ပြည်သူ့ဆန္ဒက အာဏာပဲ (OPINION) …

မြန်မာပြည်ဟာ ဒီမိုကရေစီစနစ်ကို အခုမှရချင်ကြတာမဟုတ်ဘူး။ အာဏာဟာ ပြည်သူလူထုဆီက စီးဆင်းတယ်ဆိုတာကို လက်ခံလာတာကြာပါပြီ။ သိနေတာကြာပါပြီ။ ၂၀၂၁ မှာဆိုရင် အာဏာဟာ ပြည်သူ့ဆီက ဆင်းသက်တယ်ဆိုတဲ့ အမှန်တရားကို ယုံကြည်မှု၊ အဲ့ဒီအမှန်တရားအတွက် ရပ်တည်မှုပိုတိုးလာပါတယ်။

အာဏာ ဟာဘုရင်ဆီက လာတာတို့၊ အာဏာဟာ သေနတ်ပြောင်းဝက ထွက်တာတို့ဆိုတာကတော့ ပြည်သူ့ဆန္ဒကို စော်ကားမှုသက်သက်ပဲဖြစ်ပါတယ်။ ဒီမိုကရေစီစနစ်မှာ အာဏာအရင်းအမြစ်က ပြည်သူလူထုပဲဖြစ်ပါတယ်။ တစ်စုံတစ်ယောက် (သို့) တစ်အုပ်စုက အာဏာကို လုယူ၊ သိမ်းယူပြီး မောင်ပို်င်စီးလို့ မရပါဘူး။ ဒီလိုလုပ်ရင်လည်း ပြည်သူက လက်သင့်မခံပါဘူး။ အခုလည်း လက်သင့်မခံကြောင်းလည်း ပြနေကြတာပါပဲ။

ပြည်သူဟာ လမ်းပေါ်ထွက်ရမယ့်နေ့ဆိုရင် လမ်းကြီးတွေအပြည့်။ လမ်းပေါ်မထွက်ရမယ့် နေ့ဆိုရင်လည်း လမ်းမတွေဟာ ဟောင်းလောင်း။ အဲ့ဒါပြည်သူ့ဆန္ဒပါပဲ။ ဘယ်မှာလဲ အာဏာရူးတို့ကို ထောက်ခံတဲ့ သန်းလေးဆယ်။ ရှက်တတ်ရင် သေနတ်ကိုင်စစ်အာဏာရူးတွေ သေလိုက်ကြတော့။ ဘယ်တရားဝင်မှုနဲ့ အာဏာလုယူထားရဲတာလဲ။

မြစ်ကြီးနားမှာတော့ အင်တာနက်ပိတ်ထားလို့ တစ်ချို့ သတင်းအချက်အလက်မရတာနဲ့ ဆိုင်ဖွင့်ကြသေးတယ်။ စစ်အာဏာရှင် လက်ပါးစေတွေက ဆိုင်တွေဖွင့်ကြဖို့ ဆော်သြလိုက်တဲ့အခါကျတော့ ဖွင့်နေတဲ့ဆိုင်တွေတောင် ပြန်ပိတ်သိမ်းပြီး ပြန်ကြတယ်လို့ 74 မီဒီယာက မတ်လ ၂၄ ရက်နေ့မှာ သတင်းတင်ပါတယ်။ အာဏာရူးတွေရဲ့ ပါးစပ်က ဥပဒေ၊ ဥပဒေတွေနဲ့ တစ်ဆို့နေတယ်။ လုပ်တော့တစ်လွဲပဲ။

ပြည်သူဟာ ခင်ဗျားတို့ အာဏာရူးတွေကို မုန်းတာပါ။ အာဏာသိမ်းတာကို ဘာမှပြန်မပြောတဲ့ ပါတီတွေကို ရွံတာပါ။ လူသတ်နေ တာကို ကြည့်နေရက်တဲ့ နိုင်ငံရေးသမားတွေအကြောင်းတွေးမိရင်ကို အော့အန်မိတာပါ။

ဆိတ်ငြိမ်နေ့မှာ …
ဖိနှိပ်လူသတ်တဲ့ အာဏာရှင်ကို ရှုတ်ချပါတယ်။
ဖိနှိပ်သူတွေနဲ့ တစ်သားတည်းရပ်တည်တဲ့ ပါတီတွေကို ရှုတ်ချပါတယ်။
ကျဆုံးလေပြီးသော ဒီမိုသူရဲတို့ကို ဦးညွှတ်လိုက်ပါတယ်။
အာဏာရူးတွေကို နည်းလမ်းမျိုးစုံနဲ့
တိုက်လှန်နေတဲ့သူတွေကို အားပေးဂုဏ်ယူပါတယ်

ပြည်သူ့အာဏာ ပြည်သူ့ပြန်ပေးရမယ်
တော်လှန်ရေး မုချအောင်မြင်ရမယ်။

Leave a Reply

Your email address will not be published. Required fields are marked *