သူတို့အတွေး၊ သူတို့အမြင်

ကနေ့ မြန်မာ့နိုင်ငံရေးမှာ ဆွေးနွေးငြင်းခုံမှုပို့စ်နှစ်ခု တက်လာပါတယ်။ ဦးရဲထွတ်ရဲ့ပို့စ်ဖြစ်တဲ့ တာလီဘန်လို လူတွေ ပို့စ်ကို မနက် ၁၀ နာရီဝန်းကျင်မှာ တင်ထားတာတွေ့ပါတယ်။ သူက ကျောင်းမတက်ဖို့လှုံ့ဆော်သူတွေကို တာလီဘန်လိုလူတွေလို့ စွပ်စွဲထားပါတယ်။ ဒီအကြောင်းကို ပထမဦးဆုံး တင်ဆက်ထားပါတယ်။

ဒါကိုပဲဒေါက်တာဖြိုးသီဟ ဖတ်မိဟန်တူပါရဲ့။ သူ့အမြင်ကို ပြန်လည်တုံ့ပြချက်ကို ဦးရဲထွတ်ရဲ့ တာလီဘန်လိုလူ အပြီးမှာ တင်ဆက်ထားပါတယ်။ သူတို့အတွေး သူတို့အမြင်ကို ဖတ်ရှုအသိပွားနိုင်ပါစေ။

တာလီဘန်လို လူတွေ
ကျောင်းတွေ ပြန်ဖွင့်တဲ့အခါ ကိုယ်တိုင် ကျောင်းမတက်ဘူး။ ကိုယ့်ကလေးတွေကို ကျောင်း မအပ်ဘူး ဆိုတာ တစ်ဦးချင်းရဲ့ ဆုံးဖြတ်ချက်ပဲ။ ယုံကြည်ရာ လုပ်ကြတာဖြစ်တဲ့အတွက် အကောင်းအဆိုး မဝေဖန် လို ဘူး။
ဒါပေမယ့် ပညာသင်ဖို့ ဆန္ဒရှိသူတွေ ကျောင်းမတက်နိုင် အောင် ခြိမ်းခြောက်တယ်၊ အန္တရာယ်ပြုတယ်၊ ကျောင်းကို ဗုံးခွဲတယ် ၊ မီးရှို့တယ်ဆိုတာက တော့ ကိုယ်မသင်စေချင်တဲ့ စာတွေ သင်လို့ ကျောင်းသား/ ကျောင်းသူတွေနဲ့ ဆရာ/ဆရာမတွေကို သတ်တယ် ၊ ကျောင်းကို ဗုံးခွဲတယ် ဆိုတဲ့ အာဖဂန်က တာလီဘန် အစွန်းရောက် အကြမ်းဖက်သောင်းကျန်း သူတွေရဲ့ လုပ်ရပ်နဲ့ အတူတူဖြစ်သွားပြီ။
စစ်အစိုးရအောက်က ကျောင်းတွေမှာ ပညာသင်ရင် အသုံးမကျတဲ့သူဖြစ် မယ် ဆိုရင် အခု နစက ဆန့်ကျင်ရေးလှုပ်ရှားမှုမှာ ပါဝင်သူ Gen X, Y , Z ၉ ဝ% ကျော်က နဝတ/ နယက အစိုးရ လက်ထက် ကချမှတ်ခဲ့တဲ့ ပညာရေးစနစ် နဲ့ နဝတ/နယက ပညာရေးကို နည်းနည်း ပါးပါး မွမ်းမံထားတဲ့ ၂၀၁၁-၂၀၂၀ ကာလ ပညာရေးစနစ် အောက်မှာ ပညာ သင်ကြားခဲ့သူတွေ မဟုတ်ဘူးလား။ ဒီလူတွေအားလုံးကို အသုံးမကျတဲ့သူတွေလို့ သိမ်းကျုံးပြောရင် မှန်မယ် မထင်ဘူး။
တပ်မတော်မှာ ၁၉ ၈၁ ခုနှစ်ကနေ ၂၀၀၅ ခုနှစ်အထိ တာဝန်ထမ်းဆောင်ခဲ့ချိန်က တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနဲ့ ပဋိပက္ခဖြစ်ပွားရာဒေသအမျိုးမျိုးမှာ တာဝန်ထမ်းဆောင်ခဲ့ဖူးတယ်။ အဲဒီ အချိန်က ကျွန်တော်တို့နဲ့ ရင်ဆိုင်တိုက်ခိုက်နေရတဲ့ အဖွဲ့တွေဟာ အစိုးရတပ်ဖွဲ့တွေနဲ့ အသေ အကြေ တိုက်ခိုက်နေပေမယ့် ဘယ်တော့မှ အစိုးရ စာသင်ကျောင်း ကို မီးမရှို့ဘူး၊ ကလေး တွေကို ကျောင်းမတက်နဲ့လို့ မပိတ်ပင်ဘူး၊ ဆရာ/ဆရာမတွေကို စာသင်ရင် သတ်မယ်လို့ မခြိမ်း ခြောက်ဘူး။
အခု ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးအတွက်ကြိုးပမ်းနေပါတယ်ဆိုတဲ့ ပုဂ္ဂိုလ် / အဖွဲ့ အစည်း တွေက ကျောင်းတွေကို မီးရှို့၊ ဗုံးခွဲလုပ်တဲ့ လုပ်ရပ်၊ စာသင်မယ့် ဆရာ/ ဆရာမတွေရဲ့ အသက် အန္တရာယ်ခြိမ်းခြောက်တဲ့ လုပ်ရပ်တွေကို ဝမ်းသာအားရ လုပ် ဆောင်ကြ၊ ထောက်ခံနေ ကြတာ မြင်ရတော့ အတော်အံ့သြမိတယ်။
ပါကစ္စတန်နိုင်ငံသူလေး မာလာလာ ကတော့ ကုလသမဂ္ဂ အထွေထွေ ညီလာခံမှာ မိန့်ခွန်းပြောတဲ့အခါ “ အစွန်း ရောက်သမားတွေဟာ စာအုပ်နဲ့ ခဲတံတွေကို ကြောက်ကြတယ်” လို့ ပြောခဲ့တယ်။
တာလီဘန်တွေဟာ ဒီမိုကရေစီအတွက်လုပ်နေတာမဟုတ်ဘူး။ တာလီဘန်လုပ်သလို လိုက်လုပ်ရင် ဒီမိုကရေစီသမားမဟုတ်ဘူး။

“ဘယ်သူတွေက တာလီဘန်လဲ”
ကျောင်းမတက်ဖို့ တိုက်တွန်းနေကြတဲ့သူတွေကို တာလီဘန်တွေနဲ့ တူလာပြီ ဆိုပြီး ရေးထားတဲ့ ပို့စ်တစ်ခု ဖတ်လိုက်ရပါတယ်။ (သူပြောတဲ့ ‘တက္ကသိုလ်တွေကို ဗုံးခွဲ၊ မီးရှို့ ဆိုတဲ့ ကိစ္စတွေကို ပြည်သူက လုပ်တယ်’ ဆိုတာကိုတော့ MRTV ကြည့်လိုက်ရတယ်လို့ပဲ သဘောထားပါတယ်။)
ဆရာဝန်တွေ CDM စလုပ်တုန်းကလိုပေါ့။ လူနာတွေတော့ ဘယ်လိုနစ်နာနေပါပြီ၊ ပြည်သူတွေတော့ ထိခိုက်ကုန်ပြီနဲ့ တကယ့်ကို မေတ္တာရှင်တွေ လုပ်ပြပြီး ဆိုက်ဝါးထည့်နေကြတာ။ တကယ်တမ်းသာ လူနာတွေ၊ ပြည်သူတွေကို သနားရင် အာဏာသိမ်းတဲ့ကိစ္စကိုကျ ကန့်ကွက်ကြပါလား။ မသိရင် ဆရာဝန်တွေကပဲ သူတို့အကျိုးအတွက် အလုပ်မလာကြတော့တာလိုလိုနဲ့။ အခု ကျောင်းမတက်ကြဖို့ တိုက်တွန်းနေကြတဲ့အခါမှာလည်း ဒီလိုသဘောတွေ တန်ပြန်ပြောလာကြပြန်တယ်။
တာလီဘန်ဆိုတာကတော့ အားလုံးလည်း သိတဲ့အတိုင်း အာဖဂန်နစ္စတန်က အစွန်းရောက်အဖွဲ့အစည်းပါ။ သူတို့ အာဏာမရခင်က အာဖဂန်ဟာ ပညာရေးမှာ ဒေသတွင်းနိုင်ငံတွေက အသိအမှတ် ပြုခံရတဲ့ အခြေအနေမှာ ရှိခဲ့တယ်။ သူတို့လည်း အုပ်ချုပ်ရော၊ ကျောင်းတွေကို ဖျက်ဆီးတယ်။ ခေတ်မီပညာရေးကို ပိတ်ပင်တယ်။ ဘာသာရေးနဲ့ ဆိုင်တာတွေကိုပဲ ဦးစားပေး သင်ခွင့်ရတယ်။ အမျိုးသမီးတွေကိုလည်း ဖိနှိပ်တယ်။ လင်ယောက်ျား၊ အဖေ၊ မောင် စတဲ့ အမျိုးတော်စပ်တဲ့ ယောက်ျားသား မပါဘဲ အပြင်ထွက်ခွင့် မရဘူး။ ထွက်ရင်လည်း မျက်စိကလွဲပြီး တစ်ကိုယ်လုံး ဖုံးထားတဲ့ ဝတ်စုံကို ဝတ်ရတယ်။ အလုပ်လုပ်ခွင့် မရှိဘူး။ ပညာသင်ခွင့် မရှိဘူး။ တခြားဘာသာခြားတွေကိုလည်း နှိမ်နင်းတယ်။ မုန်းတယ်။
ကျွန်တော်တို့ဆီမှာလည်း စစ်အာဏာရှင်တွေ မအုပ်ချုပ်ခင်က တခြားနိုင်ငံတွေကပါ လေးစားရတဲ့ ပညာရေး အဆင့်အတန်း ရှိခဲ့ဖူးတယ်။ အဲ့လိုနဲ့ ၈၈ နောက်ပိုင်းမှာ တက္ကသိုလ်တွေ မြို့ပြင်ထုတ်ခံရတယ်။ ပညာရေးကို စနစ်တကျ ဖျက်ဆီးတယ်။ လူတွေကို မစဉ်းစား မတွေးခေါ်တတ်တော့အောင် လုပ်တယ်။ သူတို့ကိုယ်တိုင်လည်း တာလီဘန်တွေလောက်သာ မပြင်းထန်တာ၊ အမျိုးသမီးတွေကိုဆို အထင်သေးတယ်။ အဓမ္မပြုကျင့်မှုဆိုတာကို လက်နက်တစ်ခုလို သဘောထားတယ်။ ဘာသာခြားတွေကို မုန်းတီးတယ်။ ခွဲခြားဆက်ဆံတယ်။ ပြောရရင်တော့ သူတို့ကမှ တာလီဘန်တွေနဲ့ တူနေတာပဲ။
တစ်ခုကွာတာက တာလီဘန်တွေက သူတို့ ရပ်တည်ချက်ကို ခပ်ပြတ်ပြတ် ပြောရဲတယ်။ သူတို့လုပ်ရင် သူတို့လုပ်ကြောင်းကို ဒဲ့ပြောတယ်။ ဒီမှာလို သတင်းမှားတွေနဲ့ မျက်နှာပြောင်တိုက် လျှောက်မလိမ်ဘူး။ ဒီမိုကရေစီက ယိုင်နဲ့နေလို့ပဲ ဝင်ထိန်းပေးရသလိုလိုတွေ လျှောက်မပြောဘူး။ Hypocrite မလုပ်ဘူး။ လူကောင်းဟန်မဆောင်ဘူး။ ဆိုတော့ အကြမ်းဖက်တာချင်း တူပေမဲ့ တာလီဘန်တွေထက်တောင် ဂုဏ်သိက္ခာ ကင်းမဲ့သေးတယ်လို့ပဲ ပြောရမယ်။
အခု ကျောင်းမတက်နဲ့ ပြောနေကြတာက ပညာမတတ်တော့အောင် လုပ်နေတာ မဟုတ်ဘူး။ တကယ်တမ်း ပြည်သူကို ပညာမတတ်စေချင်တာ ဘယ်သူတွေလဲ သေချာစဉ်းစားကြည့်။ အဓိကက သူတို့ အုပ်ချုပ်လို့ မရစေရဘူး ဆိုတာကို ပြချင်တာပဲ။ Civil Disobedience Movement ဆိုတာ အဲဒါ။ ဝန်ထမ်းနဲ့ပဲ ဆိုင်တာ မဟုတ်ဘူး။ ပြည်သူအားလုံးနဲ့ ဆိုင်တယ်။
ဒီတော်လှန်ရေးမှာ အသက်ပေးသွားရတဲ့ ကိုယ်နဲ့ ရွယ်တူတန်းတူ လူငယ်တွေကိုလည်း အားနာစေချင်တယ်။ သူများတွေကတော့ အသက်ပေး၊ ဘဝတွေ ရင်းနှီး၊ ကိုယ်ကတော့ တစ်နှစ်အအောက်မခံနိုင်လို့ ကျောင်းတက်မယ် ဆိုတာက ဒီမိုကရေစီနဲ့ တန်တဲ့သူတွေရဲ့ လုပ်ရပ်မျိုး မဟုတ်ဘူး။ ဒီလူတွေ ဆက်အုပ်ချုပ်သွားလို့ ဖြစ်လာမဲ့ နိုင်ငံအခြေအနေကလည်း ညီတို့၊ ညီမတို့ အနာဂတ်အတွက် ဘယ်လိုမှ မကောင်းနိုင်ဘူး။ ဒါကြောင့် တတ်အားသရွေ့ ဖီဆန်ကြဖို့ ပြောနေရတာ ဖြစ်တယ်။
လက်နက်ရှိရင်တော့ ကြောက်ရတာ မဆန်းပါဘူး။ အင်တာနက် ဖြတ်တာလိုမျိုး ကျွန်တော်တို့ Speak out လုပ်ရုံအပြင် မစွမ်းနိုင်တဲ့ ကိစ္စတွေလည်း ရှိတာပဲ။ သို့သော် ရရင်ရသလို ရတဲ့နေရာက ဖီဆန်အာခံသွားမယ် ဆိုတဲ့ ခံယူချက်မျိုးတော့ ကျွန်တော်တို့အားလုံးမှာ ရှိထားဖို့ လိုပါတယ်။
ဒေါက်တာ ဖြိုးသီဟ
၁၇.၅.၂၀၂၁

Leave a Reply

Your email address will not be published. Required fields are marked *