နယ်က ချစ်ခင်ရင်းနှီးတဲ့ သူငယ်ချင်းတွေက ဖုန်းဆက်ပြီး သတင်းလေးမေးကြပါတယ်။ သတင်းဆာလောင်လို့မေးကြတာပါ။ မိုဘိုင်းဒေတာ ပိတ်ပစ်လိုက်တာကြောင့် သူတို့ဆီ သတင်းစီးဆင်းမှု ရပ်တန့်သွားပါတယ်။
သူတို့သိချင်တာက မြို့ပြကြီးမှာ ဘာတွေဖြစ်နေလဲ၊ နယ်စွန်နယ်ဖျားလို မြို့တွေမှာ ဘာလုပ်သင့်သလဲ စူးစမ်းမှုပဲဖြစ်ပါတယ်။ သူတို့အားလုံးရဲ့ တူညီတဲ့ မေးခွန်းကတော့ “ဒီပွဲနိုင်မလား” တဲ့။ “နိုင်မယ်၊ နိုင်ဖို့ပဲကျန်တယ် ” လို့ပဲ ဖြေပေးလိုက်ပါတယ်။
ဟုတ်ပါတယ်။ ဖေဖော်ဝါရီလ ၁ ရက်မှာ ဒို့အားလုံး ရှုံးခဲ့တယ်။ ပြည်သူလူထုအားလုံး စစ်ဖိနပ်အောက်ရောက်သွားတာ။ ကိုယ့်အသက်ကိုယ် မပိုင်တော့တာ။ ကိုယ့်စီးပွားရေးကိုယ် မပိုင်တော့တာ။ ငါတို့ဖုန်း ငါတို့ မပိုင်တော့တာ။ ဖိနပ်အပိုတောင် ဆောင်ခွင့်မရတော့တာ။ အခုနေ vpn ကျော်ပြီး ဖေ့စ်ဘုတ်သုံးနေတာကိုလည်း သူတို့လိုချင်ရင် တရားစွဲလို့ရတယ်။ ဆိုလိုတာက သူတို့လက်ခုပ်ထဲကရေ၊ ကြက်ခြင်းထဲက ကြက်ကလေးလိုဖြစ်နေပြီ။ ရှုံးပြီးသားလု့ိပြောတာပါ။ ကိုယ့်အိမ်ဟာ ၂၄ နာရီသူတို့ ဝင်ချင်သလိုဝင်၊ လုချင်သလိုလုဖို့ သူတို့အလိုဆောင်ဖို့ ဥပဒေပြင်ထားလိုက်ပြီလေ။ သူတို့ စစ်တန်းလျားမှာ မနေဘဲ ပြည်သူ့ခေါင်းပေါ်တက်ထိုင်ချင်တာနဲ့ပဲ ပြည်သူ့ဘဝက ရှုံးပြီးသား။ ဒါကိုရှင်းလင်းနေဖို့လိုတယ်။ ကိုယ့်ကို လာမထိသေးလို့ အကောင်းကြီး၊ ငါတို့မရှုံးသေးဘူးလို့ မမှတ်နဲ့။ ကြက်ခြင်းထဲက ကြက်တွေလိုဖြစ်ကုန်တာ။ အားလုံးရှုံးပြီးသား။ ဒီအချက်ကို ထင်းနေအောင် သိဖို့လိုတယ်။
ဆိုတော့ အဲ့ဒီပြည်သူတွေ ကျရှုံးတဲ့နေ့ကစတင်ပြီး စစ်ကောင်စီကို ပြည်သူတွေ အာခံပြီဆိုတာနဲ့ ပြည်သူဟာ ကိုယ့်ခြေပေါ်ကိုယ်ရပ်ဖို့ စတင်တာပဲ။ အရှုံးထဲက ရုန်းထွက်တာပါပဲ။ ပြည်သူတွေဟာ လုံးဝအရှုံးကနေစတင်တဲ့ပွဲမို့လို့ နောက်ထပ်ရှုံးစရာဆိုလို့ အချုပ်အနှေင်တွေပဲကျန်တော့တာ။ မြင်ရတဲ့၊ မမြင်ရတဲ့ သံချေချင်းတွေကို ချွတ်ဖို့ပဲ ကြိုးစားနေတာပါ။ ဘဝသေပြီးသားအဖြစ်ကနေ တောက်ပ တဲ့ အနာဂတ်ကို ဖန်တီးနေတာပါ။
ဖေဖော်ဝါရီလ ၁ ရက်ကစပြီး ပြည်သူတွေ စစ်ကောင်စီကို အာခံသမျှ၊ ဆန္ဒပြပြီးလုပ်သမျှဟာ ပြည်သူတွေရဲ့ နိုင်ပွဲပဲ။ စစ်ကောင်စီ အုပ်ချုပ်တာကို လက်သင့်မခံတဲ့ပြည်သူတွေရဲ့ လုပ်ဆောင်မှုမှန်သမျှဟာ နိုင်ပွဲစီးရီးတွေပဲ။ ကြက်ခြင်းထဲမှာ ထည့်ပြီးသားဘဝမျိုးကနေ …. ရသမျှရုန်းထွက်လို့ ငါတို့ပြည်သူတွေရမယ့် အောင်ပွဲရလဒ်ကတော့ တရားမျှတမှု နဲ့ လွတ်လပ်မှု ပဲ။
ပြည်သူဟာ ရှုံးပြီးသား အခြေအနေကနေ စတင်တာမို့ အရှုံးမရှိဘူး။
အခုတော့ အကြမ်းဖက်စစ်အုပ်စုတွေ ရှုံးဖို့ပဲကျန်တော့တယ်။