မြန်မာကျောင်းသား/သူ လူငယ်များအတွက် စဉ်းစားမိသမျှ (၁)

မြန်မာပြည်မှာကြီးပြင်းပြီး နိုင်ငံရပ်ခြားမှာပညာသင်ယူ အလုပ်လုပ်ကိုင်နေသူတစ်ဦးအနေနဲ့ ကျွန်တော့ရဲ့အတွေ့အကြုံများအရ မြန်မာကျောင်းသား/သူ လူငယ်များတိုးတက်အောင်မြင်လိုရင် စတင်လုပ်သင့်တဲ့၊ ပြုပြင်ပြောင်းလဲသင့်တဲ့ အချက်အချို့ကိုရေးသား ရှင်းပြထားတာဖြစ်ပါတယ်။အကျိုးရှိမယ်လို့ မျှော်လင့်ပါတယ်။

(၁) အခြေခံပညာအဆင့်ကို အလေးထားပါ။

အချို့သော မိသားစုအဖေအမေတွေနဲ့ ကျောင်းသား/သူများဟာ အခြေခံပညာအဆင့်ကို အထင်မကြီး အလေးမထားတာကို တွေ့ရပါတယ်။ ၁၀ တန်း (သို့) အခြေခံပညာ ဘာလုပ်မှာလဲ …အောင်ရင် ပြီးရော …ပြီးမှ နိုင်ငံခြားသွား ကျောင်း တက်မယ်… ဟိုနိုင်ငံ ပို့မယ် ဒီနိုင်ငံပို့မယ် … စသည်ဖြင့် ပြောဆိုကြတာကို ကြားဖူးကြလိမ့်မယ်ထင်ပါတယ်။ အခြေခံပညာအဆင့်ကို နိုင်ငံတကာ စံနှုန်းနဲ့ စနစ်တကျ သေချာသင်ကြားတဲ့ ပုဂ္ဂလိကကျောင်းတွေမှာ မိမိကလေးတွေကိုထားနိုင်တဲ့ မိသားစုတွေနဲ့ ထိုကျောင်းတွေမှာလဲ စွမ်းဆောင်ရည်ရှိတဲ့ ကျောင်းသား/သူတွေ အတွက် ကတော့ အဲဒီလိုစကားမျိုး ပြောတာ ဘာမှမဖြစ်သလို ရှိပေမယ့် ဘယ်ကျောင်းမှာတက်တက် ပျမ်းမျှနဲ့အောက် စွမ်းဆောင်ရည် ပဲ ရှိတဲ့ကျောင်းသား/သူတွေ နဲ့ သူတို့ရဲ့မိဘတွေကိုယ်တိုင်ကလဲ ဒီလို အတွေးအခေါ်မျိုးရှိနေရင်တော့ အလွန်အန္တရာယ်များပါတယ်။ ဘိုးဘွားမိသားစု လက်ဆင့်ကမ်းလုပ်ငန်းတွေနဲ့ စားနိုင်သောက်နိုင်တဲ့အဆင့် မှာရှိသော်လည်း ပညာရေးမှာမပေါက်မြောက်တဲ့၊ ပညာနဲ့အသက်မွေးဝမ်းကြောင်းဖို့ အစီအစဉ်မရှိတဲ့ မိသားစုအသိုင်းအဝိုင်းက လူတွေကြားမှာ အဲဒီလိုမျိုး စကား/အတွေးအခေါ်တွေ ပိုမိုကြားရပါတယ်။ အမှန်တော့ ဘယ်နိုင်ငံမှာပဲ ကြည့်ကြည့် လူမျိုးဘာသာနဲ့လူမှုဘ၀ယဉ်ကျေးမှုတွေပေါ်မူတည်ပြီး သူတို့ရဲ့ အခြေခံပညာ စံနှုန်းတွေကို နှစ်ရှည် များစွာ စမ်းသပ်ပြီး ဒီဇိုင်းဆွဲထားတာဖြစ်ပါတယ်။ ပထမအချက်အနေနဲ့ အခြေခံ ဝိဇ္ဇာသိပ္ပံနဲ့ လောကနီတိ ပညာတွေဟာ ကလေးတစ်ယောက်အရွယ်ရောက်လာရင် သူ့ရဲ့ လူမှုအသိုင်းအပိုင်းမှာ အံ့ဝင်ကျပြီး အမှား/အမှန်ကို ကိုယ်ပိုင် အတွေးအခေါ်နဲ့ အတိုင်းအတာတစ်ခုအထိ စဉ်းစားဆင်ခြင်နိုင်တဲ့ လူသားတစ်ဦး Functional Human Being ဖြစ်အောင် ဘောင်စနစ်တစ်ခုအတွင်းကနေပြီး လေ့ကျင့်သင်ကြားပေးတာဖြစ်ပါတယ်။ ထိုပညာတွေကို အလေးမထား မသင်ယူရင် ဘယ်နိုင်ငံ ဘယ်အရပ်မှာပဲဖြစ်ဖြစ် လူ့လောကမှာ အံဝင်လှုပ်ရှား အသက်ရှင်ရပ်တည်နိုင်တဲ့ လူဖြစ်လာဖို့ခက်ခဲပါလိမ့်မယ်။ ဒုတိယအချက်ကတော့ နည်းစနစ်ကျစွာ အလုပ်လုပ်တတ်တဲ့ အလေ့အကျင့်ပါ။ ကကြီးခခွေးABCD…အပေါင်းအနှုတ်အမြှောက်အစား က အစ အခြေခံ သိပ္ပံ ဝိဇ္ဇာနဲ့ စာမေးပွဲတွေဟာ အခြေခံပညာအဆင့် ကျောင်းသား/သူတွေကို အိုင်းစတိုင်းလို နယူတန် လို ဖြစ်အောင် အဒမ်စမစ်လို ကားလ်မာ့ခ်စ်လို ဖြစ်အောင် လုပ်ပေးနေတာမဟုတ်ပါဘူး။ အခြေခံတွေကို လေ့လာသင်ယူ ဝေဖန်ပိုင်းခြားပြီး စနစ်တကျ အလုပ်လုပ်တတ်အောင် သင်ကြားလေ့ကျင့်ပေးတာဖြစ်ပါတယ်။ ယနေ့ခေတ်တိုင် ဖွံ့ဖြိုးပြီးနိုင်ငံတွေ Progressive ဖြစ်လှပါတယ်ဆိုတဲ့ နိုင်ငံတွေမှာတောင် အခြေခံပညာအဆင့် ပြီးဆုံးခြင်းဟာ အလုပ်လုပ်ဖို့နဲ့ အဆင့်မြင့်ပညာတွေ ဆက်လက်သင်ကြားဖို့ လိုအပ်ချက်တစ်ခုဖြစ်ပါတယ်။ ထူးချွန်အောင်မြင်စွာ ပြီးဆုံးရင်တော့ တက္ကသိုလ်ပညာရေးအဆင့်အတွက် ရွေးချယ်စရာလမ်း ပိုများပါတယ်။ မြန်မာနိုင်ငံရဲ့လက်ရှိအနေအထားအရ အခြေခံပညာအဆင့်ရဲ့ အရည်အသွေးနဲ့ အရည်အသွေးကွပ်ကဲမှုကို သဘောထားကွဲလွဲမှုတွေ ရှိနိုင်တာကို လက်ခံပါတယ်။ ဒါပေမယ့် ယေဘုယျအားဖြင့် အခြေခံပညာကိုတောင် အလေးထားရကောင်းမှန်းမသိ မသင်ယူမတတ်မြောက် မကျွမ်းကျင်ပဲ ကြီးကြီးကျယ်ကျယ်တွေ လျှောက်ပြောလေ့ရှိတဲ့ အကျင့်နဲ့ အတွေးအခေါ်တွေကို မိသားစုတွေရော ကျောင်းသား/သူတွေကိုယ်တိုင် ပထမဦးစွာ ပြောင်းလဲသင့်ပါတယ်။

(၂) စာအုပ်စာပေဖတ်ပါ/ဗဟုသုတရှာဖွေနိုင်စွမ်းအား ကောင်းအောင်လုပ်ပါ။

ကျွန်တော့်ရဲ့အတွေ့အကြုံအရ နှစ်ပေါင်းများစွာရိုက်ချိုးခံခဲ့ရတဲ့ ပညာရေးစနစ်အောက်မှာ ကြီးပြင်းလာတဲ့ လူအများအပြားနဲ့ သူတို့ရဲ့ နောက်မျိုးဆက် သားသမီးတွေဟာ စာအုပ်စာပေဖတ်ရှုလေ့လာပြီး ကျောင်းစာပြင်ပဗဟုသုတ ရှာဖွေမှု အားနည်းပါတယ်။ ကမ္ဘာအနှံ့က လူတွေရဲ့အတွေ့အကြုံတွေ ယဉ်ကျေးမှုတွေ အတွေးအခေါ်တွေ အယူဝါဒတွေ ဝိဇ္ဇာသိပ္ပံပညာရပ်တွေ ကို လူကိုယ်တိုင်သွားကြည့်စရာ စကားသွားပြောစရာ အချိန်ကုန်ခံစရာ မလိုပဲ စာအုပ်စာပေတွေက နေ လေ့လာသင်ယူလို့ရပါတယ်။ ဒီနေ့ခေတ်မှာဆို digitalization ကြောင့်ရော အင်တာနက် ကျယ်ကျယ်ပြန့်ပြန်. သုံးလို့ရတဲ့အတွက်ကြောင့်ရော ပိုတောင်မြန်ပါသေးတယ်။ ထိုအရာတွေရဲ့ သင်ခန်းစာများ၊ အားနည်း/သာချက်များ၊ အသုံးကျ/မကျမှုများ၊ သတင်းအချက်အလက်များထဲမှ မိမိနဲ့ မိမိပတ်ဝန်းကျင်အတွက် အကျိုးရှိမယ့် အရာတွေကို ဆွဲယူအသုံးချနိုင်ဖို့ စုတုပြုနိုင်ဖို့ စာများများဖတ်ဖို့ လိုပါတယ်။ ဒါကတော့ မိဘတွေနဲ့ လူအများစုအတွက် ယေဘုယျ ပြောတာပါ။ ကျောင်းသား/သူတွေအနေနဲ့ စာများများဖတ်ခြင်းကနေရနိုင်တဲ့ လက်ငင်း အကျိုးဆက်တွေကတော့ မြန်မာစာ၊ အင်္ဂလိပ်စာနဲ့ နိုင်ငံတကာတက္ကသိုလ်ဝင်ခွင့် စာစီစာကုံးတွေ အတွက် စိတ်ကူးဉာဏ် ကွန့်မြူးရေးသားဖို့ ဗဟုသုတအကြံဉာဏ်များရမယ့်အပြင် ရေရှည်အတွက် မိမိဘ၀မှာ ဘယ်လိုအလုပ်အကိုင်လုပ်မယ်၊ ဘယ်လိုတီထွင်ဆန်းသစ်မှုတွေလုပ်မယ်၊ ဘယ်လိုဘာသာရပ်တွေအရည်အချင်းတွေ လေ့လာသင်ယူမယ်၊ ဘယ်ဘာသာကိုကိုးကွယ်မယ်၊ ဘယ်နိုင်ငံရေးစနစ်အောက်မှာနေထိုင်မယ်၊ ဘယ်လိုမိသားစုကို တည်ဆောက်မယ်၊ နောက် မျိုးဆက်ကိုဘယ်လို ပြုစုပျိုးထောင်မယ်၊ မိမိပတ်ဝန်းကျင်ကို ဘယ်လိုအကျိုးပြုမယ် စတာတွေကို ကြိုတင်စဉ်းစားပြီးပြင်ဆင်မှုတွေ ပြုလုပ်နိုင်မှာဖြစ်ပါတယ်။ ကျွန်တော့်ကို တက္ကသိုလ်ပညာရေးအတွက် ဘယ်ကျောင်းတက်ရမလဲ ဘယ်ဘာသာရပ်တတ်ရမလဲ ဘယ်နိုင်ငံ သွားရမလဲ စတဲ့ အကြံတွေလာတောင်းတဲ့ မိဘနဲ့ ကျောင်းသားတွေအတွက် ကျွန်တော်ပေးတဲ့ ပထမဆုံးအကြံကတော့ “စာများများဖတ်ပါ” ပါပဲ။ ကမ္ဘာပေါ်က ရာချီတဲ့နိုင်ငံတွေနဲ့ဘာသာရပ်တွေ၊ ထောင်သောင်းချီတဲ့ တက္ကသိုလ်တွေထဲကမှ ဘယ်ဟာရွေးရမလဲဆိုတဲ့ ဘ၀အတွက် အင်မတန်အရေးကြီးတဲ့ ဆုံးဖြတ်ချက်ကို ကျွန်တော် နဲ့ ၁ နာရီ ၂ နာရီ စကားပြော အကြံယူရုံနဲ့ ဆုံးဖြတ်လို့မရပါဘူး။ မိဘတွေနဲ့ ကျောင်းသား/သူတွေကိုယ်တိုင် စာပေ ဗဟုသုတ သတင်းအချက်အလက် အခြေခံရှိမှ ဘယ်သူ့ဆီကအကြံဉာဏ်ယူယူ နောက်ဆုံးမှာ မိမိအတွက် အကျိုးရှိမယ့် လမ်းကို မိမိကိုယ်တိုင်ရွေးချယ်နိုင်မှာပါ။

(၃) မိမိကိုယ်မိမိ ဝေဖန်သုံးသပ်ဆန်းစစ်နိုင်စွမ်းအား ကောင်းအောင်လုပ်ပါ။

ကျွန်တော်ရဲ့ အမေရိကန်နိုင်ငံမှာ တက္ကသိုလ်အဆင့်လက်ထောက်ဆရာ နဲ့ ပါမောက္ခ အတွေ့အကြုံအရ မြန်မာအပါအဝင် အထူးသဖြင့် ဖွံ့ဖြိုးဆဲ အာရှနိုင်ငံတော်တော်များများက လာတဲ့ ကျောင်းသား/သူတွေဟာ မိမိကိုယ်မိမိ ဝေဖန်သုံးသပ်နိုင်စွမ်းနည်းပါတယ်။ အဆိုပါနိုင်ငံတွေမှာ ကိုယ့်ကိုကိုယ် ဝေဖန်သုံးသပ်ဖို့ စနစ်တကျသင်ကြားဖို့ မပြောနဲ့၊ အားပေးတဲ့ ယဉ်ကျေးမှုတောင် မဖွံ့ဖြိုးသေးပါဘူး။ မိမိရဲ့အမှား၊ အားနည်းချက်တွေကို သူများက ဝေဖန်သုံးသပ်အကြံပေးရင်လည်း ကဲ့ရဲ့ခံရတယ်လို့မှတ်ယူပြီးရှက်စရာမဟုတ်တာကို အဓိပ္ပါယ်တလွဲယူပြီး ရှက်တတ်ကြပါတယ်။ တိုးတက်အောင်မြင်ဖို့အတွက် မိမိအပါအဝင်လူတိုင်းမှာ အားနည်းချက်ကိုယ်စီ ရှိပါတယ်ဆိုတာကို လက်ခံခြင်းဟာ ပထမဆုံးခြေလှမ်းဖြစ်ပါတယ်။ မိမိရဲ့အားနည်းချက်ကို ကိုယ်တိုင်လည်းဝေဖန်သုံးသပ်၊ မိမိအကျိုးကိုရှေးရှုသူတွေရဲ့ အကြံဉာဏ်တွေလဲယူပြီး အားသာချက်ဖြစ်အောင်ပြောင်းလဲယူတတ်ရပါမယ်။ ဒါဟာ ရှက်စရာ အားငယ်စရာ မဟုတ်ပါဘူး။ မျက်လုံးစုံမှိတ်ပြီး အမှားဖြစ်တတ်တယ်၊ အမှားလုပ်မိတယ်ဆိုတာကို လက်မခံ၊ အားနည်းချက်ရှိတာကို လက်မခံတာ သာလျှင် ရှက်စရာ ဖြစ်ပါတယ်။ ကျောင်းသား/သူတွေ ကိုယ့်ကိုကိုယ် ဝေဖန်သုံးသပ်တတ်အောင် နဲ့ သူများတွေရဲ့ ဝေဖန်သုံးသပ်မှုကိုလည်း လက်ခံကြိုဆိုနိုင်တဲ့ အလေ့အကျင့် ရှိအောင် ငယ်စဉ်ကတည်းက လေ့ကျင့်ပေးဖို့ လက်ဦးဆရာဖြစ်တဲ့ မိဘတွေမှာ ပထမဦးဆုံး အဓိကတာဝန်ရှိပြီး မိမိကိုယ်တိုင်က ဒုတိယတာဝန်ရှိပါတယ်။ အကြောင်းကြောင်း ကြောင့် မိဘက မပြောပြ မသင်ပေးနိုင်ခဲ့ရင် မိမိကိုယ်တိုင် လေ့ကျင့်ပြောင်းလဲပါ။ ဘယ်လိုလုပ်ရမလဲ မသိရင် စာအုပ်စာပေများများ ဖတ်ပြီး လေ့လာရှာဖွေပါ။ ကိုယ့်ထက် အတွေ့အကြုံ ဗဟုသုတ များတဲ့လူတွေဆီက မေးမြန်းသင်ယူပါ။

(၄) မိသားစုနဲ့အသိုင်းအဝိုင်းအပေါ် မှီခိုလိုစိတ် လျှော့ပါ။

ဒီအချက်ကတော့ အထူးတလည် ရှင်းပြစရာလိုမယ်မထင်ပါဘူး။ ကျွန်တော် တို့တိုင်းပြည်က ဆင်းရဲတဲ့မိဘရော ချမ်းသာတဲ့ မိဘရော အများအပြားဟာ ချစ်တာနဲ့ နှစ်တာ ကို ကွဲကွဲပြားပြား မသိနားမလည်တာကြောင့် ကလေးတွေဟာ မဖြစ်သင့်ပဲ ကိုယ့်ကိုကိုယ် အားမကိုးတတ်ပဲ ကြီးပြင်းလာနေကြပါတယ်။ မြန်မာပြည်ရဲ့ နိုင်ငံရေး စီးပွားရေး အနေအထားအရ အတိုင်းအတာတစ်ခုထိ မိဘကိုငွေကြေးအရ မှီခိုရတာ သဘာဝကျပေမယ့် ငယ်စဉ်ကတည်းက ထမင်းစား ပန်ကန်ဆေး အမှိုက်ရှင်းတာက အစ အကုန်လိုက်လုပ်ပေးတဲ့ မိဘတွေကြောင့် လူငယ်တော်တော်များများဟာ အရေးကြီး အလုပ်တွေ အသာထား၊ ဘယ်သူကမှဘေးကပြောစရာမလိုပဲ စာလုပ်ဖို့၊ စျေးဝယ်ဟင်းချက်ဖို့၊ ကိုယ်ပိုင်ငွေကြေးစီမံခန့်ခွဲဖို့၊ ရုံးစာရွက်စာတမ်းကိစ္စများဖို့၊ ကျန်မာရေးလိုက်စားဖို့ စတာတွေမှာပါ သာမန်အသိ (Common Sense) မရှိသလောက် လျော့နည်းလာတာ တွေ့ရပါတယ်။ အချို့ဆိုရင် အသက်အစိတ် သုံးဆယ် လေးဆယ်နီးပါးအထိ မိသားစုမပါပဲ ကိုယ်ဟာကိုယ် ဘာမှမလုပ်တတ်တာကြောင့် အရေးကြုံရင် အရပ်ကူပါလူဝိုင်းပါနဲ့ ငွေကြေးအရဆိုရင်လည်း မိဘဆီကလက်ဖြန့်တောင်း၊ မိဘက လက်တင်လုပ်ပေးတဲ့ လုပ်ငန်းတွေတောင် အဆင်ပြေတိုးတက်အောင် မလုပ်နိုင်တာတွေ ကြားသိနေရပါတယ်။ ကိုယ့်ကိုကိုယ်အားမကိုးပဲ မိသားစုကိုပဲဖြစ်ဖြစ် သူစိမ်းမိတ်ဆွေတွေကိုပဲဖြစ်ဖြစ် အရာရာနီးပါး မှီခိုနေတတ်တဲ့ အကျင့်ဟာ အင်မတန်ရှက်ဖို့ကောင်းပါတယ်။

ဒီလိုသူတစ်ပါးကို မှီခိုမှုများတာကြောင့် ရလာတဲ့ ဘေးထွက်ဆိုးကျိုး နောက်တစ်ခုကတော့ ကိုယ်ဖြစ်ချင်တာ မဖြစ်ရင် သူများကို အပြစ်တင်တတ်တဲ့အကျင့်ပါ။ ကမ္ဘာပေါ်မှာ လူသန်း ၇ထောင်ကျော်မှာ ဘယ်သူမှ ဘ၀မှာ ကိုယ်ဖြစ်ချင်တာနဲ့ ထပ်တူကျတဲ့ လူမရှိပါဘူး။ အအောင်မြင်ဆုံး လူတွေတောင် အနီးစပ်ဆုံးရအောင် ကိုယ့်အားကိုယ်ကိုးရင်း ကံ၊ဉာဏ်၊ဝီရိယ နဲ့ ကြိုးစားနေရတာပါ။ ဖြစ်ချင်တာနဲ့ထပ်တူကျနေတယ်လို့ ပြောတဲ့သူရှိရင် မယုံပါနဲ့။ သူဘာဖြစ်ချင်လည်း သူမသိသေးလို့ပြောတာပါ။ လက်တွေ့အရရော ဘာသာတရားအရပါ ရတာမလို လိုတာမရ ဘ၀မှာ သူများကို အားကိုးလွန်းတဲ့လူတွေဟာ သူတို့စိတ်တိုင်းကျဖြစ်မလာရင် အဖေအမေကြောင့်၊ မောင်နှမ ကြောင့်၊ ဆရာတွေက မသင်ပေးလို့၊ သူငယ်ချင်း မကောင်းလို့၊ အိမ်ထောင်ဖက်မကောင်းလို့၊ သားသမီးမကောင်းလို့၊ နိုင်ငံ အစိုးရ မကောင်းလို့ စသည်ဖြင့် သူများကို အရင်ဆုံးအပြစ်တင်ကြပါတယ်။ ကိုယ်လိုချင်တဲ့ဘဝရအောင် ကိုယ်ဖြစ်ချင်တာဖြစ်အောင် ကိုယ်ဘာသာကိုယ် ဘယ်လိုနည်းလမ်းရှာမလဲ ဘယ်လိုကြိုတင်ပြင်ဆင်မလဲဆိုတာကို စဉ်းစားလေ့မရှိကြပါဘူး။ အကြောင်းရင်းကတော့ နေ့ဓဒူ၀ အလုပ်တွေအပါအဝင် ကိုယ့်ရဲ့ဖြစ်တည်မှုနဲ့ ပျော်ရွှင်မှုကို သူများတွေအပေါ် မှီခိုမှုလွန်ကဲနေလို့ ဖြစ်ပါတယ်။

ဒီအချက်ဟာလည်း အပေါ်မှာ ပြောခဲ့သလိုပါပဲ။ မိဘတွေမှာ လူငယ်တွေကို လေ့ကျင့်ပြောင်းလဲပေးဖို့ ပထမ အဓိကတာဝန်ရှိပါတယ်။ အကြောင်းကြောင်းကြောင့် မိဘက မသင်ပြမလေ့ကျင့်ပေးနိုင်ခဲ့ရင် မိမိကိုယ်ကို အချိန်မနှောင်းမီ လေ့ကျင့်ပြောင်းလဲသင့်ပါတယ်။ ဘယ်လိုလုပ်ရမလဲ မသိရင် အပေါ်မှာပြောခဲ့သလို စာအုပ်စာပေများများ ဖတ်ရှု လေ့လာရှာဖွေပြီး ကိုယ့်ထက် အတွေ့အကြုံ ဗဟုသုတ အသိဉာဏ်များတဲ့လူတွေဆီကလည်း မေးမြန်းသင်ယူသင့်ပါတယ်။

Website : www.stemino.tech

ပညာရေးနှင့် အလုပ်အကိုင်ဝန်ဆောင်မှုများအတွက်: bit.ly/STEMiNOEducareer

နည်းပညာ ဝန်ဆောင်မှုများအတွက်: bit.ly/STEMiNOEngineering

Facebook: Stemino Education & Technology

Instagram: www.instagram.com/steminoedutech

Youtube: bit.ly/STEMiNOchannel

-Phyo Hein

Leave a Reply

Your email address will not be published. Required fields are marked *