လတ်တလော တက်လာတဲ့ သတင်းကတော့ ထူးဆန်းပါတယ်။ ဆေးရုံတွေ ” ပြန်လည်ဖွင့်လှစ်ပြီ ဖြစ်ပါသည်” ဆိုတဲ့ဆိုင်းဘုတ်။ နောက်တစ်ခုကတော့ ” တာဝန်ထမ်းဆောင်ကြမည့် ကျန်းမာရေးဝန်ထမ်းများကို လှိုက်လှဲစွာ ကြိုဆိုပါသည်” ဆိုတဲ့ ဆိုင်းဘုတ်။ အဲ့ဒီဆိုင်းဘုတ်တွေကို ရဲတွေက တစ်နိုင်ငံလုံးရှိ ဆေးရုံတွေရှေ့မှာ စိုက်ထူနေကြတဲ့ သတင်းပါ။ ဆေးဝန်ထမ်းတွေ ရယ်ဒီရှိနေတာ မဟုတ်ပါဘဲ၊ ဆေးရုံတွေကို ဘယ်လိုဖွင့်လှစ်တာပါလိမ့်။ ရှေ့နောက် မညီဘူးလို့ ချက်ချင်းခံစားမိသွားပါတယ်။
မြန်မာ့နွေဦးတော်လှန်ရေးဟာ ရန်ကုန်၊ မန္တလေးလို မြို့ပြကြီးမှာတောင် ဆေးဝန်ထမ်းမရှိဘဲ ဆေးရုံတွေဖွင့်လှစ်နေရတဲ့ အနေအထားဖြစ်လာပါတယ်။ စစ်ကောင်စီရဲ့စကားလုံးတွေရဲ့ အခြားတစ်ဘက်ကို စောစောစီးစီး ဖောက်ထွင်းမြင်နိုင်တာ၊ စောစောစီးစီး အာဏာဖီဆန်လိုက်တာကတော့ ဆေးဝန်ထမ်းတွေပဲမဟုတ်ပါလား။ သေနတ်ကိုင်ပြီး တိုင်းပြည်ရဲ့ ကဏ္ဍ အားလုံးကို ဆရာကြီးလာလုပ်လို့မရဘူးလို့ ငြိမ်းချမ်းစွာ အာခံလိုက်တာဖြစ်ပါတယ်။
ဘာပဲပြောပြော ဆေးဝန်ထမ်းတွေ မရှိတဲ့ဆေးရုံတွေဆိုတာ အာဏာလုစစ် ကောင်စီအတွက် ကြီးမားတဲ့စိန်ခေါ်မှုတွေဖြစ်စေပါတယ်။ အလားတူပဲ အခြားသော နယ်ပယ်တွေမှာလည်း အာဏာလု စစ်ကောင်စီရဲ့ အာဏာကို ဖီဆန်မှုတွေ တိုးလာနေပါတယ်။
ဆေးဝန်ထမ်းတွေဟာ ဆေးရုံမှာ ရှိသင့်ပါလျှက်နှင့် မရှိတော့ပါ။ ပညာရေးဝန်ထမ်းတွေဟာ တက္ကသိုလ်တွေ၊ စာသင်ကျောင်းတွေမှာ ရှိသင့်ပါလျှက်နှင့် မရှိတော့ပါ။ ဘဏ်ဝန်ထမ်းတွေဟာ ဘဏ်တွေမှာ ရှိသင့်ပါလျှက်နှင့် မရှိတော့ပါ။ မီးရထားဝန်ထမ်းတွေဟာ မီးရထားတွဲတွေမှာ ရှိသင့်ပါလျှက်နှင့် မရှိတော့ပါ။ ပို့ကုန်သွင်းကုန်ဝန်ထမ်းတွေဟာ ဌာနမှာရှိနေသင့်ပါလျှက်နှင့်မရှိတော့ပါ။
ဖြစ်စဉ်တွေအားလုံးရဲ့ ဇစ်မြစ်ကိုလိုက်ကြည့်တဲ့အခါ … ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ စစ်သားတွေ စစ်တန်းလျားကထွက်လာပြီး အာဏာသုံးရပ်စလုံး သိမ်းကျုံးယူလိုက်တာကနေ စတင်တာကိုတွေ့ရပါတယ်။ ပြည်သူကို ကာကွယ်ပေးရမယ့် အင်စတီကျူးရှင်းကြီးဟာ ပြည်သူကို ရက်စက်စွာ သတ်ဖြတ်လာတာကနေ နေရာအလွဲတွေ ပိုပြီး တိုးလာပါတယ်။
ကနေ့ တိုင်းပြည်ရဲ့ အခက်အခဲအားလုံး၊ အလွဲအမှားအားလုံးရဲ့ မူလတာဝန်ရှိသူဟာ စစ်တန်းလျားမှာ မနေတတ်တဲ့ အကြမ်းဖက် စစ်အုပ်စုကြောင့်ပဲဖြစ်ပါတယ်။ ကာကွယ်ရေးအာဏာယူရမယ့်သူဟာ နိုင်ငံရေးအာဏာ ယူနေလို့ဖြစ်ပါတယ်။ လက်နက်နဲ့ အရာရာကိုလုပ်လို့ရမယ်လို့ ခံယူပြီး လုပ်နေလို့ဖြစ်ရတာပါ။ နေရာလွဲနေတဲ့ တပ်မတော်ကို သူ့ပုံမှန် နေရာပြန်တည့်လိုက်ရင်၊ … စစ်သားဟာ စစ်တန်းလျားကိုပြန်သွားမယ်ဆိုရင် ကျန်တဲ့ ဌာနဆိုင်ရာဝန်ထမ်းအသီးသီးကလည်း မိခင်ဌာနတွေ၊ လုပ်ငန်းခွင်တွေဆီ သူတို့ပြောသလို အပြုံးမပျက် ရုံးတက်နိုင်ကြမှာပေါ့။
အခုတော့ ဌာနအသီးသီးက ဝန်ထမ်းတွေဟာ သေနတ်မိုးထားတဲ့အောက်မှာ အလုပ်မလုပ်နိုင်ဘူး။ ပညာသည်တွေကို စစ်သားက ခိုင်းတာမလိုချင်ဘူး။ legitimate တရားဝင်အခွင့်အာဏာ မရှိတဲ့သူတွေခိုင်းတာ လုပ်မပေးနိုင်ဘူးလို့ တင်းခံနေကြတာပါ။ ရာထူးတိုးပေးမယ်၊ အခွင့်အရေးပေးမယ်ဆိုရင်လည်း မယူဘူးလို့ ဆိုကြပါတယ်။
တပ်မတော်က နေရာယူလွဲနေသရွေ့ ဒီနိုင်ငံကို တိုးတက်အောင် တွန်းတင်ဖို့ကိစ္စက မဖြစ်နိုင်ပါဘူး။ နေရာယူလွဲနေတဲ့ ပြဿနာပါပဲ။ ပြည်သူ့ဝန်ထမ်းတွေဟာ ပြည်သူရွေးချယ်ထားတဲ့ အစိုးရအောက်မှာပဲ အလုပ်လုပ်ချင်တာပါ။ လက်နက်ကိုင်တွေခိုင်းသမျှလုပ်ဖု့ိ မဟုတ်ပါဘူး။
ဒါကြောင့် နေရာလွဲနေတဲ့ အကြမ်းဖက်စစ်အုပ်စုဟာ ကျန်တဲ့ဌာနဆိုင်ရာ ဝန်ထမ်းတွေကို မိခင်ဌာနအသီးသီးသို့ ပြန်ဖို့ မတိုက်တွန်းမီ၊ ကိုယ်တိုင် အရင်ဆုံး စစ်တန်းလျား ပြန်ဖို့လိုပါတယ်။ စစ်အုပ်စုသာ စစ်တန်းလျားပြန်ရဲတဲ့ သတ္တိရှိမယ်ဆိုရင်၊ ကျန်တဲ့ ဌာနဆိုင်ရာ ပြည်သူ့ဝန်ထမ်းအသီးသီးလည်း မိခင်ဌာန၊ မိမိအလုပ်ခွင်ကို ပြန်ဖို့ ပိုလို့တောင် သတ္တိရှိကြပါတယ်။
တပ်မတော် စစ်တန်းလျားပြန်တဲ့တစ်နေ့ မြန်မာပြည်မှာ ငြိမ်းချမ်းရေး စတင်တဲ့နေ့ ဖြစ်ပါလိမ့်မယ်။ နေရာအလွဲများ အဆုံးသတ်ပါစေတော့။