ကမ္ဘာ့သတင်းတွေမျာ အစ္စရေး – ပါလက်စတိုင်း ပဠိပက္ခက ရှေ့တန်းပြန်ရောက်လာပါတယ်။ ဘယ်အချိန်မဆို သူတို့ရဲ့အရေးကိစ္စက ကမ္ဘာ့သတင်းတွရဲ့ မျက်နှာဖုံးသတင်းတွေဖြစ်နေတတ်ပါတယ်။ မပြီးဆုံးသော တိုက်ပွဲတွေကို သူတို့ တိုက်နေကြပါတယ်။
ပဠိပက္ခ အစ …
အများသူငါသိထားကြတဲ့ ပဠိပက္ခ စတင်တဲ့နှစ်ကတော့ ၁၉၄၈ ခုနှစ်ပါပဲ။ ဒါကခေတ်သစ်သမိုင်းခြေရာတွေ။ အစ္စရေး – ပါလက်စတိုင်းတွေရဲ့ ပဠိပက္ခကေို ခေတ်ဟောင်းသမိုင်းမှာလည်း တွေ့နိုင်ပါသေးတယ်။ အမြဲလိုလို နယ်မြေလုကြ၊ ဆိုင်ပြိုင်တိုက်လှန်ကြတဲ့ စစ်ပွဲဇာတ်ကြောင်းတွေကို ကျမ်းရာဇဝင်ထဲမှာလည်းတွေ့ရပါတယ်။ အထင်ကရအဖြစ် ရှန်ဆုံက ဖိလိတ္တိ လူ ၃၀၀၀ ကျော်ကို တစ်နေ့တည်းမှာ သတ်ခဲ့တဲ့အကြောင်းတွေကို ဂျူးကျမ်းစာတွေမှာ ဖတ်နိုင်ပါတယ်။ (ဆရာယုဒသန်က ပါလက်စတိုင်းအစား ဖိလိတ္တိလို့ပြန်ဆိုခဲ့ပါတယ်)
ထိုခေတ်အခါက တုတ်ချွန်တွေ၊ မြည်းမေးရိုးတွေ၊ ဓားလှံတွေနဲ့ စစ်တိုက်ခဲ့ကြပါတယ်။ ယနေ့ခေတ်မှာတော့ မီးပွားအလှဆန်တဲ့ ဒုံကျည်တွေ၊ ဒုံးခွင်းစနစ်တွေ၊ ဒရုံးတွေ၊ စက်သေနတ်တွေနဲ့ တိုက်နေကြပါတယ်။ တိုက်တဲ့နည်းစနစ်တွေသာ ပြောင်းလဲလာပေမယ့်၊ စစ်တိုက်ခြင်းဆိုတဲ့ အရင်းအမြစ်ကိုတော့ ယနေ့ထိ သူတို့ကျင့်သုံးနေဆဲပါပဲ။ ဘယ်အချိန်မှာများ ပြေလည်မလဲ … ဘယ်သူမှမပြောတတ်ပါ။
ကိုယ်တွေ အကြာကြီးနေလာခဲ့တဲ့ မြေကို ခင်တွယ်တန်ဖိုးထားသလိုပဲ၊ သူတို့နှစ်ဘက်စလုံးက သွေးစွန်းထားတဲ့ အဲ့ဒီမြေကြီးတွေကို တန်ဖိုးထားပါတယ်။ အသက်ပေးလောက်အောင် ချစ်နေကြပါတယ်။ ဘယ်သူမှလည်း အရှုံးပေးဖို့ စိတ်ကူးရှိပုံမပေါက်ပါဘူး။
မြေကြီးကို သူပိုင်ကိုယ်ပိုင်နဲ့ ငြင်းကြ၊ သတ်ဖြတ်ကြတာ ပြီးတော့မယ် မထင်ပါဘူး။ ကမ္ဘာရဲ့ အခြားသော နေရာတွေမှာ မြေလွတ်မြေရိုင်းတွေ အများကြီးရှိနေပေမယ့် သူတို့နှစ်ဘက်စလုံးအတွက်တော့ အဲဒီမြေနေရာကပဲ သူတို့ဘိုးဘွားအမွေအနှစ်မြေရယ်လို့ ထင်မှတ်ထားကြပါတယ်။ အရှည်ကြာဆုံးစစ်ပွဲတွေ၊ မလိုမုန်းတီးမှုတွေ ဖြစ်နေပါတယ်။ သူတို့ရဲ့အဖြစ်ကို အခြားသော လူမျိုးနွယ်စုများရဲ့ အဖြစ်နဲ့ တန်းတူဆွေးနွေးသင့်သလား၊ သီးသန့်မြင်သင့်သလား ဆိုတာကိုလည်း လူတွေကြားမှာ သဘောထားမတိုက်ဆိုင်နိုင်ကြသေးပါ။ နှစ်ဘက်စလုံးအတွက် ဘက်လိုက်မှုတွေ၊ ဖာထေးပြောဆိုသူတွေကလည်း ရှိနေဦးမှာပါပဲ။
တကယ်တမ်း မြေကြီးကို ဘယ်သူပိုင်သလဲ ….
ရှင်သန်ကျန်ရစ်သူကပဲ တစ်ခဏတာ ပိုင်ခွင့်ရမှာပါ။ ဘယ်သူမှ ထာဝရပိုင်ခွင့်မရှိပါဘူး။ ဒါပေမယ့် ဘာလို့ တိုက်နေကြတာလဲ။ ….. ကျွန်တော့်မှာ အဖြေမရှိ။ ပြူတင်းတံခါးကိုဖွင့်ပြီး မိုးကောင်းကင်ကိုကြည့်လိုက်တော့ လဆန်းကွေးကွေးလေးကိုမြင်ရပါတယ်။ … အစ္စရေး – ပါလက်စတိုင်း ပဠိပက္ခ ကလည်း လလိုပဲ သေးသွားလိုက်၊ ကြီးလာလိုက် အမြဲရှိနေ၊ လည်ပတ်နေမှာပါလားလို့ စဉ်းစားနေမိပါတော့တယ်။