မြန်မာရဲ့အိမ်နီးနားချင်းလည်းဖြစ်၊ အရှေ့တောင်အာရှရပ်ဝန်းက နိုင်ငံအုပ်စိုးသူတွေဟာ မြန်မာ့နွေဦးတော်လှန်ရေးကြောင့် ပူပန်စိုးရိမ်မှုတွေ မြင့်တက်လာနေပါတယ်။ သူတို့ရဲ့ မိတ်ကပ်အပြည့်နဲ့ လူရှေ့ထွက်ပြကြတဲ့ မျက်နှာကတစ်မျိုး၊ မိတ်ကပ်မပါတဲ့မျက်နှာက တစ်မျိုးဖြစ်နေတတ်တာကို လေ့လာ သူတွေက ထင်သာမြင်သာ တုန်လှုပ်လာနေတာ သိသာပါတယ်။ သူတို့ဟာ မြန်မာပြည်သူတွေအတွက် စိတ်ပူနေတာမှ ဟုတ်ပါ့မလား။ စူးစမ်းကြည့်ရအောင်။
ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ စစ်အုပ်စုက မြန်မာနိုင်ငံမှာ အာဏာတက်သိမ်းလိုက်ပါ တယ်။ အဲ့ဒီနောက်ပိုင်းမှာ အာဆီယံ အသိုက်အဝန်းရဲ့ အဖြေရှာရေးပြောဆိုမှုတွေ တစ်ချက်တစ်ချက်ဆိုသလို ကြားလာရပါတယ်။ အင်ဒိုနီးရှားရဲ့ အစပြုမှုတွေကနေ၊ တရုတ်ကရှေ့တန်းတင်ပြောဆိုတဲ့ Asian Resolution အာရှနည်း အာရှဟန်နဲ့ အဖြေရှာရေး အိုင်ဒီယာ တွေလည်းပါဝင်ပါတယ်။ ခါတိုင်း ခပ်မဆိတ်နေတဲ့ စင်ကပူက လည်း လူသိရှင်ကြားပြောဆိုလာပါတယ်။ ထိုင်းကလည်း အင်ဒိုနီးရှားဝန်ကြီးချုပ်နဲ့ စစ်ကောင်စီရဲ့ နိုင်ငံခြားရေးဝန်ကြီး ဝဏ္ဏမောင်လွင်တို့ အလွတ်သဘော တွေ့ဆုံရာမှာ ကြားခံကူညီပေးခဲ့ပါတယ်။ ဒါတွေအားလုံးကို ကြည့်တဲ့အခါမှာ မြန်မာ့အရေးကြောင့် အာဆီယံက နေမထိ ထိုင်မသာ၊ လှုပ်ခါလာတယ်လု့ိ ထင်ရနိုင်ပါတယ်။
ဧပြီလ ၈ ရက်နေ့ ညနေ ၅ နာရီဝန်းကျင်မှာ ထိုင်းနိုင်ငံကလာတဲ့ ပီအက်အိုင် ရုပ်သံ ဖမ်းစက်နဲ့ (ထိုင်းစလောင်းအသေးလေး) ဖမ်းလို့ရတဲ့ DVB, Mizzama လှိုင်းတွေ ပျက်သွားပါတယ်။ မြန်မာပြည်တွင်းက ထုတ်လွှင့်မှုတွေမှာတော့ အဲ့ဒီလိုင်းတွေကို ဖျက်လိုက်ကြတာ ကြာပါပြီ။ အခုထိုင်းအထိပါ ပေါက်ရောက်နေပါ့လားလို့ ပြောရအောင် သက်သေပြလိုက်တာဖြစ်ပါတယ်။ ဆိုတော့ မြန်မာစစ်အုပ်စုရဲ့ အာဏာသိမ်းမှုကို ထိုင်းက နောက်ကွယ်ကနေ ကူညီနေ တယ်ဆိုတာ ထင်ရှားတဲ့ သက်သေတစ်ခုဖြစ်လာပါတယ်။ ဒါမတိုင်ခင်မှာလည်း ပိတ်မိနေတဲ့ မြန်မာ့စစ်တပ်တွေအတွက် ရိက္ခာကို ထိုင်းဘက်က လာပို့ခဲ့ဖူးပါတယ်။ ဟိုးလေးတစ်ကျော်ဖြစ်သွားတော့ နိုင်ငံတော်အဆင့်မှာ ငြင်းပြီး၊ သူတို့ရိက္ခာပစ္စည်းသူတို့ ပြန်သယ်သွားကြပါတယ်။ နောက်တစ်ခါ မြန်မာဘက်ခြမ်းမှာ စစ်အစိုးရက လေယာဉ်နဲ့ ပစ်ခတ်သတ်ဖြတ်တာကြောင့် ဘေးလွတ်ရာပြေးလာတဲ့ သူတွေကို ထိုင်းက ခြံစည်းရိုးစတီးဘလိတ်တွေကာရံပြီး ဟန့်တားပါတယ်။ နောက်တော့ လက်ခံကြိုဆိုတယ်ဖြစ်သွားရော။ ဘာကြောင့်များ ထိုင်းက မြန်မာအာဏာသိမ်း စစ်တပ်ကို နောက်ကွယ်ကနေ ကူညီတာ ပါလိမ့်လို့လည်း ဆက်လက်မေးခွန်းထုတ်မိပါတယ်။ ထိုင်းသာမကပဲ တစ်ခြားနိုင်ငံတွေကောလို့ စစ်ကြောမိပါတယ်။
ဟုတ်ပါတယ်။ အာဆီယံအသိုင်းအဝန်းထက် နည်းနည်းချဲ့ပြီးကြည့်လိုက်ရင် အဲ့မှာအဖြေတစ်ခုတွေ့တယ်။ အာဆီယံကို အကြွေးတွေပေးပြီး ချုပ်ကိုင်ထားတဲ့ တရုတ်ကတော့ ကွန်မြူနစ်ကြီး။ အာဏာရှင်ကြီးပါပဲ။ သူက ဆရာကြီး။ သူ့ဆီမှာ ခေါင်းဆောင်က ဒါဆိုရင် ဒါပဲဖြစ်နေ တယ်၊ စကားမများကြဘူးလို့ဆိုတာကတော့ ခေါင်းဆောင်ကို မထောက်ခံရင် ဘဝပျက်သွားနိုင်လို့ပါပဲ။ လွတ်လပ်စွာပြောဆိုခွင့်မှ မရှိတာ။ လွတ်လပ်စွာ တီထွင်ခွင့်၊ စဉ်းစား သုံးသပ်ခွင့်လည်းမရှိပါဘူး။ တကယ်တော့ တရုတ်ရဲ့ အာရှနည်းလမ်းနဲ့ အဖြေရှာရေးဆိုတာ အာဆီယံကို တရုတ်အုပ်စီးရေးနည်းလမ်းထက် မပိုပါဘူး။ သမုဒ္ဒရာနှစ်စင်းအိပ်မက်ကို အကောင်အထည်ဖော်နေတဲ့ တရုတ်ဟာ မြန်မာ့အရေးမှာ ပေါ်တင်တစ်မျိုး၊ ကွယ်ရာတစ်မျိုး အာဏာသိမ်းစစ်အုပ်စုကို အားဖြည့်နေတယ်။ ဒါဟာ သူ့ကိုယ်ကျိုးစီးပွားကို သေနတ်ပြောင်းဝနဲ့ လိုချင်သလို ပုံဖော်ဖို့ဖြစ်တယ်။ ဒီမိုကရေစီနည်းလမ်းအရဆိုရင် သူလုပ်ချင်တာလုပ်လို့မရမှန်းသိလို့ဖြစ်ပါတယ်။
အာဆီယံရဲ့ မိတ်ကပ်မလိမ်းထားတဲ့ မျက်နှာဟာ အတော်ကြည့်ရ ဆိုးပါတယ်။ သူတို့ဟာ ဒီမိုကရေစီ ဟန်ဆောင်မျက်နှာဖုံးတွေနဲ့ အတွင်းထဲမှာ တော့ ပြည်သူမကြိုက်တဲ့ အုပ်ချုပ်သူတွေ တန်းစီနေပါတယ်။ အာဏာရှင်အုပ်စုတွေပဲတွေ့ရမှာပါ။ ကဗ္ဘောဒီးယား၊ မလေးရှား၊ စင်ကပူ၊ ဗီယက်နမ်၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ ထိုင်း၊ မြန်မာ … အစီအရီပါပဲ။ သူတို့ဟာ အာဏာရှင် ညီအစ်ကိုတစ်သိုက်၊ အာရှနည်းအာရှဟန်ကို အားကိုးပြီး ရိုးရာလိုလို၊ ဓါတ်ဆရာလိုလိုနဲ့ အာဏာကိုဖက်တွယ်ထားကြတဲ့ အုပ်ချုပ်သူတွေချည်းပါပဲ။ စီးပွားရေးအရ အနောက်နိုင်ငံတွေကို ဆက်ဆံနေရလို့သာ ဒီမိုကရေစီ မျက်နှာဖုံး၊ လူ့အခွင့်အရေး မိတ်ကပ်တွေလိမ်းထားကြတာပါပဲ။ အာရှဆိုတာ ဒီလို အာဏာရှင်တွေပဲလို့များ ပြောပြနေသလားလို့။
အာဆီယံနိုင်ငံတွေဟာ အခုတလော အာဏာရှင် တော်လှန်ရေး ဟုန်းဟုန်းထနေတဲ့ မြန်မာအတွက် စိတ်ပူပေးတာထက် သူတို့ကိုယ်သူတို့အတွက် စိတ်ပိုမှုက ပိုပါတယ်။ အရေးကြုံနေပြီမို့ အာဆီယံရဲ့အုပ်ချုပ်သူအားလုံးက ကိုယ့်ဝမ်းနာကိုယ်သိကြတာမို့ ဟန်ဆောင်ထားတဲ့ မျက်နှာဖုံးတွေ တစ်ချက်တစ်ချက်ဆို သလို ကွာကျလာတာပါပဲ။ တစ်ယောက်နဲ့တစ်ယောက် နောက်ကွယ်ကနေ တီးတိုးအားပေးမှုတွေ၊ ထောက်ပံ့မှုတွေ …. မင်းမထောက်ပံ့ပဲနေရဲရင်နေကြည့်၊ ငါ့အလှည့်ပြီးရင် မင်းအလှည့်ရောက်လာမှာ ဆိုတဲ့အထာတွေနဲ့ ပြည်သူ့လှုပ်ရှားမှု၊ ဒီမိုကရေစီလမ်းကြောင်းမှာ အဟန့်အတားတွေ ပေးနေတာတွေ့ရမှာပါ။ ရိက္ခာထောက်လိုက်၊ ဆွေးနွေးပွဲဖိတ်လိုက်၊ အခု ပီအက်စ်အိုင် စလောင်းလိုင်းတွေမှာ သတင်းလိုင်းတွေကို ဖျက်ချလိုက် စသည်ဖြင့် လုပ်နေတာပါပဲ။
တကယ်တမ်းမြန်မာမှာ အာဏာရှင်တော်လှန်ရေး အောင်မြင်သွားခဲ့ရင် ဒိုမီနိုအီဖက်ကတော့ ပြည်သူမကြိုက်တဲ့ အာဏာရှင်တွေ အုပ်စိုးနေတဲ့ အာဆီယံနိုင်ငံတွေအလှည့်ပါပဲ။ ဒီလိုတော်လှန်ရင်ရတယ်ဆိုတဲ့ သတင်းစကားတွေ အာဆီယံတစ်ခွင် ပျံ့နှံ့သွားတော့မှာကို သူတို့သိပ်စိုးကြောက်နေတာပါပဲ။ ဒီတော့ မြန်မာ့ အာဏာရှင် တည်တံ့ခို်င်မြဲရေးဟာ သူတို့တွေရဲ့ ထိုင်ခုံမြဲရေး လည်းဖြစ်လာ ပါတယ်။ ကန့်လန့်ကာ နောက်ကွယ်မှာတာ့ အာဆီယံနိုင်ငံ တွေ အားလုံးကတော့ တစ်လှေ တည်းစီး၊ တစ်ခရီးတည်းသွား၊ ဝမ်းကိုက်နေတဲ့ အာဏာရှင်၊ ဒီမိုကရေစီ မိတ်ကပ်ဖို့ထား တဲ့အာဏာရှင်တွေ … တစ်ကြိတ်တစ် ဉာဏ်တည်းတွေပါပဲ။
အခုလို အချိန်အခါမျိုးမှာ တစ်ခါက ချင်းမိုင်တက္ကသိုလ်မှာ သင်ခဲ့ရတဲ့သင်ခန်းစာကို ပြန်သတိရမိပါတယ်။ ထိုင်းနိုင်ငံရဲ့ ငါးဖမ်းလုပ်ငန်းတွေမှာ ကျွန်ပြုအခိုင်းအစေခံကြရတဲ့သူတွေထဲမှာ မြန်မာ၊ လာအို၊ ကဗ္ဘောဒီးယားလို ဆင်းရဲတဲ့နိုင်ငံတွေကလာကြသူတွေ များပါတယ်။ သူတို့ကို စားသောက်ဆိုင်တွေမှာ အေးဂျင့်တွေက ခင်မင်ကြောင်းပြသပြီး အိပ်ဆေးပါတဲ့ အစားအစာ ကျွေးမွေး ကာ ပင်လယ်ပင်ထဲသို့ ခေါ်ထုတ်သွားကြပါတယ်။ စားသောက်ဆိုင်မှာ စားသောက်နေ တဲ့သူတို့မှာ နိုးလာတော့၊ မျက်စိပွင့်လာတော့ ကမ်းမမြင်လမ်းမမြင် ပင်လယ်ပြင်မှာ ရောက်နေပါပြီ။ သူတို့မှာ ပတ်စ်ပို့မပါ၊ အလုပ်ရှင်ဘယ်သူမှန်းမသိဘဲ … ကျွန်ပြု အခိုင်းအစေခံတွေဖြစ်လာကြပါတယ်။ ကြုံတောင့်ကြုံခဲ တစ်ယောက်တစ်လေ ပြန်ထွက်လာနိုင်တာကလွဲရင် ပင်လယ်ပြင်မှာ မဝရေစာစားပြီး သူတို့ခိုင်းသမျှ လုပ်ကိုင်ပေးရင်းနဲ့ နောက်ဆုံးမှာ အသက်လည်းထွက်၊ ရုပ်ကလပ်က ငါးစာအဖြစ်၊ အရိုးတွေကတော့ ပင်လယ်ကြမ်းပြင်မှာ ကပ်ရောက် … ဘဝဆုံးသွားကြပါတယ်။
ဒီလို မတရားမှုတွေ၊ လူကုန်ကူးမှုတွေ၊ ကျွန်ပြုခိုင်းစေမှုတွေလုပ်နေတာကို သတင်းရတဲ့ ဥရောပသမဂ္ဂ နဲ့ အမေရိကန်လိုနိုင်ငံတွေက လူ့အခွင့်အရေးအမှတ်တွေ စောင့်ကြည့် သတ်မှတ်ပေးပြီး ထိုင်းနိုင်ငံရဲ့ ထုတ်ကုန်တွေ၊ ပင်လယ်စားသောက်ကုန်တွေကို ကန့်သတ်ဝယ်ယူပေးပါတယ်။ လူ့အခွင့်အရေးလေးစားမှု မြင့်တက်လာရင် ပိုဝယ်သလို၊ နိမ့်ကျသွားတဲ့နှစ်တွေမှာဆိုရင် ကုန်သွယ်ဝယ်ယူမှု လျှော့ချပစ်ပါတယ်။ ဒါကြောင့် လည်း လူမြင်ကွင်းရှေ့မှာ ဒုက္ခသည်လက်ခံကူညီပေးမှုတွေ၊ လူ့အခွင့်အရေး လေးစားပြမှုတွေ ဖြစ်ပေါ်လာပါတယ်။ တကယ့်စိတ်ရင်းနဲ့မဟုတ်ဘဲ သူ့အကျိုးစီးပွား အတွက် လုပ်ပြတယ်ဆိုတာပါပဲ။
ဘာပဲပြောပြော ဆင်းရဲတဲ့နိုင်ငံကလာတဲ့သူတွေ၊ ထိုင်းနိုင်ငံမှာမှီခိုပြီး အလုပ်လုပ်ကြရတဲ့သူတွေအတွက် ဥရောပသမဂ္ဂ နဲ့ အမေရိကန်တို့ ရဲ့ လူ့အခွင့်အရေး စောင့်ကြည့်ပြီး ကုန်သွယ်မှုမြင့်တင်တာ၊ လျှော့ချတာ လုပ်ပေးတာ ကို ကျေးဇူးတင်ကြရမှာပါ။ သူတို့ဟာ ကုန်ပစ္စည်းဝယ်ယူရင်းနဲ့ လူ့အခွင့်အရေးကို ရနိုင်သလောက် ကာကွယ်ပေးတယ်ဆိုတာပါ။ တစ်ဘက်မှာ ထိုင်းနိုင်ငံလိုဟာမျိုးက စိတ်ရင်းမပါဘဲ သူ့ကိုယ်ကျိုးထိမှာစိုးလို့ လူ့အခွင့်အရေးလေးစားပြတယ်ဆိုတာ ပေါ်လွင်လာပါတယ်။ မျက်နှာဖုံးတွေနဲ့ပါပဲ။ အခုလည်း မြန်မာ့အရေးမှာ သူတို့ဟာ အနောက်နိုင်ငံတွေကို ပြောတဲ့အခါတစ်မျိုး၊ အာဏာသိမ်းစစ်ကောင်စီနဲ့ ကန့်လန့်ကာနောက်ကွယ်မှာ ပြောကြတာက တစ်မျိုးဖြစ်မှာကို သံသယဖြစ်စရာမလိုပါ။
ဒီမိုကရေစီ မိတ်ကပ်လိမ်းထားကြတဲ့ အာဆီယံနိုင်ငံအုပ်ချုပ်သူတွေ၊ ရင်ထဲမှာ အပူမီးတွေကိုယ်စီရှိနေပါတယ်။ သူတို့က လူထုကို မလေးစားဘူး။ သေနတ်ကိုပဲအားကိုးတာပါ။ သူတို့အလွန်စိုးရိမ်နေတာကတော့ မြန်မာပြည်သူတွေအတွက်မဟုတ်ပါပဲ သူတို့ထိုင်ခုံလှုပ်လာမှာကို တွေးကြောက်တာ ပါပဲ။ ပရောဂမှန်ရင် တုန်ဆင်းလာတယ်ဆိုတဲ့အတိုင်းပါပဲ။