Dr. Phyo Hein ပြောပြလာတဲ့ သူ့ဘ၀၊ သူ့အကြောင်း …

ကျွန်တော် ဆိုရှယ်မီဒီယာမှာ ပို့စ်အရှည်ကြီးတွေ အထူးသဖြင့် ကိုယ်ရေးကိုယ်တာအချက်အလက်တွေပါတဲ့ ပို့စ်တွေ ရေးလေ့ မရှိပါဘူး။ ရေးလဲ မရေးချင်ပါဘူး။ ဒါပေမယ့် ကျွန်တော်မကြာမီက ကိုယ့်ဘ၀ကိုယ် ပြန်လည်သုံးသပ်ရင်း ကျွန်တော့်ဘ၀ရဲ့ ပထမ ၂၈ နှစ်မှာ ပြီးမြောက်ခဲ့တဲ့ အရာတွေအတွက် ကျွန်တော့်ရဲ့ မိသားစု၊ ဆွေမျိုး၊ မိတ်ဆွေ၊ ဆရာသမားများ နဲ့ ကျွန်တော့်ကို အတွေ့အကြုံ အကောင်းအဆိုးများ ထဲမှ အကျိုးရှိတဲ့သင်ခန်းစာများ ရစေခဲ့သော ဘဝတစ်လျှောက်တွေ့ကြုံခဲ့ရသူများ အားလုံးကို အသိအမှတ်ပြု ကျေးဇူးတင်တဲ့အနေနဲ့ ဒီပို့စ်ကိုရေးရခြင်းဖြစ်ပါတယ်။ကျွန်တော့်ရဲ့ ပညာရေးနဲ့ အလုပ်အကိုင်အကြောင်း အရေးပါတဲ့ အချက်တွေကို အပေါ်ယံအတိုချုံး ရေးထားတာဖြစ်ပါတယ်။ မြန်မာစာရေးနေကျမဟုတ်တဲ့တွက် အမှားပါရင်လည်းသည်းခံပေးပါ။ မိတ်ဆွေတို့အတွက် အကျိုးရှိမယ့် သတင်းအချက်အလက် အတွေ့အကြုံ ကျွန်တော့်မှာရှိမယ်လို့ထင်ရင် ဆက်သွယ်မေးမြန်းဆွေးနွေးတိုင်ပင် အကြံပြုနိုင်ပါတယ်။

ကျွန်တော့်နာမည် ဖြိုးထက်ဟိန်းပါ။ မြန်မာနိုင်ငံ ရန်ကုန်တိုင်း အင်းစိန်မြို့နယ်မှာမွေးပြီး အ.လ.က(၂) အင်းစိန်မှာ မူလတန်း တက်ရောက်ခဲ့ပါတယ်။ အလယ်တန်း မပြီးဆုံးခင်မှာ အ.ထ.က(၂) ကမာရွတ် (ခေါ်) စိန့်သြဂတ်စတင်း ကိုပြောင်းပြီး အထက်တန်းပြီးဆုံးပါတယ်။ အထက်တန်းနဲ့ အထက် သင်္ချာနဲ့ရူပဗေဒအတွက် ဆရာဦးမျိုးသန့် Myo Thant နဲ့ အင်္ဂလိပ်စာအတွက် ဆရာဦးအောင်ဇော်ဟိန်းတို့က လက်ဦးဆရာတွေပါ။ တစ်ခြားကျောင်းသား/သူ အများစုနည်းတူ အစိုးရကျောင်းပြင်ပသင်တန်း (၈မိုင်လမ်းဆုံအနီးမှ ဆရာမဝင်း ကျူရှင်/ဝိုင်း) မှာတက်ရောက်ပြီး ဆယ်တန်းကို ဘာသာစုံဂုဏ်ထူး နဲ့ ၂၀၀၆ ခုနှစ်မှာအောင်မြင်ခဲ့ပါတယ်။

မိသားစုထဲမှာ ဆရာဝန် ရှိစေချင်တဲ့ အဖေ့ရဲ့ တိုက်တွန်းမှုကြောင့် တစ်ကြောင်း၊ သူငယ်ချင်း ဆွေမျိုးများရဲ့ စည်းရုံးမှုကြောင့် တစ်ကြောင်း ဆေးတက္ကသိုလ် ၁ ရန်ကုန် (သထုံလမ်း) မှာ ပထမနှစ်တက်ရောက်ခဲ့ပါတယ်။ သင်ကြားပို့ချမှု ပုံစံ၊ လူမှုအသိုင်းအဝိုင်းဆက်ဆံရေး၊ တက္ကသိုလ်ရဲ့ယဉ်ကျေးမှု၊ ဝန်ကြီးဌာနရဲ့ မူဝါဒ စတာတွေနဲ့ ကျွန်တော်.ရဲ့ကိုယ်ပိုင် အတွေးအခေါ် ယုံကြည်မှုတွေနဲ့ လုံးဝ အံမဝင်ခဲ့ပါဘူး။ ပြီးတော့ ကိုယ့်ရှေ့က ဆေးတက္ကသိုလ် တက်သွားတဲ့ စီနီယာတွေကြည့်တော့လည်း ပေါင်းစားရိုက်စား တွေရဲ့ သားသမီးမြေးမြစ်တွေ၊ မိဘပေးတဲ့လုပ်ငန်း လုပ်တဲ့သူကလုပ်၊ ဆေးကုမ္ပဏီမှာ အရောင်းလုပ်သူက လုပ်၊ အစိုးရ ဆားဗစ်/ဘွဲ့လွန် လုပ်တဲ့သူတွေကလည်း ဝါသနာပါလွန်းလို့ (သို့) မိဘရဲ့ငွေကြေးထောက်ပံ့မှု စိတ်မပူရလို့ ဆိုတဲ့ လူတွေ၊ နိုင်ငံခြား ထွက်တဲ့သူတွေကျတော့လည်း အသက်ကြီးမှ standardized tests တွေအတွက် ပြန်ပြင်ဆင်ရ၊ ထွက်ပြန်တော့လည်း သူနာပြုလိုလို ဆရာဝန်လက်ထောက်လိုလို တွေလုပ်ရ လိုင်စင်တွေရအောင် စာမေးပွဲတွေ ထပ်ဖြေနေရ တဲ့သူတွေ။ ကိုယ်က သူတို့လို မိသားစုအထောက်အပံ့ နှစ်ရှည်ရှည်နဲ့ များများရှိမယ့်လူ မဟုတ်သလို ဆေးပညာကိုလည်း အစကတည်းက အဲဒီလောက် ဒုက္ခခံ လုပ်ရလောက်အောင် ဝါသနာမပါ။ အတိုပြောရရင် မြန်မာပြည်ရဲ့ အဲဒီအချိန်က အကောင်းဆုံးလို့ ဆိုလောက်တဲ့ အဆင့်ကိုရပေမယ့် ကိုယ့်အခြေအနေအရ ကိုယ့်ဘဝရှေ့ရေးအတွက် ခိုင်မာသေချာတဲ့လမ်းကောင်းကောင်းမမြင်ရ။

ဒါနဲ့ပဲ ဆေးတက္ကသိုလ်တက်ရင်း စာအုပ်တွေဖတ် လေ့လာပြီး၊ အပြင်သင်တန်းကျောင်းလေးတွေနဲ့ အမေရိကန်စင်တာ နဲ့ ဗြိတိသျှကောင်စီ တို့မှာ အင်္ဂလိပ်စာနဲ့ နိုင်ငံတကာ တက္ကသိုလ်တွေ လျှောက်ဖို့ လိုအပ်တဲ့ စာမေးပွဲတွေအတွက် ပြင်ဆင်ခဲ့ပါတယ်။ မိတ်ဆွေ ဆွေမျိုးအသိုင်းအဝိုင်းကြားမှာလည်း အမေရိကန်လို အင်္ဂလန်လို သြစတျေးလျလို နိုင်ငံကြီးတွေမှာ ပညာရေးအတွေ့အကြုံ သတင်းအချက်အလက်မေးမြန်းရမယ့်လူမရှိတာကြောင့် ဆေးကျောင်းက အတန်းတွေ လစ်ပြီး အဲဒီအချိန်တုန်းက အလွန်နှေးကွေးတဲ့မြန်မာအင်တာနက်နှုန်းနဲ့ အင်တာနက်ဆိုင် တွေမှာ ထိုင်ရင်း ၀က်ဘ်ဆိုက်တွေ အွန်လိုင်းဖိုရမ်တွေ ကနေတစ်နေကုန် ရက်ပေါင်းများစွာ လေ့လာခဲ့ရပါတယ်။ ကိုယ်နဲ့ ရည်ရွယ်ချက်တူတဲ့သူတွေနဲ့လည်း မိတ်ဖွဲ့ဆွေးနွေးတိုင်ပင် အကြံဉာဏ်တွေ ယူခဲ့ရပါတယ်။ ထိုစဉ်က အမေရိကန်စင်တာက အမေရိကန်ပညာရေး အကြံပေးဖြစ်တဲ့ ဆရာမ Nang Hom Leik နဲ့ အခြားအမေရိကန်လူမျိုး ဆရာ/မ တွေဆီကလည်း အကျိုးရှိတဲ့ အကြံဉာဏ်တွေရရှိခဲ့ပါတယ်။

နောက်တော့ ဆေးကျောင်းတက်ရင်း နိုင်ငံခြားထွက်ဖို့ ပြင်ဆင်ချိန်မလုံလောက်တာကြောင့် ဆေးတက္ကသိုလ်ထွက်စာတင်ပြီး အမေရိကန်တက္ကသိုလ်တွေကို ပြင်ဆင်လျှောက်ထားခဲ့ပါတယ်။ ကျောင်းပေါင်း ၃၀ လောက်ကိုလျှောက်ခဲ့ပါတယ်။ နာမည်ကြီး အိုင်ဗီ လိဂ် ကျောင်းများနဲ့ ဈေးအလွန်ကြီးသော တက္ကသိုလ်တွေကို ဦးစားပေးပြီး မလျှောက်ခဲ့ပါဘူး။ ၁၀၀%ပညာသင်ဆုရဖို့ ခက်ခဲတဲ့အပြင် အနည်းနဲ့ အများ ရရှိခဲ့ရင်လည်း မိသားစုဘက်က စိုက်ရမယ့် ပမာဏ ကို တွက်ကြည့်တော့မနည်းပါဘူး။ မိသားစုက စိုက်နိုင်ခဲ့မယ်ဆိုရင်တောင် ဘယ်နှနှစ် စိုက်ပေးနိုင်မလဲ ဆိုတာ မသေချာပါဘူး။ မိသားစုအနေနဲ့ကလည်း ငွေကြေးပိုလျှံတဲ့အနေအထားမှာမရှိ၊ အများကြီးလည်း မစွန့်စားရဲတာကြောင့် ကျွန်တော့်ရဲ့ အထက်တန်းရလဒ်များ၊ အင်္ဂလိပ်စာနဲ့ ဝင်ခွင့်စာမေးပွဲ ရလဒ်များ၊ လူမှုရေး လှုပ်ရှားမှုများ၊ နဲ့ အခြားသော ဆရာ/မများရဲ့ ထောက်ခံစာများကို သဘောကျပြီး ပညာသင်ဆုပေးတဲ့ အင်ဂျင်နီယာပညာရပ် ပရိုဂရမ် ကောင်းတွေရှိတဲ့ ကျောင်း ၄-၅ ကျောင်းလောက်မှာဝင်ခွင့်ရရှိခဲ့ပါတယ်။ ထိုအထဲကမှ ပညာသင်ဆုအများဆုံး ပေးပြီး စက်မှုနဲ့ လေကြောင်း အင်ဂျင်နီယာ ဘာသာရပ် မှာ ပရိုဂရမ်ကောင်းကောင်းရှိတဲ့၊ ရန်ကုန်နဲ့လည်း ရာသီဥတုအနေအထား သိပ်မကွာတဲ့နေရာမှာရှိတဲ့၊ နာဆာ(NASA) နဲ့ အခြားနာမည်ကြီး စက်မှုနဲ့လေကြောင်းကုမ္ပဏီတွေနဲ့လည်းနီးတဲ့ Florida Institute of Technology ကိုရွေးချယ်ပြီး အသက် ၁၉ နှစ်မှာ ဆွေမျိုးမိတ်ဆွေအသိတစ်ယောက်မှ မရှိတဲ့ အမေရိကန်နိုင်ငံ ဖလော်ရီဒါပြည်နယ်ကို သွားရောက်ပြီး တက္ကသိုလ် စတက်ခဲ့ပါတယ်။

အင်ဂျင်နီယာပညာရပ်ကို တစ်ခြား နိုင်ငံတွေက လူငယ်တွေလို စိတ်ဝင်စားလွန်းလို့ရွေးခဲ့တာတော့ မဟုတ်ပါဘူး။ ကိုယ့်ဟာကိုယ်လည်း ဘာစိတ်ဝင်စားလည်း သေချာ မသိခဲ့ပါဘူး။ မြန်မာ့နိုင်ငံပညာရေးကလည်း အားလုံးသိတဲ့အတိုင်း အင်ဂျင်နီယာပညာအခြေခံ မပြောနဲ့ သင်ရိုးထဲက သိပ္ပံအခြေခံကိုတောင် လက်တွေ့မပါပဲ အလွတ်ကျက်ခဲ့ရတာပါ။ ဒါဟာလည်း စစ်အုပ်ချုပ်ရေး အောက်မှာကြီးပြင်းလာရတဲ့ ကျွန်တော်တို့လို လူလတ်တန်းစားနဲ့အောက် လူငယ်အများစု (ပုဂ္ဂလိကကျောင်းတွေ နိုင်ငံတကာ ကျောင်း တွေ မတတ်နိုင်တဲ့လူတွေ) အတွက်မထူးဆန်းတဲ့အရာပါ။ အင်ဂျင်နီယာဘွဲ့ရရင် အလုပ်အကိုင်အခွင့်အလမ်း ပေါများတာက တစ်ကြောင်း၊ အမေရိကန်နိုင်ငံရဲ့လူ၀င်မှုကြီးကြပ်ရေးမူဝါဒအရ သိပ္ပံနဲ့နည်းပညာ ဘာသာရပ်နဲ့ ဘွဲ့ရမှသာ ကျောင်း ပြီးရင် ၂ နှစ် ၃နှစ်လောက် အလုပ်သင် အနေ နဲ့ အလုပ်လုပ်ပြီး အမြဲတမ်းနေထိုင်ခွင့် နဲ့ နိုင်ငံသားခံယူခွင့် အတွက် လမ်းပွင့်တာကြောင့် တစ်ကြောင်း၊ ဆေးပညာ/ဥပဒေပညာတွေ ရွေးမိရင် အချိန်နဲ့ပိုက်ဆံပိုကုန်နိုင်တာကတစ်ကြောင်း စတာတွေပေါ်မူတည်ပြီး အင်ဂျင်နီယာဘာသာရပ်ကိုရွေးခဲ့တာပါ။ အင်ဂျင်နီယာ ဘာသာတွေထဲမှာ မှ အလုပ်ရရှိဖို့ အခွင့်အလမ်းလည်းများပြီး နယ်ပယ်မျိုးစုံ ကလိုအပ်တဲ့ စက်မှုအင်ဂျင်နီယာဘာသာရပ်ကို ရေရှည်အတွက် ကြိုစဉ်းစားပြီး ရွေးခဲ့ပါတယ်။ ပညာသင်ဆု ၇၅-၈၀% ခန့် ရခဲ့ပေမယ့် ကျန် ၂၀-၂၅% ထောက်ပံ့နေတဲ့ အဖေရဲ့ အလုပ်သဘာဝနဲ့ အသက်အရွယ် ကိုစိုးရိမ်ပူပန်ရတာကြောင့် ထမင်းစားလတ်မှတ်မြန်မြန်ရအောင် သူများ တွေ ၄-၅နှစ် တက်ရတဲ့ ပရိုဂရမ်ကို အတန်း အပိုတွေ ယူနိုင်သမျှ ယူပြီး ၃ နှစ်နဲ့ အပြီး အမှတ်တွေတောင် ဂရုမစိုက်နိုင်ပဲ Bachelor ဘွဲ့ရအောင်ယူခဲ့ပါတယ်။ ကံကောင်း ထောက်မစွာနဲ့ Bachelor ဘွဲ့ကို ဂုဏ်ထူးတန်းနဲ့ အောင်မြင်ခဲ့ပါတယ်။

အစကတော့ သိပ်ဝါသနာမပါခဲ့ပေမယ့် အင်ဂျင်နီယာပညာရပ်ရဲ့ သင်္ချာ၊သိပ္ပံ၊ နဲ့ ကွန်ပြူတာပညာရပ်တွေ အသုံးပြုပြီး စက်ပစ္စည်း တွေ ထုတ်လုပ်တီထွင် ပြင်ဆင် တိုးတက်အောင်လုပ်ရတဲ့ ပြဿနာဖြေရှင်းမှု အရည်အချင်း တွေဟာ အခြား နယ်ပယ်စုံမှာပါ အသုံးချလို့ရတာကိုနားလည်သဘောပေါက်ပြီး ဝါသနာပါလာခဲ့ပါတယ်။ နောက်ဆုံး Semester မှာ ကျောင်း ပြီးရင် အလုပ်လုပ်ရမလား Master’s ဆက်တက်ရမလား မသိလို့ ကျောင်းက ပရော်ဖက်ဆာတွေ နဲ့ အကြံဉာဏ်ပေးနိုင်မယ့်သူအချို့ ကိုလိုက်လံမေးမြန်းနေတုန်း ကျွန်တော်ရဲ့ အရည်အချင်းကို သတိထားမိတဲ့ ပရော်ဖက်ဆာတစ်ယောက်က သူ့ လက်အောက်မှာ သုတေသန အလုပ်လုပ်ပေးရင် Master’s အတွက် ပညာသင်ဆုထောက်ပံ့ပေးပြီး အငယ်တန်းတွေကို စာပြန်သင်ပေးရင် နေ/စားစရိတ် လခ ပါရအောင် လုပ်ပေးမယ်လို့ ကမ်းလှမ်းလာပါတယ်။ အလကားနီးပါးနဲ့ Master’s ဘွဲ့ရမယ်.အခွင့်အရေး ဖြစ်တဲ့အပြင်၊ သုတေသနကလည်း ကိုယ်စိတ်ဝင်စားတဲ့ နယ်ပယ် ဖြစ်တာကြောင့် လက်ခံခဲ့ပါတယ်။ Master’s ဘွဲ.ကိုနောက် ၂ နှစ်အကြာမှာ အတန်းတွေ ပြီးဆုံးပြီး Thesis ရေးသား အောင်မြင်ပြီးနောက် ရရှိခဲ့ပါတယ်။ အဲဒီအချိန်မှာဘဲ ကျွန်တော်၊ ကျွန်တော့်ပရော်ဖက်ဆာ နဲ့ သူ့ရဲ့ ပရော်ဖက်ဆာ တို့ ပူးပေါင်း လျှောက်ထားတဲ့ သုတေသန ပရောဂျက် ကို အမေရိကန်နိုင်ငံ သိပ္ပံ ဖောင်ဒေးရှင်း (National Science Foundation) က ဒေါ်လာ သုံးသိန်းလောက်ရှိတဲ့ ဂရန့် ချပေးပါတယ်။ ထို ဂရန့်ကိုသုံးပြီး ကျွန်တော့်ကိုPhD ဆက်လုပ်ဖို့ ကျွန်တော့် ပရော်ဖက်ဆာ က ပြောပါတယ်။ ကိုယ့်အိတ် ထဲက ပိုက်ဆံမစိုက်ရဘဲ လုပ်အားပဲပေးပြီး ရမှာဖြစ်တာကြောင့် ဆက်လုပ်ဖြစ်ခဲ့ပါတယ်။

၂၀၁၈ ခုနှစ်မှာ Comprehensive Exams တွေနဲ့ Dissertation Defense အောင်မြင်ပြီး စက်မှုအင်ဂျင်နီယာဘာသာရပ်နဲ့ Doctor Of Philosophy ဘွဲ့ကို ကျွန်တော့်အသက် ၂၈ နှစ်မှာ ရရှိခဲ့ပါတယ်။ ကျွန်တော့် ပညာသင်ဆုနဲ့ လုပ်အား စုစုပေါင်း ဒေါ်လာ ၂၅၀,၀၀၀ ကျော် နဲ့ အဖေရဲ့ ထောက်ပံမှုတွေနဲ့ ပေါင်းစည်း ပြီး ၈ နှစ်အတွင်း ဘွဲ့ ၃ ဘွဲ့ ရရှိခဲ့ပါတယ်။ကျောင်းပြီးတဲ့နောက် အချိန်ပြည့် အလုပ်ရှာပါတယ်။ စက်မှုပညာရပ်နဲ့ ဘွဲ့ရပေမယ့် သုတေသနက Artificial Intelligence နဲ့ Machine Learning ကို စက်မှုပညာရပ် မှာအသုံးပြုတဲ့နယ်ပယ် ဖြစ်တာကြောင့် Mechanical Engineer အလုပ်တွေရော Machine Learning Engineer/Data Scientist အလုပ်တွေပါ မှတ်မိသလောက် တစ်နေ့ကို အလုပ် ၅၀-၇၀ ကြား လျှောက်ပါတယ်။ မရေတွက်နိုင်တဲ့ အင်တာဗျူး တွေ နောက်မှာတော့ တစ်လလောက်အကြာမှာ ဖလော်ရီဒါတောင်ပိုင်း လက်ရှိ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ဂေါက်ကွင်း တစ်ကွင်းရှိတဲ့ West Palm Beach ဆိုတဲ့ မြို့မှာ ရှိတဲ့ ဖလော်ရီဒါ စွမ်းအင်နဲ့လျှပ်စစ်ကုမ္ပဏီ မှာ Data Scientist အနေနဲ့အချိန်ပြည့် အလုပ်ရရှိခဲ့ပါတယ်။ ကုမ္ပဏီကတော့ revenue အရ Fortune 167 မှာရှိပြီး တစ် ကမ္ဘာလုံးမှာ လေနှင့် နေစွမ်းအင်ထုတ်လုပ်မှု ပမာဏတွင် အများဆုံးဖြစ်ပြီး အမေရိကန်နိုင်ငံမှာ လျှပ်စစ်ထုတ်လုပ်မှု ပမာဏ တတိယအများဆုံး ဖြစ်ပါတယ်။ Market capitalization အရ အကြီးဆုံးစွမ်းအင်နည်းပညာကုမ္ပဏီလည်း ဖြစ်ပါတယ်။

လက်ရှိ ဒီအလုပ်မှာ အချိန်ပြည့်လုပ်ရင်း အနီးနားက တက္ကသိုလ်တွေမှာအင်ဂျင်နီယာ ဘာသာရပ်တွေကို တွဲဖက်ပါမောက္ခ အနေနဲ့ သင်ကြားပေးနေပါတယ်။အချိန်အပိုမရှိပေမယ့်လည်း အလုပ်ပြင်ပ ကိုယ်ပိုင်အချိန်ထဲက ဖဲ့ပြီး ကျောင်းမပြီးခင်ကတည်းက စိတ်တူကိုယ်တူ မိတ်ဆွေ တစ်ချို့ နဲ့ ပူးပေါင်းတည်ထောင်ထားတဲ့ STEMiNO Online Consulting Group ကိုဦးဆောင်ပြီး မြန်မာနိုင်ငံနဲ့ ကမ္ဘာတ၀န်းက ကျောင်းသားကျောင်းသူတွေ အထူးသဖြင့် သိပ္ပံ၊နည်းပညာ၊ နဲ့ အင်ဂျင်နီယာ ဘာသာရပ်တွေကို သင်ယူပြီး အသက်မွေးလိုသူတွေ ကို ပညာရေးနဲ့ အလုပ်အကိုင် ဆိုင်ရာ အကြံဉာဏ်များ ပေးနေပါတယ်။ အသေးစားနဲ့ အလတ်စား လုပ်ငန်းရှင်တွေအတွက်လည်း နည်းပညာအကြံပေး၀န်ဆောင်မှုများ ပေးနေပါတယ်။ ရည်ရွယ်ချက်တွေကတော့ နောက်မျိုးဆက်တွေကို ကျွန်တော်တို့လိုသတင်းအချက်အလက် မငတ်မွတ်အောင်၊ ကျွန်တော်တို့ ပင်ပန်းခဲ့သလို မပင်ပန်းအောင်၊ ကျွန်တော်တို့လုပ်ခဲ့တဲ့ အမှားမျိုးတွေ မလုပ်မိပဲ အချိန်မကုန်အောင်၊ မသိနားမလည်တဲ့ မိဘတွေနဲ့ ကလေးတွေကို တမင်တကာ လှည့်စား၍သော်လည်းကောင်း၊ ချိတ်ဆက်ထားတဲ့ ကျောင်းတွေ (အစစ်ရော အတုရော) ကို ကျောင်းသားပို့ပြီးပိုက်ဆံရရင် ပြီး ရောသော်လည်းကောင်း လုပ်စားနေတဲ့ လူ/အဖွဲ့ တွေ ရန်က ကင်းဝေးအောင် စတာတွေဖြစ်ပါတယ်။ လက်ရှိမှာတော့ Digital Content အများစုကို ပညာဒါနအခမဲ့ ဝေမျှပေးနေပြီးတော့ In-Person Consulting ကိုတော့ Opportunity Cost & Operation Cost အရ အခကြေးငွေယူပြီး အကြံဉာဏ်ပေးနေပါတယ်။

နောင်လည်း ရည်ရွယ်ချက်တူတဲ့ အဖွဲ့အစည်းတွေနဲ့ ပူပေါင်း လုပ်ဖို့ အစီအစဉ်တွေရှိပါတယ်။ လုပ်ငန်းရှင်တွေ အတွက်လည်း နည်းပညာဆိုင်ရာ စီးပွားရေးဆုံးဖြတ်ချက်တွေအတွက် Expert Advice တွေရရှိစေဖို့ ရည်ရွယ်ပါတယ်။ STEMiNO ရဲ့ အကြောင်း တွေ ပိုသိချင်ရင်တော့ အောက်ပါလင့်ခ်တွေမှာ ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။ စိတ်ဝင်စားရင် ကျွန်တော့်ရဲ့ကိုယ်ပိုင် ဘလော့ဂ်ကိုလည်း ဝင်ကြည့်နိုင်ပါတယ်။

Website : www.stemino.techပညာရေးနှင့် အလုပ်အကိုင်ဝန်ဆောင်မှုများအတွက်: bit.ly/STEMiNOEducareerနည်းပညာ ဝန်ဆောင်မှုများအတွက်: bit.ly/STEMiNOEngineeringFacebook: Stemino Education & TechnologyInstagram: www.instagram.com/steminoedutechYoutube: bit.ly/STEMiNOchannelPersonal website: www.phyohhein.me

ဒီလောက်ဆိုရင်တော့ ဖေ.စ်ဘွတ်ခ် မှာရှိတဲ့ မိတ်ဆွေဟောင်း မိတ်ဆွေသစ်တွေ ကျွန်တော့်ရဲ့ ပညာရေးနဲ့ အလုပ်အကိုင်အကြောင်း ကိုသိသင့်သလောက် သိပြီထင်ပါတယ်။ မိတ်ဆွေတို့ကိုယ်တိုင် အတွက်ပဲဖြစ်ဖြစ် မိတ်ဆွေတို့ရဲ့ မိတ်ဆွေတွေအတွက်ပဲဖြစ်ဖြစ် အကျိုးရှိမယ့် သတင်းအချက်အလက် အတွေ့အကြုံ ကျွန်တော့်မှာရှိမယ်လို့ထင်ရင် အပေါ်မှာပြောခဲ့သလိုပဲ ဆက်သွယ်မေးမြန်းဆွေးနွေးတိုင်ပင် အကြံပြုနိုင်ပါတယ်။ လက်ရှိအချိန်မှာတော့ ဒီလိုနည်းနဲ့ပဲ ပြန်လည်ဝေမျှအကျိုးပြုနိုင်သေးလို့ပါ။ ဒီထက်ပိုပြီး အကျိုးပြုနိုင်အောင် ဆက်လက် ကြိုးစားပါဦးမယ်။

(မြန်မာလူငယ်လေးတွေ မြင်စေ၊ တတ်စေချင်တဲ့ စေတနာရယ်၊ Dr. Phyo Hein ၏ခွင့်ပြုချက်ရယ်နဲ့ ဒီမှာဖော်ပြပါတယ်။)

Leave a Reply

Your email address will not be published. Required fields are marked *