ကိုဗစ်သူရဲကောင်း သုံးဖော် (၂)

အကြပ်အတည်းတွေထဲမှာ စွန့်လွှတ်စွန့်စား သူရဲကောင်းတွေကို ပေါ်ထွက်လာလေ့ရှိပါတယ်။

ကမ္ဘာ့ကပ်ရောဂါ ကိုဗစ်-၁၉ အကြပ်အတည်းထဲမှာ ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်၊ စာဖြူစုရွာမှာရှိတဲ့ လီဆူအသိုင်းအဝန်းငယ်လေးထဲက ကိုဗစ်သူရဲကောင်း (၃) ဖော်ထွက်ပေါ်လာခဲ့ပါတယ်။

သူတို့က ဖောင်ကြီးမှာရှိတဲ့ ကိုဗစ်ကုသရေးစင်တာသို့ ကိုယ်ကျိုးစွန့် သွားရောက်အစေခံခဲ့ကြတဲ့ အသက် ၂၀ ဝန်းကျင် လီဆူလူငယ်လေးတွေဖြစ်ပါတယ်။ ကိုဗစ်သူရဲကောင်း (၃) ဖော်- ကိုအောင်ဆဲ၊ ကိုငွားဆာဘို၊ ကိုဒါလီရော် တို့ကို လီဆူတိုင်းမ်က တစ်ဦးချင်း အင်တာဗျူးထားတဲ့အတိုင်း အစဉ်လိုက် ဖော်ပြပေးနေရာမှာ ယခုအလှည့်ကျသူကတော့ ကိုငွားဆာဘို ဖြစ်ပါတယ်။



မေး -ကိုယ့်ကိုယ်ကိုယ် မိတ်ဆက်ပေးပါဦး။
ဖြေ- ဟုတ်ကဲ့ပါ ကျွန်တော်နာမည် ငွါးဆာဘို ဖြစ်ပါတယ်။ အသက်က ၃၀ နှစ်ပါ။

မေး- ဖောင်ကြီး ကိုဗစ်ကုသရေး စင်တာမှာ ဘယ်လောက်ကြာအောင် ပါဝင်ခဲ့ပါသလဲ။
ဖြေ – ကျွန်တော် ဖောင်ကြီးမှာ ဖွင့်လှစ်ထားတဲ့ covid-19 medical center မှာ စေတနာ့ ဝန်ထမ်းအဖြစ် ၁၉.၉.၂၀၂၀ ကနေစတင်ပြီး ၂၃.၁၁.၂၀၂၀ အထိ တာဝန် ထမ်းဆောင်ခဲ့ပါတယ် ခင်ဗျာ။

မေး- ဘယ်လိုဘယ်ပုံနဲ့ အဆက်အသွယ်ရပြီး ပါဝင်ဖြစ်ခဲ့တာလဲ။
ဖြေ – ဆရာ စိုင်းအားတီ နဲ့ ဆက်သွယ်မိပြီး စေတနာ့ ဝန်ထမ်းအနေဖြင့်ပါဝင်ခဲ့ပါတယ် ။

မေး – ကိုဗစ်စင်တာမှာ ဘယ်လိုကဏ္ဍတွေကနေ ပါဝင်ခဲ့ရသလဲ။
ဖြေ- ဟုတ်ကဲ့ပါ။ အစေခံလူငယ်တွေဖြစ်တဲ့အတွက် ကျွန်တော်တို့ လူနာတွေကို အနီးကပ် ပြုစုပေးရပါတယ် ။ PPE ဝတ်စုံဝတ်ထားပြီး ရောက်ရှိလာတဲ့ ဝေဒနာရှင်တွေကို နွေးထွေးဗျူငှာစွာ ကြို ဆိုပေးပါတယ်။ ‌ဝေဒနာရှင်တွေရဲ့ အချက်အလက်တွေကိုလဲ ဆရာဝန်တွေဆီု Viber ကနေ ပို့ပေးရပါတယ် ။ ဆရာဝန်တွေရဲ့ ညွှန်ကြားမှု အောက်မှာ လုပ်ဆောင်ရပါတယ် ။ ပြီးတော့ လူနာဆောင်တွေကို သန့်ရှင်းရေးပြုလုပ်ပေးပါတယ်။ ဝေဒနာရှင်လေးတွေစွန့်ပစ်ထားတဲ့ အမှိုက်သရိုက်တွေကိုလဲ ရှင်းထုတ်ပေးရပါတယ်။ ပြီးတော့ ကျွန်တော် တို့အသုံးပြုနေတဲ့ Google နဲ့ ဘွတ်ဖိနပ်တွေကိုလဲ ပြန်လည်ဆေးကြော သန့်စင်ပေးရပါတယ်။ ပြီးတော့ လူနာတွေ သုံးဆောင်ရမဲ့ အစားအသောက်ပိုင်းကိုလဲ တာဝန်ယူပြီးပို့ဆောင်ပေးပါတယ်။

မေး – ကုသရေးစင်တာထဲက မှတ်မှတ်သားသား အတွေ့အကြုံလေးတွေ ပြန်ပြောပြလို့ ရမလား။
ဖြေ- ဟုတ်ကဲ့ပါ ထူးခြားချက်ကတော့ တစ်ခါမှ မဝတ်ဖူးတဲ့ PPE ဝတ်စုံကို ဝတ်ဆင်ရပါတယ် ။ ဂုဏ်လဲယူမိပါတယ် မိမိရဲ့အမိနိုင်ငံတော်ကြီး ကပ်ဘေးကြုံနေရတဲ့ချိန် ကိုယ်တတ်နိုင်တဲ့ဘက်ကနေ ကူညီပါဝင်ခွင့်ရခဲ့လို့ ဂုဏ်ယူမိပါတယ်။ ကျွန်တော်တို့ အရမ်းတော်နေလို့ အရမ်းထူးချွန်နေလို့ မဟုတ်ပါဘူး ကိုယ်တတ်နိုင်တဲ့ဘက်ကနေ အမိနိုင်ငံတော် အတွက် ပါဝင် ဆက်ကပ် ကူညီခွင့်ရခဲ့လို့ ဝမ်းသာမိပါတယ် ။ ပြီးတော့ ထူးခြားတာက တိုင်းရင်းသားလူမျိုးပေါင်းစုံ စုရုံးပြီး ချစ်ချစ်ခင်ခင်နဲ့ ပါဝင်ရပါတယ်။ ပြီးတော့ဆရာဝန်တွေ၊ သူနာပြု nurse တွေ၊ အစေခံလူငယ်တွေ ကျောသား ရင်သားမခွဲခြားပဲ ညီအစ်ကိုမောင်နှမလို အားလုံးစည်းလုံးပြီ ကိုဗစ်ကို တိုက်ထုတ်ခွင့်ရခဲ့ပါတယ်။ ကျွန်တော်တို့အစေခံ လူငယ်တွေကတော့ ကာယ ခွန်အားစိုက်ထုတ်ပြီး ပါဝင်ရပါတယ်။ အထူးသဖြင့် ဆရာဝန်နဲ့ nurseတွေကတော့ ကာယခွန်အားရော ဉာဏ်ဏ ခွန်အားပိုင်းပါ စိုက်ထုတ်ပြီး ဝေဒနာရှင်တွေကို ကုသပေးပါတယ်။ ဆရာ / မ လေးတွေကတော့ သူတို့တက်မြောက်ထားတဲ့ ပညာဖြင့် အစွမ်းကုန် နေ့မနား ညမနား ပြုစုစောင့်ရှောက်ပေးနေတာတွေကိုလဲ သိရှိရတော့ ဝမ်းသာမိပါတယ်။‌ အစေခံလူငယ်တွေလဲ ပင်ပန်းသလို ဆရာဝန်တွေလဲ ပင်ပန်းနေကြပါပြီ။ သို့သော် ငြီးညူခြင်းမရှိပဲ ပါဝင်ဆက်ကပ်နေကြပါတယ်။



မေး – ကိုငွါးဆာဘိုလဲ စင်တာကနေ ထွက်လာခါနီးမှ ကိုဗစ်-၁၉ ကူးစက်ခံရတယ်လု့ိ သိထားပါတယ်။ ဘယ်လိုဘယ်ပုံကျော်ဖြတ်ခဲ့ပါသလဲ။
ဖြေ- ဟုတ်ကဲ့ပါ P ထိသွားတော့ အရမ်းလဲ မခံစားရပါဘူး p မထိအောင်လဲ အတတ်နိုင်ဆုံးကြိုးစားပြီး လုပ်ဆောင်ခဲ့ပါတယ် ။ p လူနာဖြစ်သွားပြီလို့ သိသွားတဲ့ချိန်မှာလဲ အရမ်းစိတ်အားငယ်တာတွေ စိတ်ဓါတ်ကျတာတွေလဲ မရှိခဲ့ပါဘူး။
အဓိက ကတော့ အစေခံလူငယ်တွေ p ထိသွားခဲ့ရင်လဲ ဆရာဝန်တွေက အရမ်းကို ဂရုစိုက်ပေးပါတယ် ။ နေ့တိုင်း ကျန်းမာရေးအခြေအနေကို စစ်စစ်ပေးတယ် ပြီးတော့ လိုအပ်တဲ့ဆေးတွေ အပြည့်အဝ ထည့်ပေးပါတယ် နေ့တိုင်း medical check လုပ်ပေးပါတယ်။ အဓိကတော့ ခုခံအားကောင်းဖို့ပဲ လိုအပ်ပါတယ် ခုခံအားကျတဲ့ချိန် ပိုးက ကပ်လွယ်ပေါ်လွယ်ပြီးသားပါဗျာ ။ အဲဒါကြောင့် ဆရာဝန်တွေက ခုခံအားကောင်းမဲ့ အစားအသောက်တွေ ဆေးဝါတွေကို အဓိကထားပြီး ကျွန်တော်တို့ကို ဂရုတစိုက် စီမန့်ခန့်ခွဲပေးပါတယ်။ ဆေးသောက်ရမဲ့ချိန် ဘယ်လို သောက်ရမယ်ဆိုတာက အစ သေသေချာချာလေး ဂရုစိုက်ပေးပါတယ် ။

မေး- ကိုဗစ်ပေါ့စတစ်လဲ ကြုံခဲ့ပြီ၊ သက်သာလာပြီး အခု ကိုဗစ်ကုသရေး စင်တာကနေ ပြန်ထွက်လာတော့ ဘယ်လို ခံစားရပါသလဲ။
ခု ကိုဗစ် စင်တာကနေ ပြန်လည်ထွက်ခွါလာတဲ့ချိန်မှာတော့ သက်သာပြီးမှ ပြန်လည်ထွက်ခွါလာရတဲ့အတွက် အရမ်းကို ဝမ်းသာရပါတယ်။ ခု Q ဝင်နေတဲ့ အချိန်မှာလဲ ဆရာ / မတွေ အားလုံးက နွေးထွေးစွာ ကြိုဆိုတဲ့ အတွက် အရမ်းဝမ်းသာပါတယ် ။ p ထိတဲ့လူနာဆိုပြီးလဲ မခွဲခြားတဲ့အတွက် အရမ်းပဲ ပျော်ရွှင်မိပါတယ်။ စင်တာကနေပြန်လည်ထွက်ခွါလာခဲ့ပြီး Q ဝင်နေရတယ်ဆိုပေမဲ့ တချို့ကမေးကျတယ် ကျွန်တော်တို့ဆီကနေ သူတို့ကိုကူးစက်နိုင်လားတဲ့ တကယ်တော့ ကျွန်တော်တို့ဆီကနေ ပိုးမကူးစက်နိုင်တော့ပါဘူး

မေး – လီဆူတိုင်းမ် စာဖတ်သူတွေကို ဘာများ ထပ်ပြောပြစရာ ရှိသေးလဲ။
ဖြေ- ဟုတ်ကဲ့ပါဗျာ စာဖတ်သူတွေကို ကျွန်တော်သိစေချင်တာ က နှာချေ ချောင်းဆိုပြီး နှာပိတ်နေရင် တစ်ပတ်လောက် သီးသန့်ခန်းထဲနေပြီး ဂရုစိုက်ပါ။ အဲလိုမှ မဟုတ်ရင်တော့ မိသားစုတစ်စုလုံး အလုပ်ရှုပ်ကုန်မှာပါ။ ကျွန်တော်တို့ လဲ အစပိုင်းက ရာသီဥတု အပြောင်းအလဲကြောင့် ဖြစ်တယ်လို့ ခံယူခဲ့ပါတယ်။ အဲဒါကြောင့် ချောင်းဆိုး ပျောက်ဆေးသောက်လိုက် သက်သာသွားလိုက် ပြန်ဖြစ်လိုက်နဲ့ ခရီးဆက်ခဲ့ပါတယ် ။ အဲလို sign ပြနေရင် အထူးဂရုစိုက်သင့်ပါတယ်။ ပြီးတော့ အဖျားမရှိပဲနဲ့ ကိုယ်လက်ကိုက်ခဲနေမယ်ဆိုင်ရင်လဲ သီးသန့် နေသင့်ပါတယ် ။ အဓိကအချက်ကတော့ ခုနကျွန်ပြောပြခဲ့တဲ့ အချက်တွေဖြစ်ပြီးခဲ့ရင် အနံ့ပျောက်လာပါလိမ့်မယ်။ အနံ့ပျောက်နေပြီဆိုရင် ကိုဗစ်ဆိုတာ သိပ်သေချာ နေပါပြီ။ အဲဒါတွေကြောင့် နိုင်ငံတော် ကျန်းမာရေးဝန်ကြီးဌာနက ချမှတ်ထားတဲ့ စည်းကမ်းတွေကို လိုက်နာကြပါလို့ တိုက်တွန်းချင်ပါတယ်။ ကိုယ့်ထက် တော်တဲ့သူတွေ နိုင်ငံတော်အကြီးအကဲတွေ ချမှတ်ထားတဲ့ စည်းကမ်းကို လိုက်နာကျပါဗျာ။ မပေါ့ဆကျပါနဲ့ ။ အဓိက အချက်ကတော့ ခုခံအားကောင်းမဲ့ အစားအသောက်တွေများများစားပေးပါ ။ လူစုလူဝေးရှောင်ရှားကြပါ။ အပြင်ထွက်ရတိုင်း mask ကို ပုံမှန်တပ်ပေးကြပါလို့ တိုက်တွန်းချင်ပါတယ်။ ဒီစာကို ဖတ်ရှု့နေတဲ့ သူအပေါင်းများ ချမ်းသာသုခ အပေါင်းနဲ့ ပြည့်ဝပါစေကြောင်း ဆုမွန်ကောင်းတောင်းနေလျက်ပါ ။ အားလုံးပဲ ကျန်းမာချမ်းသာကျပါစေ ဗျာ။ ကျေးဇူးတင်ပါတယ်။

ကိုဂျေ
၁၂၊ ဒီဇင်ဘာလ၊ ၂၀၂၀

One thought on “ကိုဗစ်သူရဲကောင်း သုံးဖော် (၂)

  1. ဂုဏ်ယူပါတယ် ဒါမှတကယ့်လူမျိုးရေးဘာသာရေးမှာ တကယ်လိုအပ်တဲ့လမ်းစဉ်တခုဟုတ်တယ်👍🏻👍🏻

Leave a Reply

Your email address will not be published. Required fields are marked *