စမ်းချောင်းမှာ ပိတ်မိတဲ့ ညတစ်ညတုန်းက
တိုက်ခန်းလှေကားတွေထဲ ဝင်ပြေးပုန်းကြရင်း
အိမ်ရှင်တွေက အထဲဝင်ခိုင်းတာ အိမ်ရှင်တွေပါ
ဒုက္ခရောက်မှာစိုးလို့ ကလေးတွေက မဝင်ကြဘဲ
လှေကားမှာဘဲနေကြလို့ အိမ်ရှင်တွေကငိုကြတယ်
သပိတ်ဖြိုခွဲခံရလို့ ပြေးကြလွှားကြတော့
ဘေးနားကအိမ်တချို့က တံခါးဖွင့်ပေးပြီး
ကလေးတို့ ဝင်ကြဝင်ကြလို့အော်ပြောတာ
ဟေ့ကောင်တွေ မဝင်ကြနဲ့ ငါတို့ကြောင့်
သူများတွေ ဒုက္ခမရောက်စေနဲ့လို့ အချင်းချင်း
လှမ်းအော်သတိပေးရင်း ဆက်ပြေးကြတယ်
ပြေးကြလွှားကြရင်း ကလေးတစ်ယောက်က
ကားတစ်စီးကိုကွယ်ပြီး လေးခွနဲ့ပြန်ပစ်မလို့လုပ်တုန်း
သူ့သူငယ်ချင်းက နောက်ကနေ ဟေ့ကောင်မလုပ်နဲ့
တော်ကြာသူတို့လှမ်းပစ်ရင် သူများကားထိကုန်မယ်လို့
ပြောရင်းက ဆွဲခေါ်သွားတဲ့ မြင်ကွင်းတွေ
ပိတ်မိနေတဲ့ ကလေးတချို့က ကျွန်တော်တို့
ယောင်္ကျားလေးတွေ အဖမ်းခံပါ့မယ် ဒါပေမယ့်
မိန်းကလေးတွေကိုတော့ လွှတ်ပေးကြပါဆိုတဲ့
လူကြီးလူကောင်းဆန်တဲ့ စိတ်ကလေးတွေ
ဆန္ဒပြရင်းက အလှူရှင်တွေပေးတဲ့ ထမင်းဘူးကို
မစားခင် လက်အုပ်ချီမေတ္တာပို့နေတဲ့ ပုံရိပ်တွေ
ကလေးတွေ မိန်းကလေးတွေ လူကြီးသူမတွေကို
ဦးစားပေးစောင့်ရှောက်တဲ့ ရည်မွန်ယဥ်ကျေးတဲ့
လူသားဆန်သော ကိုယ်ချင်းစာတရားတွေ
သူတို့ကို ပုန်းခိုခွင့်ပေးခဲ့တဲ့ အိမ်နဲ့စျေးဆိုင်တွေက
အပ်တစ်ချောင်းတောင်မခိုးကြတဲ့ ရိုးသားမှုတွေ
သေချင်သေပါစေ အမှန်တရားအတွက်
လက်နက်အားသာတဲ့ လူသတ်သမားတွေကို
ရဲရဲတောက် ရင်ဆိုင်ရဲကြတဲ့ အာဂသတ္တိတွေ
ဘယ်စစ်ရေးဗျူဟာကိုမှ မကြွယ်ဝခဲ့ဖူးပေမယ့်
အဓမ္မကိုအာခံရဲတဲ့ အကြောက်တရားနည်းသူတွေ
ဘာ Training မှ မဝင်ဖူးပေမယ့် Team work နဲ့
အပေးအယူမျှမျှ လုပ်တတ်တဲ့ အရည်အချင်းတွေ
ကျန်တာကိုတော့ ယှဥ်မပြတော့ပါဘူး
အားလုံးက သိကြမြင်ကြပြီးသားအရာတွေ
Mental Ability ဆိုတဲ့ နှလုံးရည်ချင်း
Gene ဆိုတဲ့ သန္ဓေချင်း ယှဥ်ကြည့်လိုက်ရင်
ကျားကျားလျားပုံစံကြီးတွေ မရှိကြပေမယ့်
ရုရှားအထိ စစ်ပညာသွားမသင်ဖူးကြပေမယ့်
Gen-Z မျိုးဆက်ကလေးတွေမှာ လူပီသတဲ့
အမျိုးသားကောင်းဗီဇတွေ ရှိနေတယ်
အနာဂတ်ကို ဒီလူငယ်တွေလက်ထဲသာ
ထည့်ပေးလိုက်ရရင် ကျေနပ်ပြီ ဒါပါဘဲ
— fb မှ ပို့စ်တစ်ခုကို ဂျန်ဇီတို့အား ဂုဏ်ပြုရင်း ကူးယူဖော်ပြလိုက်ပါတယ်။