ဘယ်နေရာမဆို၊ ဘာပဲဖြစ်ဖြစ် ကောက်ချက်တွေက အရေးကြီးလာတယ်။ ဘာကြောင့်လဲဆိုရင် လုပ်ဆောင်မှုရဲ့အရင်းအမြစ်လာရာကတော့ စိတ်ရဲ့ တွးမြင်လက်ခံမှု ကောက်ချက်ကြောင့်ပဲ ဖြစ်ပါတယ်။ ငါဒီအချိန်မှာ ရေသောက်ရမယ်လို့ ကေက်ချက်ချလိုက်ပြီးရင်တော့ ရေသောက်တဲ့အက်ရှင်ရောက်လာတာပါပဲ။
ဒီမိုကရေစီ ဦးဆုံးဖြစ်ထွန်းခဲ့ရာ ဂရိတို့ရဲ့ မြို့ပြနိုင်ငံငယ်လေးမှာ အမှန်တရားကို ပြောတတ်တဲ့ ဆိုကရေတီး ပေါ်ထွန်း နေထိုင်ခဲ့ဖူးပါတယ်။ နောက်ဆုံးတော့ အမှန်တရားအတွက် သူ့ကို အဆိပ်သောက်သေခိုင်းလိုက်ကြပါတယ်။ ဒါကြောင့်ပဲ သူ့တပည့် ပလေတိုဟာ ဒီမိုကရေစီဆိုတဲ့ စကားလုံးကိုတောင် မကြားချင်တော့လောက်အောင် ရွံမုန်းသွားပါတော့တယ်။ သူ့ကောက်ချက်ကတော့ သူ့ဆရာကိုသတ်လိုက်တာသည် ဒီမိုကရေစီ စနစ်တဲ့။
ဂရိမြို့ပြနိုင်ငံကနေ မိုင်ပေါင်း ၈၀၀ လောက်အဝေးက အရှေ့အလယ်ပိုင်းမှာ၊ ဆိုကရေတီးအဆိပ်သောက်သေဆုံးပြီးနောက် နှစ်ပေါင်း ၄၀၀ ကျော်မှာ သခင်ယေရှု ပေါ်လာခဲ့ပါတယ်။ သူ့ကို ဖိလတ်မင်းက လူထုအကြိုက် ထောင်သား ဗာနဗ နှင့်လဲလှယ်ပြီး ကားတိုင်တင် အသတ်ခံခဲ့ရပါတယ်။ ဒါကိုလည်း ဖွင့်ဆိုနားလည်သူတစ်ချို့ရဲ့ ကောက်ချက်က သခင်ယေရှုကို သတ်လိုက်တာ ဒီမိုကရေစီစနစ်တဲ့။
ဆိုကရေတီးရဲ့ အမှု နဲ့ သခင်ယေရှုရဲ့ အမှုနှစ်ခုစလုံးမှာ အပြင်ပန်းအားဖြင့် ကြည့်ရင် လူထုအင်အား၊ လူထုဖိအားကို တွေ့ရပါတယ်။ ဒီမိုကရေစီကြောင့်လို့ သူတို့ကောက်ချက်ဆွဲသလို ဆွဲနိုင်ကောင်းပါတယ်။ ဒါပေမယ့် နောက်ထပ်အနီးကပ်ကြည့်လိုက်တဲ့အခါ ဆိုကရေတီးဘက်၊ သခင်ယေရှုဘက် ရပ်တည်ရဲတဲ့သူ မရှိသလောက် နည်းခဲ့တဲ့ မြင်ကွင်းကို တွေ့ရပါမယ်။ တကယ်တော့ ဒီမိုကရေစီ ကြောင့် သခင်ယေရှုအသတ်ခံရတာ မဟုတ်ဘူး။ မတရားမှုကို ပြတ်သားစွာ ကန့်ကွက်ပြောဆိုဖို့၊ အပြစ်မရှိတာကိုအပြစ်မရှိကြောင်းအများရှေ့အသံထွက်ဖို့ ပျက်ကွက်ခဲ့ကြတဲ့လူတွေကြောင့်ဆိုတဲ့ ကောက်ချက်ပဲဖြစ်ပါတယ်။
အမှန်တရားဘက်ရပ်တည်ဖို့ ပျက်ကွက်တဲ့သူတွေ များလာရင် အမှန်တရား ဘက်တော်သားတွေ အသက်ပေးရတတ်ပါတယ်။ အကြောက်တရားနဲ့ ပုံဖျက်ခံရတဲ့ ဂျန်L တွေအဖို့ ကိုယ့်ကောက်ချက်တွေမှန်ဖို့၊ အမှန်တရားဘက် ရပ်တည်ရဲဖို့ကတော့ ဒီတစ်သက်ဖြစ်နိုင်ပါ့မလား။
ဆိုကရေတီး နှင့် သခင်ယေရှုတို့ အသက်ပေးခဲ့ကြရပြီးနောက် နှစ်ပေါင်း ၂ ထောင်ကျော်မှာလည်း မြန်မာ့အရေးတစ်ခုပေါ်လာခဲ့ပါတယ်။ မြန်မာ့အရေးမှာ လူဘယ်လောက်ကများ ကိုယ်ကျိုးတွေ၊ အမျိုး၊ ဘာသာ၊ သာသနာဘောင်တွေကိုလွန်၍ လူသားဆန်မှု၊ လွတ်လပ်မှု နှင့် တရားမျှတမှုအတွက် မားမားမတ်မတ်ရပ်တည်ကြပါ့မလဲ တွေးနေမိပါတယ်။