ပေးကြကမ်းကြရာဝယ် …

ကိုယ်တကယ်လိုအပ်နေတာကို ချစ်တဲ့ခင်တဲ့သူတွေသိအောင် ဘယ်လိုပြောပြ သတင်းပေးရမလဲ … နည်းလမ်းခက်နေပါလား။

ကိုယ့်ရဲ့ မချိမဆန့် ရောဂါဝေဒနာ ခံစားနေရတဲ့ပုံကို ဆိုရှယ်မီဒီယာတွေမှာ ပလူပျံတွေ့နေရရင် ဘယ်လိုခံစားရမလဲ … လူနာတစ်ယောက် အနေနဲ့ တွေးကြည့်မိဖူးပါသလား။

လှူပါဆိုလို့သာလှူလိုက်တယ်၊ လူနာဆီကလည်း အကြောင်းမကြားရ၊ ရောက်ကောရောက်ပါရဲ့လား … အလှူရှင်တစ်ယောက် အနေနဲ့ အားမလိုအားမရ ဖြစ်မိပါရဲ့လား။

ကိုယ်က ကြားကနေ အကျိုးဆောင် ကူညီပေးလိုက်ပေမယ့်၊ သက်ဆိုင်သူဆီကို တစ်စုံတစ်ရာ သက်သေပြဖို့က ဘာမှ မရှိပါလား … ဘယ်လိုလုပ်ရမလဲ …

ဒီလိုခံစားချက်မျိုးဖြစ်မိတယ်၊ ဒီလိုအခြေအနေမျိုး ကြုံနေရတယ်ဆိုရင်ပဲ ဒီဆောင်းပါးက သင့်အတွက်ဖြစ်နိုင်ပါတယ်။ ဆက်ဖတ်ပြီး သင့်တော်တဲ့ လမ်းညွှန်ချက်ကို ရှာနိုင်ပါတယ်။



======= လူတွေက တစ်ယောက်ကို တစ်ယောက် ကူညီကြရတယ် =======
အရင်းအမြစ် အကန့်အသတ်နဲ့ ရှိကြတဲ့ လူသားတွေအနေနဲ့ တစ်ချိန်မဟုတ် တစ်ချိန်မှာတော့ အရင်းအမြစ်တွေ ကုန်ခမ်းသွားတဲ့ (သူတပါးက ကူညီပေးမှသာ ဖြစ်တော့တာမျိုး) အခြေအနေဆိုက်ရောက် နိုင်ပါတယ်။
အထူးသဖြင့် အရေးပေါ်အဖြစ်တွေ၊ ဖျားနာ ကပ်ရောဂါ၊ မိုးခေါင်ရေရှား အစားအစာရှားပါးတဲ့ရာသီ၊ အိမ်မီးလောင် စီးပွားပျက်တာတို့မှာ ဒီသဘော ပိုပြီး ပေါ်လွင်ထင်ရှားလာပါတယ်။ ဒီလိုနဲ့ လူသားတွေက တစ်ယောက်ကို စောင့်ရှောက်ကြ၊ ပေးကြကမ်းကြရတဲ့ ဓလေ့ရှိလာပါတယ်။ နည်းနည်းရှိသူက လုံးဝမရှိသူကို ကိုယ့်မှာ ရှိတဲ့ အရင်းအမြစ်လေးတွေကို ခွဲခြမ်းပေးရ၊ တကယ်လိုအပ်သူကို မေတ္တာပြကြရတာပါ။ ဒါကတော့ ကိုယ်ချင်းစာတရားနဲ့ ဝေမျှတတ်တဲ့ အလွန်ချစ်ဖွယ်ကောင်းတဲ့ လူသားဆန်မှုပါပဲ။

ဒီလိုပေးကမ်းကြရာမှာ ပေးသူ၊ အပေးခံရသူ၊ ဆက်သွယ်ဆောင်ရွက်ပေးရသူ၊ ပရိသတ် ဆိုပြီး အုပ်စုတွေပေါ်လာပါတယ်။ ဒီအုပ်စုတွေကြားမှာ ဘယ်သူ့ကိုမှ မထိခိုက်အောင် ကိုင်တွယ်ရတာက လွယ်မယောင်နဲ့ ခက်လာပါတယ်။ တိမ်မယောင်နဲ့ နက်လာပါတယ်။ ဒီတော့ ပေးကြကမ်းကြရာဝယ် အဆင်ပြေစေမယ့် လမ်းညွှန်ချက် (၃) ချက်ကို ဖတ်ကြည့်ပါ။ ပြီးရင် သက်ဆိုင်သူကို မထိခိုက်အောင် ဘယ်လိုလုပ်ရမလဲလို့ ကိုယ်တိုင်တွေးပြီး၊ ဆုံးဖြတ်ပါ။ “Help but Do no harm – ကူညီပါ၊ ဒါပေမယ့် ထိခိုက်နာကျင်အောင် မလုပ်ပါနဲ့” လို့ အနှစ်ချုပ် သတိပေးပါတယ်။


(၁) အင်ဖော်မေးရှင်းက အသက် … information is key!
ပေးကြကမ်းကြ၊ လှူဖြစ်ကြဖို့အတွက် ပထမဦးဆုံးကတော့ အင်ဖော်မေးရှင်း လို့ခေါ်တဲ့ သတင်းအချက်အလက်ဖြစ်ပါတယ်။ ဘယ်နေရာမှာ ဘာဖြစ်နေတယ်၊ ဘယ်သူကတော့ အကူအညီလိုနေတယ်ဆိုတဲ့ သတင်းအချက်အလက်ရမှ အရင်းအမြစ်ရှိသူတွေက ကူညီပေးလို့ရမှာကိုး။ ဒီတော့ သက်ဆိုင်သူတွေ သိရှိသိသာစေမည့် အင်ဖော်မေးရှင်းကို အကူအညီလိုတဲ့သူကဖြစ်စေ၊ အခြားတစ်ယောက်ကဖြစ်စေ သတင်းပေးရပါမယ်။ ဒီလိုသတင်းပေးရာမှာ သတင်းခေါင်းစီးပုံစံဖြစ်သင့်ပြီး၊ စိတ်ဝင်စားသူများ ဆက်သွယ်ရမယ့် ဖုန်း၊ အီးမေးလ်စသည်ဖြင့် ဖော်ပြထားသင့်ပါတယ်။ အကျယ်တဝင့် မချိမဆန့်ပုံတစ်ပွေ့တစ်ပိုက်နဲ့ မဖြစ်သင့်ပါ။ ဒါက ဆိုင်သူ၊ မဆိုင်သူ လူထုအားလုံးကို ယေဘုယျသတင်းတို ပေးပို့တာပဲဖြစ်ပါတယ်။ သက်ဆိုင်သူက ဆက်လက်ဆက်သွယ်လာပြီဆိုရင် အသေးစိတ်လိုအပ်ချက်တွေကို ဆက်လက်ဖော်ပြနိုင်ပါတယ်။ ဒါမှလည်း အကူအညီပေးလို သူတွေ ဘာကူညီသင့်တယ်ဆိုတာ ဆုံးဖြတ်နိုင်မှာပါ။ သတင်းအချက်အလက်ဟာ လိုနေသူကို ကူညီပေးဖြစ်ဖို့ အစပထမ အက္ခရာကျတဲ့ အရာဖြစ်လာပါတယ်။ ဒါပေမယ့် အဲ့ဒီအဖွင့်သော့ကို ဂရုတစိုက်ရေးရပါမယ်။


ဥပမာ –
မောင်ဖြူ ဆေးရုံတင်ထားရပါတယ်။
ကူညီလိုသူများ -၀၀၀၀၀၀၀ သို့ဆက်သွယ်နိုင်ပါတယ်။ “


မောင်ဖြူဆိုတာ ဘယ်သူဘယ်ဝါဖြစ်ကြောင်း သူ့မျက်နှာပုံလေးတစ်ပုံဆိုရင်ပဲ အဆင်ပြေနေပါပြီ။ (လူနာရဲ့ ထိခိုက်ဒဏ်ရာရထားပုံ၊ မချိမဆန့်ဝေဒနာ ခံစားပုံတွေ လုံးဝမတင်သင့်ပါ) help, but do no harm!



(၂) လျှို့ဝှက်ရတာတွေကို ကာကွယ်ပေးပါ (protect somebody’s privacy)
လူတွေမှာ အများအသိမခံလိုတဲ့ အရာတွေရှိတတ်ကြပါတယ်။ အောင်မြင်ကျော်ကြားသူမှ မဟုတ်ပါဘူး၊ လူတစ်ယောက်ဖြစ်တိုင်းမှာ လူထုဆီ အသိမခံတဲ့ အရာတွေရှိပါတယ်။ ဒါကို သက်ဆိုင်သူတွေ၊ ကူညီသူတွေက ကာကွယ်ပေးရပါမယ်။ အိမ်မှာ ဘယ်လိုဘယ်ပုံနေထိုင်စားသောက်ကြတာ၊ အက်စီးဒင့်ဖြစ်တဲ့မြင်ကွင်းတွေ စတာတွေဟာ သက်ဆိုင်သူရဲ့ ချပြချင်တဲ့ မြင်ကွင်းလည်းဖြစ်ချင်မှဖြစ်မှာ။ အင်ဖော်မေးရှင်းဟဲ့ ဆိုပြီး မြင်မြင်သမျှ ဓာတ်ပုံရိုက်၊ အွန်လိုင်းကို အလျင်စလိုတင်ကြတာမျိုးက သူတပါးရဲ့ လျှို့ဝှက်ရမယ့်အရာတွေကို ချိုးဖောက်တာမျိုးဖြစ်သွားတတ်ကြပါတယ်။ ကိုယ်တိုင်တောင်မှ အကောင်းဆုံးလို့ ထင်ရတဲ့ ပုံတွေကိုပဲ တင်ကြတာမဟုတ်ဘူးလား။ သူတပါးလည်း ကိုယ့်လိုပဲ ကောင်းတာလေးတွေကိုပဲ ဆိုရှယ်မီဒီယာမှာ ချပြချင်မှာပေါ့။ ဒါကို သိစိတ်နဲ့ အကာအကွယ်ပေးရပါမယ်။ ဒါကြောင့်ပဲ လှူသူတွေက ယူသူတွေရဲ့ မျက်နှာကို တစ်ဝတစ်ပြဲ ဆိုရှယ်မီဒီယာမှာ တင်ကြတာမျိုးကို ခံစားမှု အဆင့်အတန်းမြင့်လာတဲ့ လူတွေက လက်သင့်မခံကြတော့ဘူး။ ပေးတာကဖြင့် တစ်ရက်၊ တစ်ပတ်စာ နဲ့ သူတပါး မရှိဆင်းရဲသားမျက်နှာနဲ့ အလှူရှင်က အမှတ်ယူပြီး အမြဲတမ်း ဆိုရှယ်မီဒီယာမှာ ပျံ့နှံ့စေတာမျိုး ကိုယ်ဆိုရင်ရောလို့ ကိုယ်ချင်းစာ မတွေးကြသူတွေရဲ့ လုပ်ရပ်မျိုးပဲမဟုတ်ဘူးလား။ လူသားတွေရဲ့ အရှက်သိက္ခာ၊ နာကျင်ခံစားရမှုမျိုးကို ဖုံးကွယ်ပေးတာ၊ အကာအကွယ်ပေးတာကတော့ အဆင့်မြင့်တဲ့ အကူအညီတစ်မျိုးပါပဲ။ ဆိုရှယ်မီဒီယာမှာ ကိုယ့်အလှူကို ဖော်ပြတော့မယ်ဆိုရင် … သက်ဆိုင်သူရဲ့ လျှို့ဝှက်အပ်တာတွေကို ချိုးဖောက်မိသလားလို့ ၃ ကြိမ်လောက်စီစစ်သင့်ပါတယ်။ help but do no harm!



(၃) တာဝန်ယူ၊ တာဝန်ခံမှု (follow accountability rules)
ဒီအချက်ကတော့ ပေးသူနဲ့လက်ခံသူ တိုက်ရိုက်ဆိုရင် ကိစ္စပြတ်ပါတယ်။ ပေးသူကလည်းပေးပြီး၊ လက်သင့်ခံသူကလည် လက်ခံရင်ပြီးပါပြီ။ နှစ်ဘက်စလုံး မျက်နှာချင်းဆိုင် ကျေနပ်ကြရမှာပါ။ ဒါပေမယ့် အကူအညီ ပေးသူနဲ့ ယူသူကြားမှာ တတိယပုဂ္ဂိုလ်ပါလာတဲ့အခါ … တာဝန်ခံမှု စည်းတွေကို စောင့်ရပါမယ်။ ပေးလိုက်တဲ့အတိုင်း၊ အကူအညီလိုအပ်နေသူ လက်ထဲရောက်ကြောင်းကို သက်သေပြဖို့လိုပါတယ်။ ဘယ်လောက်ပဲ ရင်းနှီးပါစေ၊ ငွေနဲ့ပတ်သက်ရင် အချက်အလက်နဲပဲ ကိုင်တွယ်ကြရပါတယ်။ ငွေဟာ လူစိတ်ကို အပြောင်းစေနိုင်ဆုံးမို့၊ စည်းတွေနဲ့ မချုပ်ထားရင် လွတ်ထွက်ကုန်ပါတယ်။ အထက်က” ပေးကားပေး၏မရ ” ဆိုတာမျိုးက ကြားခံလူပုဂ္ဂိုလ်တွေ၊ အဖွဲ့အစည်းတွေရဲ့ ပြုလုပ်ချက်တွေရှိနေလို့ပါပဲ။
ဒီတော့ ပေးသူက လက်ခံသူကို တိုက်ရိုက်မထိတွေ့နိုင်တဲ့ အခါမျိုးမှာ … အလှူရောက်ပါတယ်ဆိုတာကို ဓါတ်ပုံ၊ အသံဖိုင်၊ စာရေးတာ၊ လက်မှတ်ထိုးတာ စတာတွေနဲ့အတည်ပြုရပါမယ်။ ဒါပေမယ့် ဒီဓါတ်ပုံ၊ အသံဖိုင်၊ ပေးစာ၊ လက်မှတ် တွေက အားလုံးကို ပြသရမယ့်အရာတွေ မဟုတ်ပါဘူး။ လျှို့ဝှက်ကန့်သတ်တွေဖြစ်ပါတယ်။ လူထုဆီ ပေါက်ကြားစရာမလိုပါ။ တာဝန်ခံမှုအတွက် လုပ်ကြရတာဖြစ်တာမို့ လက်ခံရသူဘက်ကလည်း နားလည်ပေးရသလို (ဓါတ်ပုံရိုက်ခံတာ၊ အသံဖိုင်ပေးပို့တာ၊ စာတိုရေးပို့တာ၊ လက်မှတ်ထိုးရတာ လုပ်ပေးရမယ်)၊ ကြားခံလုပ်ပေးတဲ့သူနဲ့ အလှူရှင်ဘက်ကလည်း ဒါသက်သေ အချက်အလက်တွေကို ဘယ်လိုကိုင်တွယ်ရမယ်ဆိုတာ ကောင်းကောင်းသိရမယ်။ ပရိုင်ဗယ်ဆီ (လျှို့ဝှက်အပ်တာတွေ) အဖြစ်လေးစား ကာကွယ်ပေးရမယ်။ ဒီလိုလုပ်တာရဲ့ အဓိကအချက်ဟာ အလှူဟာ နောက်ဆုံးပန်းတိုင်သို့ ဆိုက်ဆိုက်မြိုက်မြိုက်ရောက်တယ်ဆိုတာကို သေချာစေဖို့ပဲဖြစ်ပါတယ်။

ဓါတ်ပုံ၊ အသံဖိုင်၊ စာတို၊ လက်မှတ် ဆိုတာက transactional record, accountability အတွက်ပဲ။ သက်ဆိုင်သူပဲ သိခွင့်ရတဲ့ အင်ဖော်မေးရှင်းတွေပါ။ အချိန်မရွေးစစ်ဆေးလို့ရတဲ့ အထောက်အထားတွေဖြစ်ပါတယ်။

လက်ယာလက်ပေးတာ လက်ဝဲမသိစေနဲ့ဆိုတာတွေကို တစ်လွဲသုံးပြီး တာဝန်ခံမှုပျောက်ဆုံးကုန်တာ၊ ရှုပ်ထွေးကုန်တာ အများကြီးရှိနေတယ်။ တကယ်တမ်း ငွေကြေးနဲ့ပတ်သက်ရင် တာဝန်ယူ၊ တာဝန်ခံမှုက အရေးကြီးဆုံးပဲ။ ပေးသူ၊ လက်ခံသူ၊ ကြားကတတိယပုဂ္ဂိုလ်အားလုံး သိသင့်တဲ့ အင်ဖော်မေးရှင်း သီးသန့်ရှိရမယ်။ နောက်ပြီး အပြင်ကလူတိုင်းသိသင့်တဲ့ အင်ဖော်မေးရှင်း သီသန့်ရှိရမယ်။ ဆက်စပ် ပတ်သက်သူတွေ၊ ကိုင်တွယ်သူတွေ ဒီသဘောကို လုံးဝနားလည်သင့်တယ်။

ဒီလိုစည်းကမ်းလေးတွေက အလှူရှင်၊ အလှူလက်ခံသူ၊ ကြားက တတိယပုဂ္ဂုလ် အားလုံးကို သံသယကင်းအောင် အကျိုးပေး ကူညီတာပဲ။ တစ်ချို့အချက်အလက်တွေက သူတို့ကလွဲလို့ ကျန်တဲ့သူတွေ သိဖို့မလိုပါဘူး။ ဒီနည်းလမ်းကို မသိဘဲ၊ မစောင့်စည်းပါပဲ ရသမျှဖိုင်၊ ဓါတ်ပုံ၊ စာတိုတွေကို ဆိုရှယ်မီဒီယာပေါ်မှာ တင်နိုင်စိန်လုပ်နေကြမယ်ဆိုရင် … ပရိုင်ဗယ်ဆီကို ချိုးဖောက်မိတော့တာပါပဲ။ မလိုလားအပ်တာတွေ ဖြစ်စေမှာသေချာပါတယ်။ take responsibility and accountability, but do no harm!


ပေးကြကမ်းကြ ကူညီကြနိုင်ဖို့အတွက် … သတင်းလေးပေးပါ၊ ကူညီကူပါ၊ ကြားခံလူအဖြစ်လည်း လုပ်ကြပါ။ ဒါပေမယ့် လျှို့ဝှက်အပ်တာလေးတွေကို ကာကွယ်ပေးကြ၊ စည်းလေးတွေ စောင့်ထိန်းပေးကြပါ။ ကိုယ့်ပုံတစ်ပုံတင်ဖို့တောင် ဝနေလား၊ ပိန်နေလား၊ မဲ့နေလား၊ အဝတ်အစားက ဘယ်လိုနေလဲ၊ စတိုင်က မမိုက်ဘူးလား … မျက်လုံးကဘယ်သို့၊ ဆံပင်က ဘယ်သို့ …. စသည်ဖြင့် စီစစ်ပြီးမှ တင်တတ်ကြပေမယ့်၊ သူတပါးရဲ့ ဆင်းရဲမွဲတေပုံတွေ၊ ကူကယ်ရာမဲ့အကြည့်မျက်လုံးတွေ၊ မချိမဆန့်ပုံတွေကို ဆင်ခြင်ဉာဏ်မသုံးပါပဲ ဗုံးလအော တင်တာ၊ ဥပဒေအရ ကန့်သတ်ထားတဲ့ ဆေးရုံဆေးခန်းမရှောင် ဓါတ်ပုံရိုက်တင်တာမျိုးကတော့ … ခံစားမှုအဆင့်မြင့်တဲ့ လူ့အသိုင်းအဝိုင်းက ရှောင်ကြပါတယ်။ ကိုယ်ကတော့ ဘယ်နေရာအခြေအနေဆိုရင် ဘာလုပ်မလဲဆိုတာ ကိုယ်တိုင်ပဲ ဆုံးဖြတ်ကြပါ။


နောက်ဆုံးအနေနဲ့ … စိတ်နေစိတ်ထားကို ပြောချင်ပါသေးတယ်။ ပေးကြကမ်းကြတယ် ဆိုရာ၀ယ် …. နည်းနည်းရှိသူက မရှိသူကို သူ့မှာရှိတဲ့ အရင်းအမြစ်တွေကို ဝေမျှလိုက်ရင်ပဲ သူလည်း တစ်ဆင့်နိမ့်ပြီး ဆင်းရဲမှုကို ခံယူလိုက်ရတာပါပဲ။ ဒီတော့ ကိုယ့်ကို တစ်စုံတစ်ရာ ပေးတဲ့သူဟာ ကိုယ့်ရဲ့ ဆင်းရဲဒုက္ခကို လျော့ပါးအောင် မျှေ၀ေ ခံစားတဲ့သူလို့ မှတ်ယူရပါမယ်။ လေးစား တန်ဖိုးထားရပါမယ်။ ကိုယ်တတ်နိုင်လာတဲ့အခါမှာလည်း အခြားသူတွေရဲ့ ဒုက္ခကို မျှဝေနိုင်ဖို့လည်း လိုအပ်ပါတယ်။ အန္တရယ်ကင်းစွာ တစ်ယောက်ကို တစ်ယောက် စောင့်ရှောက် ပေးကမ်းနိုင်ကြပါစေ။ ကျေးဇူးတင်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *