မြန်မာ့တပ်မတော်က ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှာ အာဏာ သိမ်းယူလိုက်ပါတယ်။ အာဏာစတင်သိမ်းပြီးနောက် ယနေ့အထိ ၄၅ ရက်ပြည့်သည့်တိုင်၊ စစ်တပ်အာဏာသိမ်းမှုကို နိုင်ငံအဝှမ်းက ပြည်သူများက အားကောင်းကောင်းနဲ့ ဆန့်ကျင် အံတုနေဆဲ၊ အာဏာဖီဆန်နေဆဲ ရှိနေပါတယ်။
မြန်မာ့တပ်မတော်က စစ်ကောင်စီ ခေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီကို ဖွဲ့စည်းပြီး အာဏာထိန်းတယ်လို့ စကားလုံးလှလှ သုံးပါတယ်။ ထိန်းတယ်ပဲပြောပြော၊ သိမ်းတယ်ပဲဆိုဆို … တကယ့်လက်တွေ့မှာ အောင်မြင်နိုင်ချေ အလားအလာ ဘယ်လိုရှိပါသလဲ ဆိုတာက သက်ဆိုင်သူတွေ စိတ်ဝင်စားတဲ့ အချက်ဖြစ်လာပါတယ်။
စစ်တပ်ရဲ့အာဏာကျင့်သုံးမှုမှာ သေနတ်ကိုမောင်းတင်ပစ်ခတ်ပြီး အကြပ်ကိုင်နေပေမယ့်၊ ပြည်သူအပေါ် အာဏာစက် ထိရောက်မှုမရှိတာ၊ ပြည်သူ့စားဝတ်နေရေးနဲ့ ပြည်သူ့နှလုံးသာ.ကို သိမ်းယူဖမ်းစားမှုမပြုနိုင်တဲ့ အားနည်းချက် တစ်ဒါဇင်ကို လတ်တလော တွေ့လာရပါတယ်။ အဲဒါတွေကတော့ အစိုးရတစ်ရပ် ပြိုကျစေနိုင်တဲ့ လမ်းကြောင်းပေါက်တွေဖြစ်ပါတယ်။
၁။ စီးပွားရေးပြိုလဲခြင်း
၂။ လူမှုရေးဒဏ်ခတ်ခြင်း
၃။ မဟာမိတ်တို့ရဲ့ ထောက်ခံမှုမရခြင်း
၄။ စစ်ကောင်စီ၏ ဝါဒဖြန့်မှုများ ပြည်သူထံသို့ မရောက်ခြင်း
၅။ လူထုရဲ့ အံတုဆန့်ကျင်မှု ပိုမိုပြင်းထန်လာခြင်း
၆။ စစ်ကောင်စီ၏ ကိုယ်ပိုင်စီးပွါးရေး elite များမတည်ဆောင်နိုင်ခြင်း၊
၇။ စီးပွားရေးသမားများ၏ ပူးပေါင်းမှုမရခြင်း
၈။ ဗျူရိုကရက်များ စီဒီအမ်ပါဝင်ပြီး အာခံခြင်း
၉။ တိုင်းရင်းသားများ လက်နက်ကိုင် တော်လှန်နေခြင်း
၁၀။ ပြည်တွင်းပြည်ပ ဖိအားပိုမိုပြင်းထန်လာခြင်း၊ ပိတ်ဆို့ခံရခြင်း
၁၁။ ပြည်သူ့အမုန်းပိုများလာခြင်း (မတရား ဖမ်းဆီး ထိန်းသိမ်း သတ်ဖြတ်မှုများ)
၁၂။ အာဏာသိမ်းလောက်အောင် ခိုင်မာသော သက်သေမရှိခြင်း
စစ်ကောင်စီရဲ့ အာဏာသိမ်းမှု (သို့) အာဏာထိန်းမှုက ဒီ တစ်ဒါဇင်အချက်တွေကြောင့်ပဲ မအောင်မမြင်ဖြစ်သွားနိုင်တယ်လို့ ခန့်မှန်းရပါတယ်။