ်သွားသလဲဆိုရင် သူတို့ကို လာကယ်တဲ့ ရဲတွေကို ဓားပြတွေနဲ့ ပေါင်းပြီး ပြန်လည် တိုက်ခိုက်တဲ့အထိ ဖြစ်ခဲ့တယ်။ ရန်သူကို ကယ်တင်ရှင်လို့ မြင်ပြီး၊ ကယ်တင်သူကို ရန်သူလို့မြင်တဲ့ရောဂါလက္ခဏာဖြစ်ပါတယ်။ မြန်မာ့ရေခံမြေခံအမြင်နဲ့ အရှင်းဆုံး ဥပမာပေးရရင်တော့ စောလူးမင်း ရောဂါလက္ခဏာပဲ ဖြစ်တယ်။
မြန်မာ့နိုင်ငံရေးဖိနှိပ်မှုမှာ အားမပေးသင့်သူတွေ၊ ကျေးဇူးမတင်သင့်သူတွေကို ကျေးဇူးတင်နေမိပြီဆိုရင် ကိုယ်က စတော့ဟုမ်းရောဂါလက္ခဏာ ခံစားနေရပြီလို့ ဆိုနိုင်ပါတယ်။ ကနေ့မတ်လ ၂၄ ရက်နေ့မှာ စစ်ကောင်စီရဲ့ အဖမ်းအဆီး ခံရသူတွေ ၃၀၀ ကျော်လွတ်ပေးလိုက်ပါတယ်။ နဂိုကတည်းက ဖမ်းစရာမရှိတာကို အတင်းဖိနှိပ်ဖမ်းဆီးးတာကို ဆန့်ကျင်ရမယ့်အစား၊ လွတ်ပေးတာကို ကျေးဇူးတင်မိနေရင် …. အသက်ပေးသွားတဲ့သူတွေကို ဘယ်လိုမျက်နှာနဲ့ သတိရမလဲ …
အာဏာရှင်ဟာ တိုင်းပြည်နဲ့ လူမျိုးကို ပိုချစ်တယ်လို့ ခံစားစရာမလိုပါဘူး။ အရှိအတိုင်းပဲ လူသတ်ကောင်၊ အာဏာလုကောင်၊ အကြမ်းဖက်ကောင် အဖြစ်မြင်ဖို့လိုပါတယ်။ အာဏာရှင်ကိုတစ်ဘဝလုံး ဆန့်ကျင်သွားတဲ့ ဟံသာဝတီဦးဝင်းတင်က ” စစ်အာဏာရှင်တွေရဲ့ကျေးဇူး မူးလို့ရှူစရာတောင် မရှိဘူး”လို့ သတိပေးခဲ့ပါတယ်။
အာဏာရှင်ဟာ ပြည်သူလူထုကို ဘယ်တော့မှ သနားစာနာမှုမရှိပါ။ အာဏာရှင်စနစ် ကျဆုံးစေရမယ်။ စတော့ဟုမ်းရောဂါ ကင်းဝေးကြပါစေ။