သစ္စာဖောက်တော့မယ်ဆိုရင် … (OPINION)

မကြာခင်မှာ ပြည်သူ့ဝန်ထမ်းတွေ ပြည်သူကို သစ္စာဖောက်တော့မယ်လို့ အသံတွေထွက်လာပါတယ်။ ဒါဟာ ကိုယ်ပိုင်ဆုံးဖြတ်ခွင့်၊ ကိုယ်ပိုင် လွတ်လပ်ခွင့်ပါပဲ။ ဒါပေမယ့် သစ္စာမဖောက်သေးခင် သေချာအောင် ပြန်စဥ်းစား စေချင်တာတွေတော့ အခုပဲ ပြော လိုက်ပါရစေ။

တရားမျှတမှု နဲ့ လွတ်လပ်မှုဆိုတာ တန်ဖိုးကြီးမားပါတယ်။ ဒါတွေကို လွယ်လွယ်ကူကူလေးနဲ့ ရကြေးဆိုရင် ကမ္ဘာမှာ ဘယ်အာဏာရှင်အုပ်စိုးသူတွေ ရှိတော့မလဲ။ တန်ဖိုးကြီးမားတဲ့ အရာတွေအတွက် ပေးဆပ်မှုကို ကိုယ်က ဘယ်လောက်လုပ်ထားပြီလဲ ပြန်စဉ်းစားကြည့်ပါ။ ကိုယ့်ပေးဆပ်မှုတွေကို ရေတွက်ပြီးတဲ့အခါ … လမ်းပေါ်က အသက်ပေးသွားတဲ့ ကလေးတွေရဲ့ မျက်နှာကို မြင်ယောင်ကြည့်လိုက်ပါ … သူတို့လေးတွေရဲ့ မျက်လုံးတွေကို ရဲရဲကြည့်ဖို့ ကိုယ့်လိပ်ပြာလုံတယ်ဆိုရင် သစ္စာဖောက်ပါ။

အာဏာလုသူတွေကိုကြောက်လို့၊ ငတ်မှာကြောက်လို့ သတ္တိကြောင်ခဲ့တဲ့ ကိုယ့်မျက်နှာကြီးနဲ့ မျိုးဆက်သစ်ကလေးတွေကို တရားမျှတမှုအကြောင်း၊ လွတ်လပ်မှုအကြောင်း၊ ဒီမိုကရေစီအကြောင်းကို ဘယ်လိုသင်ပေးမလဲ စဉ်းစားပါ။ သူတို့ကို လူ့ဂုဏ်သိက္ခာအကြောင်း၊ အမှန်တရားဘက် ရဲရဲဝံ့ဝံ့ရပ်တည်ခြင်းအကြောင်းတွေ သင်ပေးဖို့ ကိုယ့်လိပ်ပြာလုံမလား စဉ်းစားပါ။ ကိုယ့်လိပ်ပြာလုံတယ်ဆိုရင် သစ္စာဖောက်ပါ။

ပြည်သူတွေသာညီနေရင်၊ အာဏာရှင်အုပ်ချုပ်မှုကို လက်သင့်မခံရင်၊ အာဏာရှင်အသက်ဆက်စေမယ့် ယန္တရားတွေကို လည်ပတ်ပပေးပဲနေရင်၊ အာဏာရှင်တွေ ငမ်းငမ်းတက်လိုချင်နေတဲ့ တရားဝင်မှု မရဘဲဖြစ်နေမှာပါ။ ကိုယ့်ရဲ့ ကြောက်စိတ်၊ ကိုယ့်အတ္တကိုသာ ဦးစားပေးကြစတမ်းဆိုရင် ဒီနိုင်ငံကြီးဟာ ဘယ်တော့မှ အာဏာရှင်လက်က လွတ်မှာမဟုတ်သလို … နိုင်ငံထဲမှာ တရားမျှတမှု နဲ့ လွတ်လပ်မှုတွေ ရှိမှာမဟုတ်ပါဘူး။ ပြည်သူသာ အဓိကပါလို့ အကြိမ် ၂၀၀ မကပြောပေမယ့်၊ လက်နက်ကိုင်သာ အဓိကပါလို့ ကိုယ့်စိတ်ထဲ အထင်ကြီးလာမိပြီဆိုရင် … ဒီပွဲမှာ အာဏာရှင်ကို အနိုင်ပေးလိုက်တာက ပြည်သူ့ဝန်ထမ်း သစ္စာဖောက်တွေပဲလို့ မပြောချင်ပဲ ပြောရပါတော့မယ်။

နာမည်သေသွားတာထက် ကိုယ်တိုင်က တန်ဖိုးမရှိတဲ့လူသားတစ်ယောက်အဖြစ် ခံစားချက်ပျက်စီးသွားမယ်ဆိုတာကို ကြိုတွေးပြီးတဲ့နောက် … ဘာမှမဖြစ်ဘူး ကျေနပ်တယ်ဆိုရင် သစ္စာဖောက်ပါ။

ကိုယ့်ရဲ့နောက်ဆုံးထွက်သက်အထိ ကိုယ်ရွေးချယ်ခဲ့တဲ့ပြည်သူ့သစ္စာဖောက် အရိပ်မည်းကြီးက လိုက်ပါနေမှာကို စဉ်းစားပါ … ဘာမှမဖြစ်ဘူး ကျေနပ်တယ်ဆိုရင် သစ္စာဖောက်ပါ။

ပြည်သူလူထုတွေ ဒီမြေပေါ် တရားမျှတမှု နဲ့ လွတ်လပ်မှုခံစားရဖို့အတွက် အသက်ပေးသွားကြတဲ့ ဒီမိုသူရဲကောင်းများနှင့် ….

လက်နက် သာတဲ့ဘက်မှာမဟုတ်ဘဲ၊ ရပ်တည်ချက်မှန်တဲ့ဘက်မှာ ရဲရဲရပ်တည်ပေးတဲ့ ပြည်သူ့ဝန်ထမ်းတွေကို လေးစားဦးညွှတ်လိုက်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *