(OPINION) ရန်ကုန်အတွက် တစ်ရက်တာ ငြိမ်းချမ်းရေးယူဆောင်ပေးလာသူ (သို့) CNN စစ်သတင်းထောက် Clarissa Ward

ရန်မကုန်သေးတဲ့ရန်ကုန်ဟာ မတ်လရဲ့ နောက်ဆုံးနေ့ရက်မှာ သေနတ်သံ တိတ်နေပါတယ်။ ဘာတွေထူးနေပါလိမ့်လို့ နီးစပ်ရာ သတင်းအချက်အလက်တွေ စုစောင်းကြည့်လိုက်ပါတယ်။

ရန်ကုန်မှာ CNN စစ်သတင်းထောက် Clarissa Ward ရောက်နေတယ်။ စစ်ကောင်စီ လက်နက်ကိုင်နှင့် အုပ်ချုပ်ရေးအဆင့်ဆင့်သို့ လျှို့ဝှက်စာတွေ ထွက်ထားတယ်။ အမေရိကန်အစိုးရက သူ့သံရုံးမိသားစုတွေကို မြန်မာပြည်က ထွက်ခွာဖို့ အမိန့်ပေးတယ်။ KNU ကရင်ဆိုင်တိုက်ခိုက်ရုံကလွဲလို့ ရွေးစရာမရှိဘူးလို့ဆိုလိုက်တယ်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ဗွီဒီယို ကွန်ဖရန်းဇင်းကနေ သူ့ရှေ့နေဒေါ်မင်းမင်းစိုးနဲ့ ၁၅ မိနစ်ကြာ တွေ့ဆုံစကား ပြောခွင့်ပေးခဲ့တယ်။ ဒါကလည်း မနက်ဖြန် ဧပြီလ ၁ ရက်နေ့မှာ ရုံးချိန်းရှိနေတာကို တစ်ရက်ကြိုတင် တွေ့ခွင့်ပေးတာဖြစ်ပါတယ်။ ဒီနေ့က အန်အဲလ်ဒီအစိုးရရဲ့ နောက်ဆုံးနေ့ရက်ဖြစ်ပါတယ်။

တစ်ခါ CRPH ရဲ့ CDM တံခါးပိတ်ဖို့ နောက်ဆုံးရက်လည်းဖြစ်ပါတယ်။ နက်ဖန် ဧပြီ (၁) မှာ အစိုးရသစ်တစ်ရပ်- CRPH ရဲ့အလိုအရ အမျိုးသားညီညွှတ်ရေးအစိုးရ ပေါ်လာမယ်လို့ သိရပါတယ်။ ဒီလိုနေ့မျိုး၊ ဒီလို စပ်ကူးမတ်ကူး အချိန်လေးမှာ ရန်ကုန်မှာ သေနတ်သံ တိတ်ဆိတ်နေခဲ့ပါတယ်။ ဒါပေမယ့် ရန်ကုန်နဲ့ဝေးရာ ပူတာအိုကအစ၊ ချင်းပြည်နယ်လို နယ်စွယ်နယ်ဖျားတွေမှာ သေနတ်သံတွေ ကြားနေရဆဲဖြစ်ပါတယ်။ ဆန္ဒပြပြည်သူတွေနဲ့ စစ်ကောင်စီ လက်နက်ကိုင်တွေ ထိတွေ့နေရဆဲ အနေအထားတွေ့ပါတယ်။

ကဲ ဒါဆိုရင် ကနေ့ရန်ကုန်မှာတွေ့ရတဲ့ ဒီငြိမ်းချမ်းရေးဟာ တကယ်စစ်မှန်ပါရဲ့လား။ ရန်ကုန်မှာ ရန်တကယ်ကုန်ပြီလား … (ခဏတာ သုံးသပ်ပါတယ်)

ရန်ကုန်ဟာ ရန်မကုန်သေးပါဘူး။ စစ်ကောင်စီဲရဲ့ ရက်စက်ကောက်ကျစ်မှုတွေ အဆုံးမသတ်သေးဘူး (လျှို့ဝှက်စာအတိုင်း ခေတ္တငြိမ်နေတာ)။ မနက်ဖြန်ကစလို့ အပြောင်းအလဲတွေ မြန်မြန်ဆန်ဆန် တွေ့ကြရဦးမယ်လို့လဲ မျှော်လင့်လိုက်ပါတယ်။

ရန်ကုန်ဟာ CNN သတင်းထောက်ယူဆောင်လာတဲ့ ခေတ္တခဏငြိမ်းချမ်းရေးကို ရနေတာပဲ၊ မုန်တိုင်းမလာခင် ခဏတာ တိတ်ဆိတ်နေတာပဲ ဆိုတဲ့ ကောက်ချက်ကိုပဲ သတိကလေးကပ်ပြီး ရလိုက်ပါတယ်။ ကျွန်တော် တူးလက်စ ဗုံးခိုကျင်းကို ဆက်တူးလိုက်ပါဦးမယ်။

Leave a Reply

Your email address will not be published. Required fields are marked *