ဒီမိုကရေစီ အနီးအဝေး (OPINION)

မြန်မာ့ နိုင်ငံရေးက လမ်းဆုံလမ်းခွမှာ ရောက်နေပါတယ်။ ပေးဆပ်ရမယ့် တန်ဖိုးမြင့်မားပါတယ်။ စစ်ကောင်စီက လက်နက်အပြည့်နဲ့ အကြောက်တရားကို အခြေခံပြီး အာဏာရှင်စနစ်ကို အသက်သွင်းနေတယ်။ တစ်ဘက်မှာက လက်နက်မဲ့၊ ဒီမိုကရေစီ စနစ်ကို ယုံကြည်လက်ခံတဲ့ ရဲရင့်တဲ့ ပြည်သူလူထုဟာ စစ်တပ်အာဏာသိမ်းမှုကို ဆန့်ကျင်နေပါတယ်။ မြန်မာနိုင်ငံမှာ ဒီမိုကရေစီ ပြန်ဖြစ်ထွန်းဖို့ နီးမလား၊ ဝေးမလား။ ဘာတွေဆက်ဖြစ်လာနိုင်ပါသလဲ။

၂၀၀၈ ခြေဥအောက်မှာ လွတ်တော်သက်တမ်း ၂ ခုရှိခဲ့ပါတယ်။ စစ်ဘောင်းဘီချွတ်ထားတဲ့ ဗိုလ်ချုပ်တွေဦးဆောင်တဲ့အစိုးရက ပထမ ၅ နှစ်သက်တမ်း နှင့် ဒုတိယ ၅ နှစ်သက်တမ်းကို အန်အဲလ်ဒီဦးဆောင်တဲ့ အစိုးရက ဦးဆောင်ခွင့်ခဲ့ကြပါတယ်။ ရွှေရည် စိမ်ဒီမိုကရေစီဘဲပြောပြော၊ လူထုဟာ ဒီမိုကရေစီအရသာကို အနည်းအကျဉ်းတော့ ခံစားခွင့်ရခဲ့ကြပါတယ်။ ကိုယ်ယုံကြည်ရာ ပြောဆိုခွင့်တွေရခဲ့ကြသလို၊ အင်တာနက်တွေကိုလည်း ကောင်းကောင်းသုံးခွင့်ရခဲ့ကြတာမို့ ဒီမိုအငွေ့အသက်၊ အသိအမြင်တွေ တိုးတက်လာခဲ့ရပါတယ်။ အနည်းဆုံးတော့ ဒီမိုကရေစီစနစ် အရသာကိုလည်း မြတ်နိုးတန်ဖိုးထားတတ် လာကြတယ်လို့ ဆိုကြရမှာပါ။

ဒါပေမယ့် မျှော်လင့်မထားပါပဲ၊ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် စစ်တပ်က အာဏာသိမ်းယူလိုက်ပါတယ်။ အာဏာသိမ်းယူရသည့် အဓိကအချက်အဖြစ် ၂၀၂၀ နိုဝင်ဘာလ ၈ ရက်နေ့မှာ ကျင်းပခဲ့တဲ့ အထွေထွေရွေးကောက်ပွဲကြီးမှာ မဲစာရင်းမှားယွင်းမှု ရှိတယ်ဆိုတဲ့စွပ်စွဲချက်ကို ဖော်ပြပါတယ်။ စစ်တပ်က အာဏာသိမ်းတယ်လို့ မပြောဘဲ၊ အာဏာထိန်းတယ်လို့ စကားလုံးလှည့်သုံးပါတယ်။ စစ်ကောင်စီလို့ခေါ်တဲ့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (န.စ.က) ကိုဖွဲ့စည်းပြီး၊ ၂၀၀၈ ခြေဥအရ ဒီမိုကရေစီ စနစ်နဲ့ ဆက်သွားမှာဖြစ်ပြီး၊ တစ်နှစ်အတွင်း ရွေးကောက်ပွဲပြည်လည် ကျင်းပပေးမယ်လို့လဲ ကတိပြုပြောဆိုပါတယ်။ ဒါပေမယ့် အာဏာသိမ်းစစ်အစိုးရကို ပြည်သူများက မယုံပါ။ မယုံကြရသည့် အကြောင်းတရားကလည်း သမိုင်းနဲ့ချီပြီး စစ်ဗိုလ်ချုပ် နေဝင်း၊ စောမောင်၊ သန်းရွှေ တို့က အစအဆက် သက်သေပဲမဟုတ်ပါလား။ တစ်ခါသေဖူး ပျဉ်ဖိုးနားလည် တယ်လို့ ဆိုရမလားပဲ။ ပြည်သူဟာ ကိုဗစ်ထက် စစ်အဏာရှင်အရေးကို ပိုပြီး အာရုံကျလာပါတယ်။

ဒီမိုကရေစီနည်းလမ်းတကျ ပြည်သူ့မဲဖြင့် ရွေးချယ်ခံထားရသော နိုင်ငံတော်သမ္မတနှင့် အပေါင်းပါတို့ကို ဖမ်ဆီးထိန်းသိမ်းလိုက်တာရယ်၊ ပြည်သူ့ဟာ တပ်မတော်ရဲ့ကိုယ်ကျိုးရှာမှု နှင့် ကောက်ကျစ်စဉ်းလဲမှုကိုသိထားတာရယ်၊ ဒီမိုကရေစီစနစ်ကို လေးလေးနက်နက်ယုံကြည်သက်ဝင်တာရယ်၊ မိမိတို့မဲကို မထီမဲ့မြင်ပြုခံရလို့ ခံပြင်းစိတ်တွေရယ် ပေါင်းစပ်လိုက်တဲ့အခါ … ပြည်သူ လူထုက ဖေဖော်ဝါရီလ ၅ ရက်ကစတင်ပြီး လမ်းပေါ်ထွက်လာပါတယ်။

မတ်လ ၁၆ ရက်နေ့အထိ လက်နက်မဲ့ပြည်သူတွေကို စစ်ကောင်စီရဲ့ လက်နက်ကိုင်များက ရက်စက်စွာ ပစ်သတ်ခဲ့ကြပါတယ်။ သေဆုံးစာရင်းက ရာချီနေပြီဖြစ်ပါတယ်။ ထိခိုက်ဒဏ်ရာရသူ၊ ပစ္စည်းဥစ္စာဆုံးပါးသူများလည်း အများအပြားရှိပါတယ်။ စိတ်ဒဏ်ရာကတော့ တစ်တိုင်းပြည်လုံးရကြတယ်လို့ ဆိုရမှာပါ။ စီးပွားရေးလည်း လုံးဝရပ်တန့်သွားတဲ့ အနေအထားဖြစ်ပါတယ်။ လူတွေက ဘယ်နေ့မှာများ ဒီစစ်ကောင်စီကို အနိုင်ရမလဲလို့ တွေးဆ ရင်မောနေကြရပါတယ်။ စစ်တပ်အာဏာသိမ်းပြီး ၄၅ ရက်ရောက်သည့်အချိန်တွင် ပြည်သူဟာ ဒီမိုကရေစီ တောင်းဆိုတိုက်ပွဲမှသည် ဒီမိုကရေစီ တိုက်ယူတိုက်ပွဲဘက်သို့ လမ်းကြောင်းပြောင်း စိတ်ယိမ်းနေကြပြီဖြစ်ပါတယ်။ အာဏာလုတဲ့သူဆီက ဒီမိုကရေစီကို တောင်းလို့မရဘူးဆိုတာကိုနားလည်လာကြပါတယ်။ အရှက်တရား၊ သိက္ခာတရားမရှိတဲ့ အကြမ်းဖက်သမားဆီက ကောင်းတာတစ်ခုမှ မျှော်လင့်လို့ မရတာ သိလာကြပါတယ်။

အာဏာလုစစ်အုပ်ကိုတန်ပြန်သည့်အနေဖြင့်၊ ပြည်သူ့မဲဖြင့် တက်လာသော ရွေးကောက်ခံလွှတ်တော်အမတ်များစုပေါင်းပြီး ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီတစ်ရပ်ကို ဖွဲ့စည်းပါတယ်။ ထို့နောက် နိုင်ငံတကာ သံတမန် ဆက်ဆံရေးရုံးကိုလည် အမေရိကန်မှာဖွင့်လှစ်ပါတယ်။ ကုလသမ္မဂသို့လည်း အထူးကိုယ်စားလှယ်သံအမတ်ကြီးအဖြစ် ဒေါက်တာဆာဆာကို ခန့်အပ်တာဝန်ပေးပါတယ်။ နိုင်ငံတကာနှင့်သက်ဆိုင်သော ကုလသမ္မဂအသိုင်းအဝန်းမှာ လှုပ်ရှားသလို၊ ဗြိတိန်၊ အမေရိကန်၊ ဥရောပ ရှိ လွှတ်တော်များ၊ သံတမန်များအကြားမှာ သံခင်းတမန်ခင်း လုပ်ဆောင်နေပါတယ်။ ကုလသမ္မဂဆိုင်ရာ သံအမတ်ကြီးကလည်း လက်ညှိုးသုံးချောင်းထောင်ပြီး ပြည်သူ့ဘက်က သမိုင်းဝင်ရပ်တည်လာပါတယ်။ ဒါတွေက စစ်ကောင်စီကို အဆင့် အတန်းမြင့်မြင့် အရှိုက်ထိုးနိုင်ခဲ့ပါတယ်။ နိုင်ငံတကာရဲ့ ဖိအားနဲ့ စီးပွားရေး ဒဏ်ခတ် ပိတ်ဆို့မှုများကိုလည်း တွေ့ခဲ့ရပါတယ်။

စစ်ကောင်စီကတော့ သူ့ရဲ့လက်နက်ကိုင်တပ်တွေကို အသုံးချပြီး အောက်လမ်းနည်းနဲ့ ပြည်သူလူထုကို အကြောက်တရားသွတ်သွင်းပါတယ်။ သွေးအေးအေးနဲ့ သတ်ရဲဖြတ်ရဲတဲ့ စစ်တပ်ကြီးကို အသုံးချနေပါတယ်။ ခိုင်းသလို လုပ်မယ့်၊ ထိုးချခံမယ့် ရဲတွေလည်း ရှိနေပါတယ်။ အရိုးအရင်းကိုက်မယ့် သာပေါင်းတွေ၊ ဒလံတွေလည်း ရပ်ကွက်မှာ အပြည့်ထားပါတယ်။ မတ်လ ၁၅ ရက်နေ့အထိ စစ်အစိုးရ၏ သတ်ဖြတ်ခံရသူ ပြည်သူ ၁၈၃ ဦးရှိတဲ့အကြောင်း AAPP ကထုတ်ပြန်ပါတယ်။ ဒါတွေက စစ်ကောင်စီရဲ့ အာဏာတည်မြဲရေး အရင်းအမြစ်တွေ၊ နည်းလမ်းတွေလို့ ဆိုနိုင်ပါတယ်။ ကာ/ချုပ် တစ်ဖြစ်လဲ န.စ.က ဥက္ကဌရဲ့ စကားနဲ့ ပြောရရင် ဆိတ်ခေါင်းချိတ်ပြီး ခွေးသားရောင်းနေပါတယ်။ ဒီမိုကရေစီနဲ့ သွားမယ်ဆိုပြီး ညအချိန်မတော် ဧည့်စာရင်းစစ်တာ၊ ညမှာအကောင်းအတိုင်း ဖမ်းခေါ်သွားပြီး မနက်ကျ အလောင်းပြန်ပို့တာ၊ သတင်းမီဒီယာတွေကို ရပ်နားပစ်တာ၊ အင်တာနက်ကို ပိတ်ပစ်တာ၊ မာရှယ်လောထုတ်ပြီး ထိန်းချုပ်လိုက်တာ၊ လူတွေကို အရမ်းကာရော ဥပဒေမဲ့ပစ်သတ်တာ တွေ လုပ်ပါတယ်။

ဒါပေမယ့် စစ်အစိုးရဟာ အခြားသော နယ်ပယ် ကဏ္ဍတွေမှာ အာဏာတည်မြဲရေး အခက်အခဲကြီးကို ရင်ဆိုင်နေရပါတယ်။ စစ်ကောင်စီအတွက် အရှိုက်ထိတဲ့ နောက်ရိုက်ချက်တစ်ခုကတော့ စီဒီအမ်ခေါ် အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှုဖြစ်ပါတယ်။ ဆရာဝန်များက စတင်ဦးဆောင်ခဲ့ပြီး ယခုအခါ ဌာနဆိုင်ရာ ဝန်ထမ်းအသီးသီးလည်း ပါဝင်လာပြီဖြစ်ပါတယ်။ စစ်ကောင်စီ အနေဖြင့် လူတွေကို ဒီအတိုင်း လွှတ်ထားပြန်ရင်လည်း သူတို့အာဏာမသက်ရောက်၊ လူတွေက မလေးစား၊ မကြောက်ရွံ့ တော့က အခက်အခဲဖြစ်နေတာပါ။ လူတွေက သူတို့ မဲပေးထားတဲ့သူတွေမဟုတ်ရင်ဘဲ အအုပ်ချုပ်မခံကြတော့ပါ။ အကြမ်းဖက် သတ်ပြန်ရင်လည်း လူတွေက ပိုပြီးရွံရှာ၊ နိုင်ငံတကာက ပိုပြီးဂရုစိုက်လာ၊ ပြည်သူက ပိုပြီးတော်လှန်ပုန်ကန် လာကြတဲ့အနေအထားကို တွေ့ကြုံနေရပါတယ်။ သတင်းမီဒီယာကလည်း မျက်စိတစ်ထောင်လို အလုပ်လုပ်နေပါတယ်။ အကြမ်းဖက်မှု မှန်သမျှ မှတ်တမ်းမှတ်ရာ ကျန်နေရစ်ပါတယ်။ ဒါဟာ ၈၈ နဲ့မတူညီနဲ့ စိန်ခေါ်မှု ဖြစ်ပါတယ်။

လွန်ခဲ့တဲ့ ၁၀ နှစ်တာကာလကို သမင်လည်ပြန်ကြည့်လိုက်ရင် … မြန်မာက ဒီမိုကရေစီတံခါးကို မရဲတရဲဖွင့်လိုက်တာနဲ့တူပါတယ်။ ဘာပဲပြောပြော တံခါးဖွင့်လိုက်တဲ့အခါ မြင်ကွင်းပိုကျယ်လာခဲ့ပါတယ်။ ပိတ်လှောင်ခံထားရတဲ့ မြန်မာ့လူ့အဖွဲ့အစည်းဟာ အင်တာနက်ကို ထိတွေ့ခွင့်ရခဲ့တယ်။ ယူနီကုတ်စနစ်တွလည်း ရှိလာပါတယ်။ ပြောရေးဆိုခွင့်လည်း အတော်အတန်ရှိလာခဲ့ပါတယ်။ မြန်မာ့လူ့အဖွဲ့အစည်းကြီးက ဒီမိုကရေစီ (တစ်ချို့ပြောကြတာ ရွှေရည်စိမ် ဒီမိုကရေစီ) ၁၀ နှစ်အတွင်း အမျိုး၊ ဘာသာ၊ သာသနာကို ကျော်လွန်၍ တရားမျှတမှု နှင့် လွတ်လပ်မှုကို သိမြင်ခံစားတတ်လာခဲ့ပါတယ်။ တစ်ချိန်က ဖယ်ဒရယ်လို့ပြောရင် ထိန့်ထိန့်ပြာပြာဖြစ်အောင် အသိအမှားရိုက်သွင်းခံရ တဲ့ မြို့ပြနေလူထု၊ အထူးသဖြင့် ဗမာလူမျိုးများက ယနေ့ တိုင်းရင်းသားတွေရဲ့ အာဏာရှင်တော်လှန်ရေးကို နားလည်တတ်လာပြီး၊ ဖယ်ဒရယ် ပြည်ထောင်စုအရေးကို သူတို့ကိုယ်တိုင် တောင်းဆို ဆန္ဒပြနေသည့် အနေအထားအထိ ပြောင်းလဲခဲ့ပြီဖြစ်ပါတယ်။

ဒီလိုအပြောင်းအလဲဟာ အလွန်မြန်ဆန်တဲ့ ပြောင်းလဲမှု အဟုန်စီးကြောင်းကြီး ဖြစ်နေပါတယ်။ ဒါကြောင့် တိုင်းရင်းသားတွေကြားက မကျေနပ်ချက်တွေ ချုပ်ငြိမ်းဖို့ လမ်းစပွင့်နေပြီဖြစ်သလို၊ တစ်ဘက်မှာ အမျိုး၊ ဘာသာ၊ သာသနာကို အခြေခံစည်းရုံးပြီး (အမျိုး၊ ဘာသာ၊ သာသနာ မျက်နှာဖုံးကို ဝတ်ထားပြီး) ထိပ်ပိုင်းလူတစ်စု ကိုယ်ကျိုးရှာနေတဲ့ စစ်တပ်ကိုလည်း အဆုံးသတ်ပေးဖို့ အချိန်ရောက်လာပြီဆိုတာ ပြည်သူတွေအသိ ပိုလာပါတယ်။ ပြည်သူကို ကာကွယ်ပေးရမယ့် အဖွဲ့အစည်း (အင်စတီကျူးရှင်း)ဟာ ပြည်သူကို သတ်ဖြတ်သူဖြစ်လာတဲ့အခါ အသစ်သောအင်စတီကျူးရှင်းတွေ ဖွဲ့ဖို့ လိုအပ်လာပြီလို့လည်း မြင်နေကြပါပြီ။

ဗိုလ်ချုပ်တည်ထောင်ခဲ့တဲ့ တပ်မတော်က ၁၉၆၂ ကစလို့ လမ်းလွှဲလာပါတယ်။ ပြည်လည်တည့်မတ်နိုင်ဖို့အတွက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ကြိုးစားခဲ့ပါတယ်။ တပ်မတော်နဲ့ ရင်ကြားစေ့ရေးကြိုးစားခဲ့ပါတယ်။ တပ်မတော်ကြီးကို ခေတ်မီတပ်မတော် နှင့် ရပ်တည်မှုမှန်ကန်တဲ့ တပ်မတော်ဖြစ်ဖို့ ဖျောင်းဖျ ချည်းကပ်ခဲ့ပါတယ်။ ဒါပေမဲ့ ဖေဖေ့တပ်မတော် လို့ ချစ်စနိုးခေါ်တတ်သူကိုပင် ပြန်ဖမ်းချုပ်ထားလိုက်ပါပြီ။

တပ်မတော်ဟာ စဉ်းစားခွင့်၊ လေ့လာ ပြောင်းလဲခွင့် ၅ နှစ်သက်တမ်းပေးခဲ့ပေမယ့် ပိုမိုမိုက်ရိုင်းတဲ့ တပ်မတော်ပဲ ဖြစ်လာခဲ့ပါတယ်။ ဖေဖေ့တပ်မတော်ဟာ ပြည်သူ့ကို စော်ကားမိုက်ရိုင်းတဲ့တပ်မတော်၊ အာဏာတို့ရဲ့ အရင်းအမြစ်ပြည်သူလူထုကို တရားဥပဒေမဲ့ သတ်ဖြတ်သည့် တပ်မတော်ဖြစ်လာပါတယ်။ ဒါကြောင့်လည်း CRPH က အကြမ်းဖက်အုပ်စုအဖြစ် ကြေညာခဲ့ရပါတယ်။ အာဏာသိမ်း စစ်ကောင်စီက ရပ်တန်းကရပ်လို့မရတဲ့ လမ်းကို ရွေးထားပြီး ဖြစ်ပါတယ်။ ဆုပ်လည်းစူး၊ စားလည်းရူးကိန်းဆိုက်နေပါပြီ။ ပြည်သူကလည်း ဖောက်ပြန်တဲ့ တပ်မတော်ကို ရွံရှာနေကြပါပြီ။

ပြည်သူလူထုက ဥပဒေကြောင်းအရ၊ လူ့အသိစိတ်နှင့် ကျင့်ဝတ်အရ၊ စိတ်ဓာတ်ရေးရာအရ အနိုင်ရနေပြီဖြစ်သော်လည်း လက်နက် မရှိပါ။ စစ်ကောင်စီဦးဆောင်တဲ့ လက်နက်ကိုင်တွေကို အဆုံးစွန် သုတ်သင်ဖို့ စွမ်းအားပြည့် တပ်မတော်လိုအပ်နေပါတယ်။ နေ့ချင်းညချင်း တပ်မတော် ဖွဲ့နိုင်ရန်လည်း လွယ်ကူတဲ့အရာမဟုတ်ပါ။ ဒါပေမဲ့ လူထုက လုပ်နိုင်တာကို လုပ်နေပါတယ်။ လမ်းတေကို ပိတ်၊ ကိုယ့်အိမ်ခြံဝန်းကို လုံခြုံအောင်လုပ်နေကြပါတယ်။ ရရာလက်နက်နဲ့ ကိုယ့်ရှင်သန်ရပ်တည်ခွင့်၊ ကိုယ့်အသက်အိုးအိမ်ကို ကာကွယ်ခွင့်တွေကို အလေးထားလာနေပြီဖြစ်ပါတယ်။ ဒီမိုကရေစီကို တောင်း၍ မရ၊ တိုက်ယူရမယ်လို့ သဘောပေါက်လာနေပြီဖြစ်ပါတယ်။

ဒီလိုအနေအထားမှာ ဘာတွေမျှော်လင့်လို့ရမှာပါလဲ။ ဒီလို လမ်းစွန်လမ်းခွမှာ ဘာတွေဖြစ်နိုင်ပါသလဲ။ လူထုလိုချင်နေတဲ့ ဒီမိုကရေစီစနစ် ပြန်ရဖို့ ဝေးဝေးလား၊ နီးနီးလား … ဤနေရာကနေ နောင်ဆက်လက်ဖြစ်ထွန်းမယ့် အနေအထားကို ဖန်တီးနိုင်ဖို့ အချက်သုံးခုကို အဆုံးအဖြတ်ကို ဖြစ်စေနိုင်တယ်လို့ သုံးသပ်ရပါတယ်။ ဘယ်တစ်ချက်ကမှ လွယ်တာတော့ မဟုတ်ပါ။ ပေးဆပ်မှုတွေများပါတယ်။ လွတ်လပ်ရေးဟာ တန်ဖိုးများစွာ ထိုက်တယ်ဆိုတာကိုလည်း သင်ယူစေမိပါတယ်။

(၁) ပြည်တွင်းက ပြည်သူတွေရဲ့ မကြောက်တရားနဲ့ ဇွဲသတ္တိ
ပြည်သူတွေကို စစ်အုပ်စုက အကြောက်တရား သွတ်သင်းနေတာ ၄၅ ရက်ရှိပြီဆိုပေမယ့်၊ အခုထိ သွတ်သွင်းလို့မရသေးပါဘူး။ ပြည်သူက ညသပိတ်တွေ၊ အာရုံကျင်းသပိတ်တွေ၊ လူမဲ့သပိတ်တွေ ဆက်လက်လုပ်ဆောင်နေဆဲရှိပါတယ်။ ဆန္ဒပြမှု ပုံစံပြောင်းတာက အကြောက်တရားကြောင့်မဟုတ်ဘဲ၊ ထိရောက်မှုကို စဉ်းစားလို့ ပုံစံပြောင်းနေကြတာပဲဖြစ်ပါတယ်။ ဒီမိုကရေစီအရေးအတွက် အသက်ပေးဖို့ ဝန်မလေးကြဘူး။ ဒါပေမယ့် ကိုယ့်သေဆုံးမှုက အရေးပါ၊ အရာရောက်ဖို့ စဉ်းစားလာပါတယ်။ သေခြင်းတရားကိုလည်း ဒီမိုကရေစီအရေးအတွက် အကျိုးရှိအောင် အသုံးချရစ်ခဲ့ချင်ကြပါတယ်။ ဒီအတိုင်းဆိုရင် စစ်အစိုးရပြုတ်ကျဖို့က အချိန်ကြာပါမယ်။ ဒါပေမယ့် မကြောက်တော့တဲ့ ပြည်သူလက်ထဲမှာ လက်နက်သာထည့်ပေးနိုင်ရင် စစ်အုပ်စုပြုတ်ကျရေး အရှိန်မြန်သွားနိုင်ပါတယ်။

(၂) CRPH နှင့် ပြည်သူ့အစိုးရ၏ ဘက်ပေါင်းစုံ တိုက်ကွက်ကို ဖော်ဆောင်နိုင်မှု
ပြည်ထောင်စု လွှတ်တော်ကိုယ်စားပြုကော်မတီ နှင့် ပြည်သူ့အစိုးရရဲ့ အရေးပါပုဂ္ဂိုလ်တွေက အနံ့ခံကောင်းတဲ့ တောခွေးတွေကြား ပြေးလွှားလှုပ်ရှားကြရတာပါ။ ကိုယ့်အသက်ကိုလည်း ပေးလှူထားကြပြီးသားလို့ ဒေါက်တောဇော်ဝေစိုးက ထုတ်ပြောဖူးပါတယ်။ လက်နက်ကိုင်တွေက အမဲဖျက်ဖျက်ဖို့ ကြိုးစားနေတဲ့ကြားထဲကနေ နိုင်ငံတကာသံခင်းတမန်ခင်းအထိ ခြေဆန့်နေဆဲ ဖြစ်ပါတယ်။


သံခင်းတမန်ခင်းကနေ ရှေ့ဆက်ပြီး ICJ, ICC တို့အထိ၊ စစ်အာဏာရှင်ကိုဖြုတ်ချနိုင်မယ့် အခင်းအကျင်းဆီကို တွန်းတင်နေတာဖြစ်ပါတယ်။ ပြည်သူ့အစိုးရဟာ ပြည်ပမှာ သံခင်းတမန်ခင်းနိုင်နေသလို၊ မြေပြင်မှာ တစ်နည်းတစ်ဖုံနဲ့ လူထုလက်ထဲ လက်နက်အပ်ပေးနိုင်ရင် စစ်အာဏာရှင်ချုပ်ငြိမ်းရေး မြန်ဆန်သွားမှာ ဖြစ်ပါတယ်။

(၃) နိုင်ငံတကာရဲ့ အကူအညီ
ဒါကတော့ သိပ်ပြီးမျှော်လင့်လို့မရပေမယ့်၊ အံ့ဖွယ်အဖြစ် ဖြစ်လာရင် အတိုင်းထက်အလွန် ပျော်ကြရမှာပါပဲ။ ဆင်းရဲနွမ်းပါးတဲ့ လက်နက်မဲ့ ပြည်သူတွေရဲ့ ဧရာမအခက်အခဲဆိုတာ အင်အားကြီးပါဝါနိုင်ငံတွေအတွက် ပြောပလောက်တဲ့ကိစ္စ မဟုတ်ပါ။ ယူအဲန်မှာ တရုတ်နဲ့ ရုရှားဟာ ကန့်လန့်တိုက်နေတာမို့ ယူအဲန်လမ်းကြောင်းကို သိပ်ပြီး မျှော်လင့်လို့မရပေမယ့်၊ အခြားပါဝါနိုင်ငံတွေက အကူအညီပေးမယ်ဆိုရင် ဤနွေဦးတော်လှန်ရေးဟာ မြန်မာ့မြေက အာဏာရှင်စနစ်ကို ခုခံတာထက်ကျော်လွန်ပြီး၊ အပြီးတိုင် မောင်းထုတ်တဲ့ တော်လှန်ရေးလို့ ခေါ်ရပါလိမ့်မယ်။

ဘယ်ဘက်မှာပဲသွားပါစေ၊ ပြည်သူဟာ ပေးဆပ်မှုများစွာ လုပ်ကြရမှာပါ။ စစ်အစိုးရက ပြည်သူကို အကြောက်တရားသွင်းနိုင်ခဲ့ပြီဆိုရင်၊ ပြည်သူ ၅၄ သန်းဟာ လူ့တစ်သက် အောက်ကျနောက်ကျ ဖြစ်မှာပါ။ ပြည်သူက လက်နက်ကိုင်ပြီး ခုခံတိုက်ထုတ်မယ်ဆိုရင်လည်း နှစ် ၆၀ ကျော် စနစ်တကျဖွဲ့စည်းထားတဲ့ တပ်မတော်ကို တိုက်ကြရမှာဆိုတော့ အကျအဆုံးလည်း များမှာပါ။ စစ်တပ်အာဏာမြဲဖို့ရော၊ ပြည်သူ့အာဏာမြဲဖို့ရော ပြည်သူလူထုရဲ့ အသက်တွေ၊ ပစ္စည်းဥစ္စာတွေ ဘယ်လောက်အထိ စတေးခံရမလဲ မသိပါ။ သေချာတာကတော့ စစ်တပ်နိုင်သွားရင် တိုင်းပြည်ဟာ ပြိုလဲကျဆင်းသွားမှာဖြစ်ပြီး၊ တစ်ဘက်မှာ ပြည်သူတွေ နိုင်ခဲ့ရင် တိုင်းပြည်ဟာ ပြန်လည်ဦးမော့ တိုးတက်လာမှာပါ။

မဖြစ်နိုင်ဘူးဆိုတာ မရှိပါဘူး၊ မဖြစ်သေးတာပဲရှိတယ်လို့ ဆိုကြတဲ့အတိုင်း ကမ္ဘာ့သတင်းတွေမှာ ကြည့်ရင် … သတင်းတွေကို ဆက်စပ်ကြည့်ရင် ဤခရီးအလွန်နီးပြီလို့သာ ခန့်မှန်းမိပါတယ်။ မတ်လ ၂၇ ရက်နေ့ဟာ တကယ်တော့ ဖက်ဆစ်ဂျပန်ကို စတင်တော်လှန်ခဲ့တဲ့ နေ့ဖြစ်ပါတယ်။ ဒါကို နောက်ပိုင်းမှာ စစ်အစိုးရက လူထုရင်ထဲ တော်လှန်ရေးစိတ် မရှိစေချင်တာရယ်၊ တပ်မတော်ရဲ့ ပုံရိပ်ကို မြှင့်တင်ချင်တာရယ်ကြောင့် တပ်မတော်နေ့လို့ အစားထိုးလိုက်ကြပါတယ်။ ဖောက်ပြန်သွားတဲ့ တပ်မတော်ကို ပြည်ပနိုင်ငံတစ်ခုခုက ဆုံးမပေးမယ်ဆိုရင် အဲ့ဒီနေ့ရက်ကတော့ အကောင်းဆုံး ရွေးချယ်မှု ဖြစ်နိုင်ပါတယ်။ ပြည်သူလူထုရဲ့ ဖက်ဆစ်ထက်ဆိုးရွားတဲ့တပ်၊ အမျိုးမသိ၊ ဘာသာသာသနာမသိ ကိုယ့်ကျိုးအတွက် အမျိုးသားချင်းကို သတ်ဖြတ်တဲ့ တပ်ကို တော်လှန်ဖြုတ်ချရေးကို အားပေးကူညီရာ ရောက်မှာဖြစ်ပါတယ်။

တက်နေတဲ့ သတင်းတွေအရတော့ ယူအက်စ်ရဲ့ လေယာဉ်တင်သင်္ဘောတွေဟာ မြန်မာနိုင်ငံနဲ့ အနီးဆုံးအရပ်သို့ ရွေးလျားဖို့ လုပ်နေပါပြီ။ အရှေ့ဘက် ထိုင်းနယ်စပ်မှာလည်း ခိုလှုံရာနေရာတွေ ပြင်နေပါပြီ။ အနောက်ဘက်မှာလည်း အန္ဒိယနယ်စပ်မှာ ဒုက္ခသည်ခိုလှုံဖို့ ပြင်နေပါပြီ။ မြန်မာနိုင်ငံမှာ ဒီမိုကရေစီပြန်လည်ရရှိဖို့ အမေရိကန်၊ အန္ဒိယ၊ ဂျပန် နဲ့ သြစတေးလျတို့ သန္နိဌာန်ချတဲ့ သတင်းကလည်း တက်လာပါတယ်။ စစ်စရိတ်ဆိုရင်လည်း အမေရိကန်ဘဏ်မှာ ဘီလျံချီရှိနေပါတယ်။ ကုလအပါအဝင်၊ အမေရိကန်နဲ့ အခြားသော အင်အားကြီးနိုင်ငံများကလည်း အာဏာသိမ်းစစ်တပ်ကို တောင်းဆိုမှုတွေ အကြိမ်ကြိမ်လုပ်ခဲ့ပြီးဖြစ်ပါတယ်။ ဖုန်းဆက်ပြောဆိုမှုလည်း ပြုခဲ့ပြီးဖြစ်ပါတယ်။ စစ်ကောင်စီကတော့ နိုင်ငံတကာဖိအားတွေ၊ ပိတ်ဆို့ကန့်သတ်မှုတွေကို ကျင့်သားရနေပါပြီ။ အနည်းငယ်သော မိတ်ဆွေနိုင်ငံတွေနဲ့ သူတို့ရဲ့ လုပ်ငန်းစဉ် ၅ ရပ်၊ မူဝါဒ ၉ ရပ်အတိုင်း ရှေ့ဆက်မယ်လို့ မချေမငံ တုံ့ပြန်ထားပါတယ်။ မြန်မာကို ကူငွေအများဆုံး ပေးနေတဲ့ ဂျပန်လည်း စစ်အုပ်စုကို လာညှိပါသေးတယ်။ ဒါပေမယ့် အဆင်ပြေပုံမရတာကြောင့် ယူအက်စ်နဲ့ပူးပေါင်းမယ့် သဘောဖြစ်လာပါတယ်။ အကြမ်းဖက်စစ်ကောင်စီက ရန်ကုန်က မြို့နယ်ခြောက်မြို့နယ်ကို မာရှယ်လော ထုတ်ပြန်ထားပါတယ်။ မတရားသဖြင့် သတ်ဖြတ်မှုတွေကို ဆက်လက်ကျူးလွန်လျက်ရှိပါတယ်။ ကမ္ဘာကြီးက အင်အားကြီးနိုင်ငံများက မသိကျိုးကျွံနေပါ့မလား၊ အရေးတယူလုပ်လေမလား …
သက်ဆိုင်နေသူ၊ စီစဉ်နေသူများကသာ သိမှာဖြစ်ပါတယ်။ ယုံကြည်ပြီး ကြိုးစားနေသူတွေအတွက် အံ့ဖွယ်တွေဟာ နေ့စဉ်ပဲ ဖြစ်ပျက်နေပါတယ်။ အံ့ဖွယ်တွေဆိုတာကတော့ ဒီအတိုင်းစဉ်းစားကြည့်ရင် မဖြစ်နိုင်ဘူး ထင်ရတဲ့ အရာတွေကို ဆိုလိုတာပါ။

ကေအိုင်အေ၊ တီအန်အဲလ်အေ၊ ကေအန်ယူ စတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ ကို တိုက်ခိုက်ချေမှုန်းလာနေတာကို ကြည့်ရင် ဒေါက်တာဆာဆာ ဦးဆောင်ဆွေးနွေးနေတဲ့ ဖယ်ဒရယ်တပ်မတော်ကိစ္စက သဘောတူညီချက် ရထားလိုက်ပြီလို့ တွက်ဆလို့ရပါတယ်။ မင်းတို့ သဘောတူရကောင်းလားလို့ တိုင်းရင်းသား လက်နက်ကိုင်တွေကို မဲနေတဲ့ သဘောဖြစ်လာပါတယ်။ ပြည်တွင်းသာမက၊ ပြည်ပအနေအထားမှာ Quard ( လေးပွင့်ဆိုင် လုံခြုံရေး ဆွေးနွေးမှု) လှုပ်လာပါတယ်။ ဒေါက်တာဆာဆာကတော့ “စစ်ရေးအရ ထိပ်ဆုံးမှာရှိတဲ့ ကမ္ဘာ့နိုင်ငံကြီးတွေနဲ့ ကျွန်တော်တို့ စကားပြောနေတယ်ဆိုတာကို စစ်ကောင်စီက မေ့လို့မရပါဘူး””သူတို့က အကြမ်းဖက်နေတာမို့ တစ်ချိန် သူတို့လည်း အကြမ်းပြန်ဖက်ခံရမှာဖြစ်ပါတယ်။ အခုချိန်မှာလူထုကို ဒူးထောက်မတောင်းပန်ဘဲ ဆက်အကြမ်းဖက်နေမယ်ဆိုရင် မဝေးတော့တဲ့တစ်ချိန်မှာ အာဏာရှင်တွေတင်မဟုတ်ဘူး သူတို့မိသားစုတွေ၊ သူတို့ကိုထောက်ခံတဲ့အသိုင်းအဝိုင်းတစ်ခုလုံးပါ ဒဏ်ခတ်ခံရမှာပါ။” “သူတို့မှာက လက်နက်ချ ဒူးထောက်ရုံအပြင် တခြားလမ်းမရှိတော့ဘူး။ ပြည်သူလူထုအတွက်က ထွက်ပေါက်တွေအများကြီးရှိနေတယ်” ပြီးတော့ အချိန်ကာလအားဖြင့် ၂ ပတ်ထက်မပိုဘူးလို့လည်း အင်တာဗျူးတစ်ခုမှာ ထည့်ပြောခဲ့ပါတယ်။ သူပြောခဲ့တဲ့နေ့နဲ့ ကျွန်တော်တွက်ကြည့်တဲ့အခါ … ၂ ပတ်တိတိပြည့်မယ့်နေ့က … ၂၀၂၀ မတ်လ ၂၇ ရက်ပဲဖြစ်ပါတယ်။ အဲ့ဒီနေ့မှာ ပြည်သူက ခုခံစစ်ဆင်နေရင်း … ဝေဟင်က အသံတွေကို နားစွင့်နေဖို့သင့်ပါတယ်။

အရေးပါတဲ့အချက်တွေကို ပြန်ပြီးပြောရရင် … အရင်ငြိမ်သက်နေခဲ့တဲ့ တိုင်းရင်းသား ဒေသတွေမှာ စစ်ရေးတွေပြန်တွေ့လာရတာကလည်း တိုင်းရင်းသားလက်နက်ကိုင်တွေ စုဖွဲ့မှုတစ်စုံတစ်ရာရနေပြီလို့ ညွှန်းဆိုနေပါတယ်။ လက်နက်မဲ့ပြည်သူအတွက် ကြီးမားတဲ့စိန်ခေါ်မှုက အင်အားကြီး နိုင်ငံတွေအတွက် ပြောပလောက်ဖွယ်မဟုတ်ပါ။ ပြည်သူဟာ အသက်ကို နိုင်ငံအတွေက် အကောင်းဆုံး အနေထားမှာ ပေးလှူဖို့ အသင့်ရှိနေကြပါတယ်။ ပြည်သူ့လက်ထဲမှာသာ လက်နက်တွေရောက်လာခဲ့ရင် … အင်အားကြီးနိုင်ငံတွေက ခေတ်မီနည်းပညာတွေနဲ့ ဖက်ဆစ်တဲ့ဆိုးတဲ့၊ ပြုပြင်လို့မရတော့တဲ့ တပ်မတော်ကို ဒီမိုကရေစီအရေးအတွက်၊ မြန်မာပြည်သူလူထုအတွက် တိုက်ခိုက်ပေးမယ်ဆိုရင် … မဖြစ်နိုင်ဘူးထင်တာတွေ တကယ် ဖြစ်လာနိုင်ပါတယ်။ အသင့်တော်ဆုံးအချိန်ကတော့ ဖက်ဆစ်ကို စတင်တော်လှန်ခဲ့တဲ့ မတ်လ ၂၇ (ဒါမမဟုတ်ရင်) အရူးလုပ်မယ်ဆိုရင် တော့ ဧပြီလ ၁ ရက်နေ့ပေါ့။

စစ်ကောင်စီကပြောသလို ဒေါက်တာဆာဆာက စိတ်ကူးယဉ်သမားဖြစ်ချင်လည်းဖြစ်မှာပါ။ ကျွန်တော်လည်း တစ်လွဲယုံကြည်မိတာလည်းဖြစ်မှာပါ။ ဒါပေမယ့် စိတ်ထဲမှာတော့ မတ်လ ၂၇ ရက်ကို တပ်မတော်နေ့ထက်၊ တော်လှန်ရေးနေ့ပဲ သိထားပါတယ်။ အံ့ဖွယ်တွေက တကယ်ဖြစ်ချင်လည်းဖြစ်မှာပါ။ မြန်မာပြည်သူလူထုများ အာဏာရှင်လက်က လွတ်မြောက်နိုင်ပါစေ။

Leave a Reply

Your email address will not be published. Required fields are marked *