မတ်လ ၃၁ ရက်နေ့၊ ၁၅ နိုင်ငံ လုံခြုံရေးကောင်စီ တံခါးပိတ် အစည်းအဝေးမှာ မြန်မာစစ်ကောင်စီကို အရေယူဖို့ကိစ္စကို ကုလသမဂ္ဂ ဆိုင်ရာ တရုတ်သံအမတ်ကြီးက Zhang Jun ကကန့်ကွက်လိုက်ပါတယ်။
ဒါဟာ ပထမဦးဆုံးအကြိမ်လည်းမဟုတ်သလို နောက်ဆုံးအကြိမ် မြန်မာပြည်သူလူထုကို စော်ကားမှုလည်း မဟုတ်ပါဘူး။ သူဟာ ၁၉၆၂ ကစတင်ပြီး မြန်မာ စစ်အာဏာရှင်တွေနဲ့ ပလဲပနံသင့်၊ မြန်မာ့သယံဇာတကို အောက်ဈေးနဲ့ ရယူနေတဲ့ အစိုးရဖြစ်ပါတယ်။ အခု မြန်မာပြည်ကို ခါးဖြတ်ပြီး ပိုက်လိုင်းလုပ်ထားတာက သက်သေပဲဖြစ်ပါတယ်။
အဆိုပါနိုင်ငံဟာ ဒီမိုကရေစီကိုရချင်နေတဲ့ မြန်မာနိုင်ငံအတွက်တော့ အိမ်နီးချင်းဆိုး အစိုးရတစ်ရပ်ပဲဖြစ်နေပါတော့တယ်။ တရုတ်အစိုးရဟာ မြန်မာနိုင်ငံမှာ ဒီမိုကရေစီဖွံ့ဖြိုးတိုးတက်စေချင်တယ်လို့ အားမနာလျှာမကျိုး ပြောပါတယ်။ တစ်လောကပဲ အမေရိကန်ကိုယ်စားလှယ် ဘလင့်ကင်နဲ့ စည်းဝေးပွဲမှာ အမေရိကန်ကို စော်ကားမော်ကားနဲ့ လူ့အခွင့်အရေး၊ ဒီမိုကရေစီအရေး လက်ချာတွေပေးလာတဲ့အထိ ဒီမိုကရေစီ ဘိုးအေတွေကိုတောင် ဒဲ့ရန်ရှာလာနေပါတယ်။
တရုတ်နိုင်ငံဟာ သူ့ကိုယ်ကျိုးစီးပွားကလွဲလို့ ဘာကိုမှ ဂရုမစိုက်တဲ့ ပေါ်လစီကို ကျင့်သုံးနေခဲ့တာ ကြာပါပြီ။ လူ့အခွင့်အရေးတွေကို ဂရုမစိုက်ပါဘူး။ ကျင့်ဝတ်တွေကို ဘေးချိတ်ထားပါတယ်။ အာဏာဟာ ပြောင်းဝထွက်တယ်လို့ ပါတီခေါင်းဆောင်ကြီးတွေက ပြောင်ပြောထွက်ခဲ့တဲ့ နိုင်ငံတစ်ခုပါ။
တရုတ်ဟာ ငွေကြေးမက်လုံးတွေ၊ အကျင့်ပျက်ခေါင်းဆောင်တွေ၊ ပေါပေါသုံးထုတ်ကုန်တွေကတစ်ဆင့် သူ့ရဲ့ သမုဒ္ဒရာနှစ်စင်း အိပ်မက်ကို အကောင်အထည်ဖော်နေခဲ့တာ ကြာပါပြီ။ တောင်တရုတ်ပင်လယ်ကို သူပိုင်ထားတယ်။ အခု အန္ဒိယသမုဒ္ဒရာကို မျက်စိကျနေတာပါပဲ။ မြန်မာပြည်ဟာ ဒီအတိုင်းသွားရင်း တရုတ်ရဲ့ ပြည်နယ်ကြီးတစ်ခုအဖြစ် မဖြစ်နိုင်ဘူးလို့ ဘယ်သူမှ အာမမခံရဲတော့ပါ။ အရင်ဦးသိန်းစိန်အစိုးရရဲ့ ငြိမ်းချမ်းရေးအကျိုးတော်ဆောင် ဝန်ကြီးဦးအောင်မင်း ကလည်း တရုတ်ကြီးလည်းကြောက်ရပါတယ်လို့ ဝန်ခံပြီးသားဖြစ်ပါတယ်။
မြန်မာပြည်သူလူထုဟာ ဒီတရုတ်ကို ရင်ဆိုင်နိုင်တဲ့ ကျွမ်းကျင်နည်းပညာ၊ သံခင်းတမန်ခင်း၊ အကျင့်စာရိတ္တ၊ အခွင့်အလမ်းတွေကို အမိအရဆုပ်ကိုင် ကတာမဟုတ်ခဲ့ရင် … သေနတ်ပြောင်းဝက အာဏာထွက်တဲ့ သီအိုရီထဲ ပိတ်မိဖို့ သိပ်ပြီးမလိုတော့ပါဘူး။ အခုလဲ တရုတ်လက်တံ စစ်ကောင်စီက ပြည်သူကို ပစ်သတ်ပြီး ပါးစပ်ပိတ်ဖို့ ကြိုးစားနေဆဲပါ။
ဒီမိုကရေစီကို ယုံကြည်ရင် ဒီမိုကရေစီကျင့်သုံးတဲ့နိုင်ငံတွေကို လုံး၀ ပေါင်းဖက်ကြရမယ့် အချိန်ရောက်ပါပြီ။ တရုတ်အစိုးရရဲ့ လက်တံကို တန်ပြန်နိုင်ဖို့ မြန်မာ့မြေမှာ ဒီမိုကရေစီနိုင်ငံတွေရဲ့ စစ်စခန်းတွေ နေရာပေးသင့်ပါတယ်။ ၂၀၀၈ ခြေဥကိုစွန့်ပြီးပြီး CRPH အနေနဲ့ ဒီမိုကရေစီနိုင်ငံတွေကို ကျွန်းတွေ ငှားပေးလိုက်သင့်ပါတယ်။ ဒီမိုကရေစီအင်အားစုတွေနဲ့ ပေါင်းလို့ တိုးတက်သွားတဲ့တိုင်းပြည်တွေ ရှေ့မှာသက်သေရှိပါတယ်။ တောင်ကိုးရီးယား၊ ထိုင်း၊ ဂျပန်တွေဟာ သက်သေပဲဖြစ်ပါတယ်။ မိမိနိုင်ငံလုံခြုံရေးအတွက်ရော၊ အကျင့်ပျက်တရုတ်အစိုးရကို အံတုဖို့အတွက်ရော ပေါင်းသင့်သူတွေကို အမြန်ရှာပေါင်းဖို့လိုနေပါပြီ။ တရုတ်ဟာ နယ်စပ်အထိ တပ်တွေချလာပါပြီ။ မြန်မာဟာ အချိန်မရွေး စစ်ဖြစ်နိုင်တဲ့ အနေအထားရောက်လာပါပြီ။
အိမ်နီးချင်းဆိုး တရုတ်အစိုးရကို ပြည်သူလူထုက ကိုယ့်အတိုင်းအထွာနဲ့ ဘေးဖယ်ကြပါစို့။ ပြည်သူ့အစိုးရကလည်း မဟာဗျူဟာကျစွာ ဖယ်ထုတ်နိုင်ပါစေ။ ထပ်ပြီးပြောမယ်- တရုတ်ဟာ ပေါက်ဖော်ဆိုတာထက်၊ သိုးရေခြုံထားတဲ့ ဝံပုလွေပဲနိုင်ငံပဲဖြစ်ပါတယ်။ အိမ်နီးချင်းဆိုးဖြစ်ပါတယ်။