Letter dated 28 May 2021 from the Permanent Representative of Myanmar to the United Nations, H.E. U Kyaw Moe Tun, addressed to the Secretary-General H.E. Mr. Antonio Guterres, on the situation in Myanmar, together with the weekly information update on current situation in Myanmar as of 24 May 2021 and the legal perspective information sheet of 22 May 2021.မြန်မာ၏ ယူအင်အမြဲတမ်းကိုယ်စားလှယ် ဦးကျော်မိုးထွန်းက ပေးစာတစ်စောင် နှင့် အတူ လက်ရှိဖြစ်ပေါ်တိုးတက်မှုများကို ယူအန်အတွင်းရေးမှူးထံသို့ မေလ ၂၈ ရက်စွဲနဲ့ အစီရင်ခံစာ ပေးပို့လိုက်ပါတယ်။
====
အလွတ်သဘောဘာသာပြန်ဆိုချက်အထွေထွေညီလာခံ၇၅ ကြိမ်မြောက်အစည်းအဝေးဆွေးနွေးမည့်အချက် ၃၄ နှင့် ၇၂ (ဂ)လက်နက်ကိုင်ပဋိပက္ခများကို တားဆီးခြင်းလူ့အခွင့်အရေးမြှင့်တင်ခြင်းနှင့် ကာကွယ်ခြင်း- လူ့အခွင့်အရေးအခြေအနေနှင့် အထူးကိုယ်စားလှယ်နှင့် ကိုယ်စားပြုသူများ၏ အစီရင်ခံစာ၂၀၂၁ ခုနှစ် မတ် ၂၉ ရက်နေ့စွဲပါ မြန်မာအမြဲတမ်းကိုယ်စားလှယ်၏ ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူး ချုပ် ထံ လိပ်မူသော စာကျွန်ုပ်၏ ၂၀၂၁ ခုနှစ် မတ်လ ၁၆ ရက်နေ့နှင့် ၁၉ ရက်နေ့တွင် ပေးပို့ခဲ့သည့် မြန်မာနိုင်ငံသားများ ကြုံတွေ့နေရသည့် ထိတ်လန့်ဖွယ်အဖြစ်ဆိုးများနှင့် အင်တာနက်ဖြတ်တောက်ပြီး အဆက်အသွယ်များကို ကန့်သတ်သည့် ကိစ္စ အသီးသီးတို့နှင့် ပတ်သက်သည့် စာများကို ညွှန်းဆိုပါသည်။ မြန်မာနိုင်ငံတွင် ပိုမိုဆိုးရွား လာနေသည့် အခြေအနေများအပေါ်တင်ပြရန်နှင့် တရားမဝင်အုပ်ချုပ်နေသည့် စစ်အာဏာရှင်က ကျူးလွန်နေ သည့် ရက်စက်၍ လူမဆန်သည့် ရာဇဝတ်မှုများရန်မှ အပြစ်မဲ့ပြည်သူများ၏ အသက်ကို ကယ်တင်ရန် ယခုကဲ့သို့ ထပ်မံ ရေးသားလိုက်ရခြင်း ဖြစ်ပေသည်။၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီးသည့်နောက် တရားမဝင်သည့် စစ်အုပ်စုကို ဆန့်ကျင်သည့် ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်မှုများ မြန်မာနိုင်ငံ အရပ်ရပ်တွင် ဖြစ်ပေါ်လာခဲ့ရာ မည်မျှပင် လူ့အခွင့်အရေး ချိုးဖောက်မှုများ တိုးမြင့်လုပ်ဆောင်နေပြီး လုံခြုံရေးတပ်များက လက်နက်မဲ့ အရပ်သားပြည်သူ များကို အကြမ်းဖက် အင်အားသုံး ဖြိုခွင်းကာ ရက်ရက်စက်စက် နှိပ်စက်သတ်ဖြတ်နေသည့် တိုင်အောင် ဆက်လက် အားကောင်းနေဆဲ ဖြစ်သည်။ မြန်မာနိုင်ငံတွင် စစ်ဘက်နှင့် ရဲဘက်နှစ်ရပ်လုံး ပါဝင်သည့် လုံခြုံရေး တပ်သားများက ဖေဖော်ဝါရီ ၉ ရက်နေ့က စ၍ အကြမ်းဖက် သတ်ဖြတ်မှုများကို စတင်ခဲ့သည်။ နေ့စဥ် သေဆုံးမှု ဦးရေသည် မြင့်တက်လာခဲ့ပြီး ၂၀၂၁ ခုနှစ် မတ်လ ၂၉ ရက်နေ့တွင် သေဆုံးသူ ၅၀၀ ကျော်ရှိလာခဲ့သည်။ ထောင်နှင့်ချီကာ ဒဏ်ရာရခဲ့ပြီး ၂၅၀၀ ကျော်မှာ ဖမ်းဆီးခံခဲ့ရသည်။၂၀၂၁ ခုနှစ် မတ်လ ၂၇ ရက်နေ့ ၇၆ နှစ်မြောက် တပ်မတော်နေ့တွင် မြန်မာနိုင်ငံတစ်ဝှမ်းတွင် ဖေဖော်ဝါရီ ၁ ရက်နေ့က စတင်သည့် စစ်အာဏာသိမ်းမှုအတွင်း သွေးအစွန်းဆုံးနှင့် အသေအပျောက်အများဆုံး နေ့ဖြစ်ခဲ့ သည်။ ထိုနေ့တစ်ရက်တည်းတွင် နိုင်ငံအနှံ့ မြို့ပေါင်း ၄၀ ကျော်တွင် ကလေးငယ်များအပါအဝင် လူပေါင်း အနည်းဆုံး ၁၁၄ ဦးကို ပစ်သတ်ခဲ့သည်။ အသက်အငယ်ဆုံးမှာ မန္တလေးမှ အသက် ၅ နှစ်အရွယ် ယောက်ျားလေး တစ်ဦးဖြစ်ပြီး အခြားသော ကလေးအရွယ် အပစ်ခံရသူများတွင် ၁၃ နှစ်အရွယ်ယောက်ျားလေးနှင့် ၁၄ နှစ်အရွယ် ယောက်ျားလေးနှင့် မိန်းကလေးတို့ ပါဝင်သည်။ ရန်ကုန်တိုင်းဒေသကြီး မရန်းကုန်းမြို့နယ်တွင် တစ်နှစ်အရွယ် သားယောက်ျားလေး တစ်ဦးမှာ စစ်သားများ၏ ရာဘာကျည်ဆန်နှင့် ပစ်ခတ်မှုကြောင့် မျက်လုံးတစ်ဖက် ထိမှန်ခဲ့ရသည်။တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့တွင် စစ်သားနှင့် ရဲများသည် လူနာတင်ကားများဖြင့် ကိုယ် ဖျောက်၍ ဆန္ဒပြသူများနှင့် ဖြတ်သန်းသွားလာသူများကို ထိုကားများပေါ်မှ ပစ်ခတ်ခဲ့သည်။ မန္တလေး ထားဝယ်စု ရပ်ရှိ အိမ်တစ်အိမ်မှ CCTV မှတ်တမ်း တစ်ခုအရ စစ်သားများက စစ်ကားအနီးမှ ဖြတ်သန်းသွားသည့် မော်တော်ဆိုင်ကယ်တစ်စီးပေါ်မှ လူသုံးဦးကို ပစ်ခတ်ပြီး အလောင်းများကို သယ်ဆောင်သွားခဲ့သည်။လုံခြုံရေးတပ်များက ပြည်သူများနှင့် ငြိမ်းချမ်းစွာ ဆန္ဒပြသူများကို အင်အား မတန်တဆသုံးပြီး အချိန်နေရာ အတန်းအစားမရွေး ပစ်ခတ်နှိမ်နင်းခဲ့သည်။ ကျဆုံးသူများ၏ ဈာပနအခန်းအနားနှင့် အမေရိကန် စင်တာကဲ့သို့ သံတမန်ဆိုင်ရာ အဆောက်အအုံပါမကျန် ပစ်ခတ်ခြင်းဖြစ်သည်။ RPG ကဲ့သို့ လက်နက်ကြီးများကို လူနေထူထပ်သည့် မြို့ပေါ် ရပ်ကွက်များတွင် အရပ်သားများကို ပစ်ခတ်ရာ၌ သုံးစွဲခဲ့ကြသည်။ကျွန်ုပ် ဤအခွင့်ကောင်းကိုယူ၍ ကမ္ဘာ့ကုသသမဂ္ဂအဖွဲ့ကြီးနှင့် နိုင်ငံတကာအသိုင်းအဝိုင်းတို့က လူသတ်စစ်တပ်နှင့် လုံခြုံရေးတပ်သားများ၏ ကလေးငယ်များနှင့် လူငယ်များအပါအဝင် အရပ်သားများအား ပစ်ခတ်သတ်ဖြတ်နေခြင်းအပေါ် ရှုတ်ချခဲ့မှုအပေါ် ကျေးဇူးတင်ရှိကြောင်း ပြောကြားလိုပါသည်။ အင်အား မတန်တဆသုံးပြီး မည်သူမည်ဝါမရွေး ပစ်ခတ်သတ်ဖြတ်နေမှုများကြောင့် အရပ်သား အိမ်ထောင်စုများမှာ နေရပ်ကို စွန့်ခွါခဲ့ရသဖြင့် အခြေတကျမရှိသည့် လူဦးရေများစွာ ဖြစ်လာစေသည်။ ဖက်စစ် စစ်တပ်၏ ရက်စက်သည့် လူအစုအပြုံလိုက် သတ်ဖြတ်မှုများသည် အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးအပေါ် အဆမတန် ခြိမ်းခြောက်နေသည်မှာ သံသယဖြစ်စရာမလိုသည့် ပကတိအရှိတရားပင်ဖြစ်သည်။မြန်မာနိုင်ငံသားများအားလုံးမှာ အကာအကွယ်မဲ့ ဖြစ်နေခြင်းကြောင့် အပစ်မဲ့ အရပ်သားများ၏ အသက်ကို ကယ်တင်နိုင်ရန် နိုင်ငံတကာအသိုင်းအဝိုင်းထံမှ အရေးပေါ် အကူအညီရနိုင်ရန် နည်းလမ်းရှာနေခဲ့ ကြသည်။ ကျွန်ုပ်တို့ ယနေ့ တယ်လီဖုန်းဆက်သွယ်ပြောဆိုခဲ့သည့်ကိစ္စရပ်ကိုပင် ညွှန်းဆိုလိုပါသည်။ လူကြီးမင်းထံ ဆက်သွယ်ပြီး လူကြီးမင်းထံမှ တစ်ဆင့် နိုင်ငံတကာ အသိုင်းအဝိုင်းအား မိမိဘာသာ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ (SAC) ဟု ခေါ်ဆိုကာ လူမဆန် ရက်စက်ယုတ်မာသည့် ရာဇဝတ်မှုများကျူးလွန်နေသော စစ်အာဏာရှင်တို့ရန်မှ မြန်မာပြည်သူလူထုကို ကာကွယ်ရန်အတွက် လိုအပ်ပြီး ထိရောက်သည့် ပြုဖွယ်များကို ဖင့်နွှဲခြင်းမရှိ ဆောင်ရွက်ရန် တောင်းဆိုလိုပါသည်။ ထို့ကြောင့်ပင် မြန်မာနိုင်ငံသားများ ကိုယ်စား လူကြီးမင်းနှင့်တကွ နိုင်ငံတကာအသိုင်းအဝိုင်းသို့ အနူးအညွတ် မေတ္တာရပ်ခံလိုသည်မှာ- • စစ်တပ်က ကျူးလွန်လျက်ရှိသော လူ့ဂုဏ်သိက္ခာကို ချိုးဖောက်သည့် ရာဇဝတ်မှုများမှ မြန်မာပြည်သူ လူထုကို အကာအကွယ်များ ပေးရန်၊• လူသားချင်းစာနာသည့် အကူအညီများကို လိုအပ်နေသူများထံ နည်းလမ်းအားလုံးကို သုံးလျက် ချက်ချင်း ထောက်ပံ့ရန်၊• စစ်လေယာဥ်များသုံးလျက် ဗုံးကြဲတိုက်ခိုက်နေမှုများကြောင့် ထိခိုက်ဆုံးရှုံးနေမှုများကို ဆက်လက် မဖြစ်ပွားစေရန်အတွက် သက်ဆိုင်ရာ နယ်မြေများတွင် လေယာဥ်မပျံသန်းရဇုန်သတ်မှတ်ရန်၊• အိမ်နီးချင်းနိုင်ငံနယ်စပ်ဖြတ်ကျော်၍ ဘေးကင်းရာ စစ်ဘေးရှောင်သူများအတွက် လူသားချင်း စာနာမှုအနေနှင့် ခိုလှုံရာစီစဥ်ပေးရန်၊ • စစ်တပ်၏ လက်နက်ဝယ်ယူမှုများ ရပ်တန့်ရန် ပိတ်ပင်မှု ချက်ချင်းပြုလုပ်ရန်၊• စစ်တပ်နှင့် သူနှင့် မိသားစုဝင်များ၏ စီးပွားရေးလုပ်ငန်းများအား ပစ်မှတ်ထားပြီး ချိတ်ဆက်ကာ ပိုမိုတင်းကြပ်သည့် အရေးယူပိတ်ဆို့မှုများကို ကျင့်သုံးရန်၊• စစ်တပ်နှင့် သူ၏ အဖွဲ့ဝင်များနှင့် ဆက်နွှယ်သော ဘဏ်စာရင်းများကို ရပ်တန့်ရန်နှင့် ယင်းတို့ထံ ဝင်မည့် ငွေလွှဲများကို ချက်ချင်း ဖြတ်တောက်ရန်၊• လူသတ်သည့် ဖက်ဆစ် စစ်အာဏာရှင်ကို မည်သည့်အခြေအနေတွင်မဆို အသိအမှတ်မပြုရန်၊• မြန်မာနိုင်ငံတွင် ဒီမိုကရေစီနည်းလမ်းတကျ ရွေးကောက်တင်မြှောက်သည့် အစိုးရ မပေါ်ပေါက်မချင်း နိုင်ငံခြားမှ တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုများ အားလုံးကို ဆိုင်းငံ့ထားရန်။လူတို့၏ အသက်အန္တရာယ်ကို ကာကွယ်စောင့်ရှောက်ခြင်းသည် လူသားတို့၏ မြင့်မြတ်သော တာဝန်ကို ထမ်းခြင်းပင် ဖြစ်ပါသည်။ ထို့ကြောင့်ပင် ကျွန်ုပ်အနေဖြင့် အလေးအနက်ပြောလိုသည်မှာ မြန်မာပြည်သူများ အပေါ် စစ်တပ်က ကျူးလွန်နေသည့် ရက်စက်သည့် ရာဇဝတ်မှုများရန်မှ ကာကွယ်ရန် နိုင်ငံတကာ အသိုင်းအဝိုင်း အနေဖြင့် မည်သည့်နည်းလမ်း မဆိုသုံး၍ အချိန်မီ မြန်ဆန်သည့် ဆုံးဖြတ်ချက်များ ချမှတ်ကာ တစုတစည်းတည်း လုပ်ဆောင်ရမည့် တာဝန်ရှိပါသည်။ မြန်မာပြည်သူလူထု၏ ခက်ခဲသော ကာလ အလိုအပ်ဆုံးသော အချိန်များတွင် နိုင်ငံတကာအသိုင်းအဝိုင်း၏ ဖေးမကူညီခဲ့သည်များအပေါ် မိမိတို့က အမြဲအမှတ်ရနေမည်သာ ဖြစ်သည်။ကျွန်ုပ်အနေဖြင့် ယခုစာနှင့်အတူ ၂၀၂၁ ခုနှစ် မတ်လ ၂၆ ရက်နှင့် ၂၈ ရက်နေ့စွဲပါ သတင်းအချက်အလက် စာတမ်းများကို ပေးပို့လိုက်ပါသည်။ (ပူးတွဲ ၁ နှင့် ၂)ယခုစာနှင့် တကွ ပူးတွဲပါစာတမ်းများကို ကမ္ဘာ့ကုလသမဂ္ဂ၏ စာရွက်စာတမ်း အဖြစ် ဖြန့်ဝေပေးပါရန်လည်း လေးစားစွာ ပန်ကြားအပ်ပါသည် ခင်ဗျား။(လက်မှတ်) ကျော်မိုးထွန်းအမြဲတမ်းကိုယ်စားလှယ် နောက်ဆက်တွဲ -၁မြန်မာနိုင်ငံ၏ လက်ရှိအခြေအနေနှင့် ပတ်သက်၍ အပတ်စဥ် တင်ပြမှု (၂၆-၃-၂၀၂၁)အများပိုင်အဆောက်အအုံနှင့် ပရဝုဏ်များ၌ တပ်စွဲခြင်း၂၀၂၁ ခုနှစ် မတ်လ ၆ ရက်နေ့မှ စတင်၍ စစ်တပ်အင်အားကို ရန်ကုန်၊ ဧရာဝတီ၊ ပဲခူး၊ တနင်္သာရီ၊ မန္တလေးနှင့် စစ်ကိုင်းတိုင်း ဒေသကြီးနှင့် မွန်၊ ကယားနှင့် ကချင်ပြည်နယ် အပါအဝင် မြန်မာနိုင်ငံအနှံ့အပြားရှိ ဆေးရုံများ၊ တက္ကသိုလ်ဝင်းများနှင့် ဘာသာရေးအဆောက်အအုံဝင်း အစရှိသည့် အများပိုင်အဆောက်အအုံများ အတွင်း နေရာချထားခဲ့သည်။ (နေရာယူထားသည့် အဆောက်အအုံများစာရင်းကို ပူးတွဲတင်ပြပါသည်။) အဆိုပါ အပြုအမူသည် မြန်မာနိုင်ငံက လိုက်နာရမည့် နိုင်ငံတကာ ဥပဒေစည်းမျဥ်းနှင့် ကတိကဝတ်များကို ချိုးဖောက်ခြင်း ပင် ဖြစ်ပါသည်။ကမ္ဘာ့ကလေးများရန်ပုံငွေအဖွဲ့ (UNICEF) က ၂၀၂၁ ခု မတ်လ ၁၉ ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့သည့် သတင်းထုတ်ပြန်ချက်တွင် လုံခြုံရေးတပ်အင်အားများကို တိုင်းဒေသကြီးနှင့် ပြည်နယ် ၁၃ ခုရှိ ကျောင်းနှင့် တက္ကသိုလ် ပရဝုဏ်ပေါင်း ၆၀ ကျော်တွင် တပ်စွဲထားသည်ဟု ပါဝင်ခဲ့သည်။ Save the Children, UNESCO နှင့် UNICEF အဖွဲ့အစည်းများက အဆိုပါ အများပိုင်အဆောက်အအုံနှင့် ဝင်းများအတွင်းမှ ထွက်ခွါပေးရန် တောင်းဆိုခဲ့ ကြသည်။သေဆုံးမှုနှင့် အဓမ္မဖမ်းဆီးမှုများအာဏာသိမ်းမှု စတင်ကတည်းက စစ်ကောင်စီသည် လူ ၃၀၀၀ နီးပါးအား အဓမ္မဖမ်းဆီးထိန်းသိမ်း ခဲ့သည်။ ၂၀၂၁ ခုနှစ် မတ်လ ၂၅ ရက်နေ့ စာရင်းအရ လူပေါင်း ၃၀၀ ကျော်သည် စစ်တပ်၏ အကြမ်းဖက် ရက်စက်စွာ သတ်ဖြတ်ခြင်းကို ခံခဲ့ရသည်။ အဖမ်းဆီးခံရသူများတွင် အသက် ၁၈ အောက် ကလေးသူငယ် အများ အပြား ပါဝင်သည်။ ထို့မျှမက စစ်တပ်က ပစ်ခတ်နှိမ်နင်းခြင်းခံရသူများတွင် အသက်ငယ်သူများ ပါဝင်နေခြင်း ဖြစ်သည်။ အငယ်ဆုံးမှာ မန္တလေးမှ အသက် ၇နှစ်အရွယ် ခင်မျိုးချစ် ဖြစ်သည်။ စစ်သားများ အိမ်တံခါးကို ဖွင့်ကန်ကာ ဝင်လာချိန်တွင် ခင်မျိုးချစ်သည် အိမ်ထဲတွင် ရှိနေသည်။ စစ်သားတစ်ယောက်က သူ့ဝမ်းဗိုက်သို့ အကြောင်းမဲ့ ပစ်လိုက်ချိန်တွင် သူသည် ဖခင်၏ ရင်ခွင်ထဲတွင်ရှိနေချိန်ဖြစ်သည်။ ငြိမ်းချမ်းစွာ ဆန္ဒပြသည့် သပိတ်မျိုးစုံသံပုံးတီးခြင်း- ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့က စတင်၍ နေ့စဥ် ည ၈နာရီ တိတိတွင် အိမ်ရှိ သံပုံးများ အိုးခွက်များကို ထုရိုက်သည့် အစဥ်အလာဖြစ်လာခဲ့သည်။ မြန်မာနိုင်ငံ အနှံ့ တောကြိုအုံကြားမကျန် လူတန်းစားမျိုးစုံသည် သံပုံးတီးခြင်းကို စစ်တပ်အာဏာသိမ်းမှုအား ဆန့်ကျင်သည့်အနေဖြင့် မှန်မှန်ပြုလုပ်ခဲ့ကြ သည်။ မြန်မာဓလေ့တွင် မကောင်းဆိုးဝါးကို အဝေးသို့မောင်းထုတ်ရန် အိုးခွက် သံပုံးများကို ထုရိုက်သံပေးခြင်းက ထုံးစံဖြစ်သည်။ ယခု သတင်းပတ်များအတွင်း စစ်တပ်က သံပုံးတီးသူများကို ဖမ်းဆီးခြင်း၊ အသံကြားရာအိမ်များ သို့ သေနတ်ဖြင့် ပစ်ခတ်ခြင်းတို့ကို ပြုလုပ်လာကြသည်။ သံပုံးတီးပါက သတ်ပစ်မည်ဟု စစ်သားနှင့် ရဲများက ခြိမ်းခြောက်သော ဗီဒီယိုမှတ်တမ်း အများအပြား ရရှိခဲ့သည်။ မည်သို့ ခြိမ်းခြောက် ဖမ်းဆီး ပစ်ခတ်သည်ဖြစ်စေ၊ ပြည်သူအများမှာ ည ၈နာရီထိုးသည်နှင့် မိမိအိမ်ရှိ သံပုံး အိုးစလောင်းများကို ထုရိုက်နေဆဲဖြစ်သည်။အထိုင်သပိတ်- အကြမ်းဖက်ဖြိုခွဲခြင်းနှင့် ပစ်ခတ်ခြင်းများကို ရှောင်ကြဥ်ရန် ဆန္ဒပြသူများက မိမိရပ်ကွက် အတွင်းမှာပင် အထိုင်သပိတ်လုပ်လာကြသည်။ စစ်တပ်က ချီတက်သည့် ဆန္ဒပြစစ်ကြောင်းများနှင့် စုဝေးသည့် နေရာများကို ဖြိုခွင်းရန် အင်အားတိုးမြင့်လာသောကြောင့် မိမိရပ်ကွက်အတွင်းတွင်သာ အထိုင်သပိတ် လုပ်ကြခြင်း ဖြစ်သည်။လူမဲ့ သပိတ်- စစ်တပ်၏ အင်အားသုံးဖြိုခွဲသည့်ရန်မှ ရှောင်ကြဥ်ရန် လူမပါသည့်သပိတ်ကို ကျယ်ကျယ်ပြန့်ပြန့် ပြုလုပ်ခဲ့ကြသည်။ အများပိုင်နေရာများနှင့် လမ်းများပေါ်တွင် စာတန်းပါ ဆိုင်းဘုတ်များကို စီထောင်လျက်လည်းကောင်း၊ အရုပ်များ၊ ဦးထုပ်များ ချ၍လည်းကောင်း လူမပါသပိတ်ကို ဆင်နွှဲကြသည်။ညသပိတ်- ရန်ကုန်နှင့် မန္တလေး မြို့ကြီးများတွင် ညပိုင်းများတွင် ဆန္ဒပြသူများကို လိုက်လံဖမ်းဆီးနေမှု များကို ကာကွယ်သည့်အနေဖြင့် မြို့ကြီးများနှင့် မြို့ငယ်များတွင် လူအများက ညမထွက်ရအမိန့်ထုတ်ပြန်ထားချိန် လမ်းမများပေါ်ထွက်ကာ ညသပိတ်ဖြင့် ပစ်ခတ်ဖမ်းဆီးမှုများကို တားဆီးခဲ့ကြသည်။ အချို့နေရာများတွင် လူအများသည် ဖယောင်းတိုင်နှင့် ဆီမီးများဖြင့် ကျဆုံးခဲ့သူများအတွက် ဆုမွန်ကောင်းတောင်းခဲ့ကြပြီး ဆီမီးဖြင့် လက်သုံးချောင်းပုံနှင့် စာတန်းများပုံဖော်ကာ မိမိတို့ဆန္ဒကို ထုတ်ဖော်ခဲ့ကြသည်။အရုဏ်ဦးသပိတ်- ၂၀၂၁ ခုနှစ် မတ်လ ၂၁ ရက်နေ့တွင် မန္တလေးမှ ဆရာဝန်နှင့် သူနာပြုများက စတင်၍ မနက်စော အရုဏ်လင်းချိန်တွင် ဂျူတီကုတ်အင်္ကျီဖြူများဝတ်၍ လမ်းမပေါ်ထွက်ကာ ချီတက်ကြွေးကြော်ဆန္ဒပြ ခြင်းဖြင့် စစ်တပ်နှင့် ထိပ်တိုက်တွေ့ခြင်းကို ရှောင်ကြဥ်ခဲ့ကြသည်။အသံတိတ် သပိတ်- စစ်အာဏာသိမ်းပြီးနောက် ဒီမိုကရေစီရေးနှင့် လွတ်လပ်ရေးအတွက် တိုက်ပွဲဝင်ရင်း အသက်ပေးလှူခဲ့ကြသူများအတွက် ဝမ်းနည်းမှုကို ပြသည့်အနေဖြင့် ၂၀၂၁ ခုနှစ် မတ်လ ၂၄ ရက်နေ့တွင် တစ်နိုင်ငံလုံးအနှံ့ အသံတိတ်သပိတ်ကို ဆင်နွှဲခဲ့သည်။ ထိုနေ့က ဆိုင်များနှင့် စီးပွားရေးလုပ်ငန်းများ ပိတ်ပြီး ကားများကို လမ်းပေါ်တွင် မတွေ့ရသလောက် ဖြစ်ခဲ့သည်။ မြို့နေပြည်သူများ ဆန္ဒပြရန်နှင့် ဈေးဝယ်ရန်ပင် လမ်းပေါ်မထွက်ကြဘဲ အိမ်တွင်းနေထိုင်ခဲ့ကြသည်။စစ်တပ်အပေါ် နိုင်ငံတကာ အသိုက်အဝန်း၏ တုံ့ပြန်ချက် ဥရောပကောင်စီ က ၂၀၂၁ ခုနှစ် မတ်လ ၂၂ ရက်နေ့တွင် စစ်ကောင်စီအာဏာသိမ်းမှုနှင့် စပ်လျဥ်းသော လူပုဂ္ဂိုလ် ၁၁ ဦးအပေါ် ခရီးသွားမှု ကန့်သတ်ခြင်း၊ ပိုင်ဆိုင်မှုများကို ထိန်းချုပ်ခြင်းစသည့် ပစ်မှတ်ထား ပိတ်ဆို့အရေးယူမှုများကို ချမှတ်ခဲ့သည်။ ထိုအထဲမှ ၁၀ ဦးသည် တပ်ချုပ် မင်းအောင်လှိုင်၊ ဒုတပ်ချုပ်စိုးဝင်းနှင့် ရွေးကောက်ပွဲကော်မရှင် ဥက္ကဌအပါအဝင် တပ်မတော်ထိပ်ပိုင်းမှ အရာရှိကြီးများဖြစ်သည်။ အမေရိကန်ဘဏ္ဍာရေးဝန်ကြီးရုံးက လည်း ၂၀၂၁ ခုနှစ် မတ်လ ၂၂ တွင်ပင် ရဲချုပ်သန်းလှိုင်နှင့် အထူးစစ်ဆင်ရေးဌာနအကြီးအကဲ ဒုဗိုလ်ချုပ်ကြီး အောင်စိုးတို့ကဲ့သို့ အဆင့်မြင့်အရာရှိကြီးနှစ်ဦးနှင့် ခြေမြန်တပ်မ (၂) ခုဖြစ်သည့် တပ်မ ၃၃ နှင့် တပ်မ ၇၇ တို့ကို ငြိမ်းချမ်းစွာ ဆန္ဒပြသူများအပေါ် ရက်စက်စွာ နှိမ်နင်းမှုကြောင့် ပိတ်ဆို့အရေးယူမှု ပြုခဲ့သည်။ လွတ်လပ်စွာ ဖော်ထုတ်ပြောဆိုခွင့်ကို ချုပ်ချယ်ခြင်း၂၀၂၁ ခုနှစ် မတ်လ ၉ ရက်တွင် စစ်တပ်က ပြည်တွင်းသတင်းမီဒီယာ ၅ ခုဖြစ်သည့် မဇ္ဇျိမ၊ ဒီဗီဘီ၊ မြန်မာနောင်း၊ ခေတ်သစ်နှင့် 7 Days မီဒီယာတို့၏ ထုတ်လွှင့်ခွင့်လိုင်စင်ကို ရုတ်သိမ်းခဲ့သည်။ မတ်လ ၁၇ ရက်နေ့မှစ၍ ပြည်တွင်း ပုဂ္ဂလိကပိုင် နေ့စဥ်သတင်းစာဂျာနယ်များအားလုံး လုံးဝရပ်တန့်သွားခဲ့သည်။၂၀၂၁ ခုနှစ် မတ်လ ၁၈ ရက်နေ့တွင် ပြည်တွင်းသတင်းမီဒီယာများမှ သတင်းထောက်များကို ထင်ရာစိုင်း ဖမ်းဆီးခဲ့ရာတွင် အယောက် ၄၀ ခန့် ဖမ်းဆီးခံခဲ့ရသည်။များသောအားဖြင့် စစ်အာဏာသိမ်းမှုကို ဆန့်ကျင် ဆန္ဒပြပွဲများတွင် သတင်းပို့နေသူများဖြစ်ပြီး အချို့မှာ ညသန်းခေါင်ချိန်တွင် အိမ်သို့ အဓမ္မလာရောက်ဖမ်းဆီးသွားခြင်းဖြစ်သည်။ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH)ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) ကို စစ်တပ်မှ အာဏာသိမ်းပြီးနောက် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၅ ရက်နေ့တွင် စတင်ဖွဲ့စည်း တည်ထောင်သည်။ ကော်မတီဝင်များမှာ ၂၀၂၀ ရွေးကောက်ပွဲ တွင် ရွေးကောက်ခံ ကိုယ်စားလှယ်များ ဖြစ်သည်။ သက်ဆိုင်ရာ အဖွဲ့အစည်းများနှင့် လက်တွဲကာ (၁) စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေး၊ (၂) သမ္မတကြီး ဦးဝင်းမြင့် နှင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ဖမ်းဆီးထိန်းသိမ်းခံရသူအားလုံး လွတ်မြောက်ရေး၊ (၃) ဒီမိုကရေစီရရှိရေးနှင့် (၄) ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ဖျက်သိမ်းရေး နှင့် ဖက်ဒရယ်စနစ်ကို အခြေခံ သည့် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ ပေါ်ပေါက်ရေး တို့ကို အကောင်အထည်ဖော်မည် ဖြစ်သည်။ ကော်မတီက မန်းဝင်းခိုင်သန်းကို ယာယီ ဒုသမ္မတအဖြစ် တင်မြှောက်ခဲ့ပြီး ယာယီ သမ္မတရုံးဝန်ကြီး၊ နိုင်ငံခြားရေးဝန်ကြီး၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီး၊ ပညာရေးဝန်ကြီး၊ အလုပ်သမား လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး၊ စီမံကိန်း ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီး၊ ကုန်သွယ်ရေးဝန်ကြီး၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်ဆံရေးဝန်ကြီးနှင့် လူမှုဖူလုံရေး ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးများကို ခန့်အပ်ခဲ့သည်။ အိမ်နီးချင်းနိုင်ငံများသို့ ခိုလှုံခြင်းဖေဖော်ဝါရီလကုန်ကတည်းကပင် နှိပ်စက်ညှဥ်းပန်းမှု၊ ပစ်ခတ်သတ်ဖြတ်မှု၊ ထင်သလို ဖမ်းဆီးမှုတို့ ကြောင့် ရာနှင့်ချီသော အစိုးရဝန်ထမ်းများ၊ နိုင်ငံရေးသမားများနှင့် နာမည်ကျော်ကြားသူများသည် အိန္ဒိယနိုင်ငံနှင့် ထိုင်းနိုင်ငံတို့သို့ ထွက်ပြေးခဲ့ကြသည်။ အိန္ဒိယနိုင်ငံသို့ ခိုလှုံသူများတွင် ရဲဝန်ထမ်းအရာရှိနှင့် မိသားစုများ ပါဝင်ပြီး အချို့မှာ CDM တွင်ပါဝင်သည့် အစိုးရဝန်ထမ်းများ ဖြစ်သည်။CDM တွင် ပါဝင်သည့် အစိုးရဝန်ထမ်းများအပေါ် အရေးယူခြင်းစစ်တပ်အာဏာသိမ်းမှုကို ဆန့်ကျင်သည့် အစိုးရဝန်ထမ်း ဆရာဝန်များက CDM (အမိန့်အာဏာ ဖီဆန် သည့် လှုပ်ရှားမှု) ကို စတင်ခဲ့ရာ အခြားသော အစိုးရဌာနများမှ ဝန်ထမ်းများပါ ပါဝင်ပူးပေါင်းလာကြသဖြင့် အရှိန် အဟုန်မြင့်လာခဲ့သည်။ ယခုအခါ ထောင်နှင့် ချီသော အမှုထမ်းအရာထမ်းများစွာသည် ဤလှုပ်ရှားမှုတွင် ပါဝင်နေကြသည်။CDM ကို နှိမ်နင်းသည့်အနေဖြင့် စစ်အာဏာသိမ်းအုပ်စုက ဝန်ထမ်းများအား ခြိမ်းခြောက်ကာ အလုပ်ခွင် သို့ ပြန်လည်ခေါ်ယူရန် သက်ဆိုင်ရာ အုပ်ချုပ်သူများကို ညွှန်ကြားခဲ့သည်။ ထိုနောက်တွင် ဝန်ကြီးဌာနက အမိန့်ကို မလိုက်နာ (သို့) လျစ်လျူရှုသည့် အဆိုပါ ဝန်ထမ်းများအား အလုပ်မှ ယာယီရပ်ဆိုင်းခြင်း (သို့) ထုတ်ပယ်ခြင်း ပြုလုပ်ခဲ့သည်။ အချို့မှာ စစ်တပ်၏ အကြမ်းဖက် ဖမ်းဆီးခြင်းကို ခံခဲ့ရပြီး ပုဒ်မ ၅၀၅ (ခ) ဖြင့် တရားစွဲဆိုခြင်း ခံကြရသည်။ CDM လုပ်သည့် ဝန်ထမ်းများအားလုံး အထူးသဖြင့် မြန်မာ့မီးရထားမှ ဝန်ထမ်းများမှာ ဝန်ထမ်း အိမ်ရာများမှ သတိပေးချိန်မရဘဲ အတင်းအကြပ် ဖယ်ရှားခံရသည်။ ရဲတပ်ဖွဲ့မှထုတ်သော နောက်ဆုံးနို့တစ်စာတွင် တစ်နိုင်ငံလုံးရှိ CDM ဝန်ထမ်းများသည် မိမိတို့ အိမ်ရာများမှ ၂၀၂၁ ခုနှစ် မတ်လ ၂၅ ရက်နောက်ဆုံးထား၍ ထွက်ခွါပေးရန် အကြောင်းကြားထားသည်။ အိမ်ရာများမှ အတင်းအကြပ်ဖယ်ရှားခြင်းအပြင် စစ်ကောင်စီသည် ရာထူးမြင့် CDM အရာထမ်းများအား ဥပဒေအရမဟုတ်ဘဲ လိုက်လံဖမ်းဆီးလျက်ရှိသည်။CDM သံအမှုထမ်းများ၂၀၂၁ ခုနှစ် မတ်လ ၂၃ ရက်နေ့အထိ နိုင်ငံခြားရေးဝန်ကြီးဌာန နေပြည်တော်နှင့် ရန်ကုန် လက်အောက်ရှိ အလယ်တန်းနှင့် အငယ်တန်း သံအမှုထမ်းများအပြင် နယူးယောက်၊ ဝါရှင်တန်ဒီစီ၊ လော့စ်အိန်ဂျယ်လိစ်၊ ဂျီနီဗာ၊ ဘာလင်၊ တိုကျို၊ တယ်လ်အဗစ်၊ အိုတာဝါနှင့် ပဲရစ်မြို့များရှိ သံအမှုထမ်းများက CDM လှုပ်ရှားမှုတွင် ပူးပေါင်း ပါဝင်လာကြသည်။ မြန်မာသံအမှုထမ်းများ CDM လှုပ်ရှားမှုပြုပါက အရေးယူမှုသည် သာမန်ထက် ပိုမိုလျင်မြန် သည်။ ထက်ဝက်မကသော အဆိုပါအမှုထမ်းများကို အလုပ်မှ ထုတ်ပယ်ခဲ့ပြီး ကျန်လူများကို မြန်မာနိုင်ငံသို့ပြန်ရန် ညွှန်ကြားခဲ့သည်။အာဏာဖီဆန်သည့်လှုပ်ရှားမှု CDM အား ၂၀၂၂ နိုဘယ်ငြိမ်းချမ်းရေးဆုအတွက် အမည်စာရင်းတင်သွင်းခြင်း၂၀၂၁ ခုနှစ် မတ်လ ၂၂ ရက်နေ့တွင် မြန်မာ၏ CDM လှုပ်ရှားမှုသည် ၂၀၂၂ ခုနှစ် နိုဘယ်ငြိမ်းချမ်းရေးဆု အတွက် အမည်စာရင်းတင်သွင်းခြင်း ခံရသည်။ မြန်မာစစ်အုပ်စုရန်မှ မြန်မာပြည်သူလူထု၏ အသက်ကို ကာကွယ်ရန်အတွက် နိုင်ငံတကာ အသိုင်းအဝိုင်း၏ အရေးယူဆောင်ရွက်မည့် အကြံပြုချက်များ•နိုင်ငံတကာအသိုင်းအဝိုင်းမှ အကာအကွယ်ပေးရေး- နှောင့်နှေးကြန့်ကြာမှုမရှိစေဘဲ အပြင်းထန်ဆုံး နည်းလမ်းများဖြင့် မြန်မာပြည်သူလူထုနှင့် အပစ်မဲ့ အရပ်သားများ အသက်ဆုံးရှုံးမှုမရှိစေရန်အတွက် အကာအကွယ်ပေးရန်၊• ပစ်မှတ်ထား၊ ချိတ်ဆက်ဆောင်ရွက်ပြီး ပိုမိုတင်းကြပ်သည့် အရေးယူပိတ်ဆို့မှုများကို စစ်တပ်နှင့် ယင်းတို့၏ မိသားစုဝင်များအပေါ် ချမှတ်ရန်- အရေးယူပိတ်ဆို့မှုများသည် စစ်တပ်ထိပ်ပိုင်း အရာရှိ များနှင့် ယင်းတို့၏ မိသားစုဝင်များကိုသာမက စစ်တပ်ရှိ အဆင့်ဆင့်သော တပ်ဖွဲ့ဝင်များနှင့် မိသားစု ဝင်များကိုပါ ပစ်မှတ်ထားသင့်သည်။ အရေးယူပိတ်ဆိုမှုများကို တပ်ပိုင်စီးပွားရေး လုပ်ငန်းအစုစုနှင့် တကွ တပ်မိသားစုဝင်များနှင့် ဆက်စပ်သော စီးပွားရေးများကိုပါ ပစ်မှတ်ထားရမည်။• စစ်တပ်နှင့် တပ်ဖွဲ့ဝင်များ၏ ဘဏ်စာရင်းများကို ထိန်းချုပ်ခြင်း- စစ်တပ်၊ တပ်ဖွဲ့ဝင်များ၊ ယင်းတို့၏ မိသားစုဝင်များ၊ တပ်ပိုင်စီးပွားရေးလုပ်ငန်းစုများ၏ ဘဏ်စာရင်းများအား ချက်ချင်း ထိန်းချုပ်ထား ရန်နှင့် စစ်တပ်နှင့် ယင်းနှင့် ဆက်စပ်သူများထံ ဝင်လာမည့် ငွေစာရင်းများအား အမြန်ဆုံး ဖြတ်တောက်ရန်။• စစ်တပ်နှင့် တရားမဝင် စစ်အာဏာသိမ်းအစိုးရသို့ ထောက်ကူသော ဖွံ့ဖြိုးရေးနှင့် နည်းပညာဆိုင်ရာ အကူအညီများအား ချက်ချင်း ဆိုင်းငံ့ရန်- နိုင်ငံတကာ ဖွံ့ဖြိုးရေးနှင့် နည်းပညာဆိုင်ရာ အကူအညီ များသည် စစ်တပ်နှင့် ပတ်သက်၍ အထောက်အပံ့မဖြစ်စေရန် နိုင်ငံတကာ အဖွဲ့အစည်းများ၊ ပြည်တွင်း အစိုးရမဟုတ်သည့် အဖွဲ့အစည်းများနှင့် အရပ်ဘက်အဖွဲ့အစည်းများက တစ်ဆင့် သေချာစွာ လမ်းကျောင်းစီမံသင့်သည်။• မြန်မာသံအမှုထမ်းများအတွက် ဗီဇာပိတ်ပင်ခြင်း- တရားမဝင်စစ်အာဏာသိမ်းအစိုးရအား နိုင်ငံတကာမျက်နှာစာတွင် ကိုယ်စားပြုခြင်းကို တားဆီးရန်အတွက် နိုင်ငံတကာအသိုက်အဝန်း အနေဖြင့် အာဏာသိမ်းပြီးနောက် ကိုယ်စားပြုမည့် မြန်မာသံအမှုထမ်းများအတွက် ဝင်ခွင့်ဗီဇာပေး ခြင်းကို ပိတ်ပင်ရမည်။• စစ်တပ်နှင့် အစိုးရအရာရှိများအတွက် ဗီဇာပိတ်ပင်ခြင်း- စစ်အာဏာသိမ်းအစိုးရအား အသိအမှတ် မပြုရန်အတွက် မြန်မာစစ်တပ်အဆင့်ဆင့် တပ်ဖွဲ့ဝင်များနှင့် ယင်းတို့၏ မိသားစုဝင်များ၊ အစိုးရ အရာရှိများအား ဗီဇာပိတ်ပင်ရေးသည် အလွန်အရေးကြီးပါသည်။• တရားမဝင် အာဏာသိမ်းစစ်တပ်အား အသိအမှတ်မပြုခြင်းနှင့် အလေးမထားခြင်း- နိုင်ငံတကာ အသိုင်းအဝိုင်းအနေဖြင့် စစ်အာဏာသိမ်းမှုနှင့် ဆက်လက်ကျူးလွန်နေသော လူမဆန်သည့် ရာဇဝတ်မှုများကို ဆန့်ကျင်သည့် ခိုင်မာသော ရပ်တည်ချက်ရှိရမည်ဖြစ်သည်။ ထို့ကြောင့် နိုင်ငံတကာ အသိုင်းအဝိုင်းက စစ်အာဏာသိမ်းကောင်စီကို အသိအမှတ်မပြုကြောင်း လူသိထင်ရှား ကြေညာရန် လိုအပ်သည်။• နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများကို ဆိုင်းငံ့ခြင်း- နိုင်ငံတကာမှ ရင်းနှီးမြှုပ်နှံသူများအား မြန်မာနိုင်ငံနှင့် စီးပွားရေးဆက်သွယ်လုပ်ကိုင်နေသော လုပ်ငန်းများအား ပိတ်သိမ်းကြရန် တောင်းဆိုပါသည်။ နိုင်ငံခြား တိုက်ရိုက် ရင်းနှီးမြှုပ်နှံမှုများအား ဒီမိုကရေစီနည်းလမ်းကျ ရွေးကောက်တင်မြှောက်သည့် အစိုးရ ပြန်လည်အုပ်ချုပ်နိုင်သည်အထိ ဆိုင်းငံ့ထားသင့်ပါသည်။နောက်ဆက်တွဲ- ၂ ၂၀၂၁ ခုနှစ် မတ်လ ၂၇ ရက်နေ့ မြန်မာနိုင်ငံတွင် ဖြစ်ပေါ်ခဲ့သည့် အခြေအနေကို တင်ပြခြင်း ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီးနောက် တရားမဝင်စစ်အာဏာသိမ်းအဖွဲ့ကို ဆန့်ကျင်သည့် ဆန္ဒပြပွဲများ ဆက်လက်ဆင်နွှဲလာခဲ့ပြီး လူ့အခွင့်အရေး ချိုးဖောက်သည့်နှိမ်နင်းမှုများနှင့်တကွ ညှဥ်းပန်းနှိပ်စက်မှုများနှင့် အရပ်သားများအပေါ် ဆင်ခြင်မဲ့ သတ်ဖြတ်မှုများ ပြုခဲ့သည့် ကြားကပင် တစ်ရက်ထက်တစ်ရက် ပိုမို အားကောင်းလာခဲ့သည်။ စစ်တပ်နှင့် ရဲတပ်ဖွဲ့ပါဝင်သော လုံခြုံရေးအင်အားက ဖေဖော်ဝါရီလ ၉ ရက်နေ့မှ စတင်ကာ ယင်းတို့၏ ရက်စက်သည့် ဖြိုခွင်းမှုနှင့် သတ်ဖြတ်မှုများကို စတင်ခဲ့သည်။ ကျဆုံးသူအရေအတွက်သည် တစ်နေ့ထက်တစ်နေ့ တိုးလာကာ ၂၀၂၁ ခု မတ်လ ၂၇ ရက်နေ့တွင် ၄၂၃ ဦးထိပင် ရှိလာခဲ့သည်။တပ်မတော်နေ့မတိုင်မီ စစ်တပ်မီဒီယာများမှ ထုတ်ပြန်သည့် ဝါဒဖြန့်ချိမှုများ၇၆ ကြိမ်မြောက် တပ်မတော်နေ့မတိုင်ခင် ၂၀၂၁ ခုနှစ် မတ်လ ၂၆ ရက်နေ့တွင် အာဏာသိမ်း စစ်ကောင်စီက ယင်းတို့ထိန်းချုပ်သော မီဒီယာ MRTV ရုပ်သံမှ တစ်ဆင့် ဆန္ဒပြမှုများအပေါ် သတိပေးခဲ့သည်။ ထိုသတိပေးချက်တွင် ရှေ့တွင် ဖြစ်ခဲ့ဖူးသည့် လမ်းပေါ်ထွက်လျှင် ခေါင်းနှင့် နောက်ကျောကို အပစ်ခံရမည့် အဖြစ်များကို သင်ခန်းစာယူရန် ကြေညာခဲ့သည်။ ပြည်သူလူထုကို ခြိမ်းခြောက်ခြင်းဖြစ်ပြီး စစ်တပ်နှင့် လုံခြုံရေး အဖွဲ့ဝင်များသည် ငြိမ်းချမ်းစွာ ဆန္ဒပြသူများကို တမင်သက်သက် ပစ်သတ်သည်ကိုလည်း ရှင်းလင်းစွာ သက်သေထူလျက်ရှိသည်။၂၀၂၁ ခုနှစ် မတ်လ ၂၇ ရက်နေ့တွင် ကျင်းပသည့် တပ်မတော်နေ့အခမ်းအနားအာဏာသိမ်းစစ်ကောင်စီသည် ၂၀၂၁ ခု မတ်လ ၂၇ ရက်နေ့ မနက်ပိုင်းတွင် ၇၆ ကြိမ်မြောက် တပ်မတော် နေ့ အင်အားပြ အခမ်းအနားကို နေပြည်တော်တွင် ကျင်းပခဲ့ပြီး ညဘက်တွင် ဂုဏ်ပြုညစာစားပွဲနှင့် တည်ခင်းနေသည့် အချိန်မှာပင် စစ်တပ်နှင့် ရဲတပ်ဖွဲ့ဝင်များသည် လူပေါင်းများစွာကို ပစ်ခတ်သတ်ဖြတ်နေခဲ့ပြီး ဆန္ဒပြသူပေါင်းများစွာကို အသေအပျောက်အများဆုံးသော နှိမ်နင်းမှုမျိုးဖြင့် ပြင်းထန်စွာ နှိမ်နင်းနေခဲ့သည်။ရုရှား ဒုကာကွယ်ရေးဝန်ကြီးနှင့် ရန်ကုန်ရှိ ရုရှ၊ တရုတ်၊ အိန္ဒိယ၊ ပါကစ္စတန်၊ ဘင်္ဂလားဒေ့ရှ်၊ ဗီယက်နမ်၊ လာအိုနှင့် ထိုင်းသံရုံးတို့မှ ကိုယ်စားလှယ်များ တက်ရောက်ကြသည်။အာဏာသိမ်းပြီးနောက်ပိုင်း အသေအပျောက်အများဆုံးသောနေ့၂၀၂၁ ခုနှစ် မတ်လ ၂၇ ရက်နေ့တွင် မြန်မာနိုင်ငံအနှံအပြားတွင် ဖေဖော်ဝါရီ ၁ ရက်နေ့ အာဏာသိမ်းပြီး နောက်ပိုင်း လူအသေအပျောက်အများဆုံးသော နေ့ကို ကြုံတွေ့ခဲ့ကြရသည်။ နိုင်ငံတစ်ဝှမ်း မြို့ပေါင်း ၄၀ ကျော် တွင် ကလေးသူငယ်များအပါအဝင် လူပေါင်း အနည်းဆုံး ၁၁၄ ယောက်သည် သတ်ဖြတ်ခံခဲ့ကြရသည်။အငယ်ဆုံး အသက်စတေးခံခဲ့ရသူမှာ မန္တလေးမှ အသက် ၅ နှစ်အရွယ် ယောက်ျားလေးတစ်ဦးဖြစ်သည်။ အခြားသော ကလေးအရွယ်များထဲမှ သေဆုံးသူများမှာ ၁၃ နှစ်အရွယ် ယောက်ျားလေးတစ်ဦးနှင့် ၁၄ နှစ်အရွယ် ယောက်ျားလေးနှင့် မိန်းကလေးတစ်ဦးတို့ဖြစ်သည်။ ရန်ကုန် မရန်းကုန်းမြို့နယ်တွင် တစ်နှစ်သားအရွယ် သားယောက်ျားလေးတစ်ဦးမှာ စစ်သားတစ်ဦးပစ်သည့် ရာဘာကျည်ကြောင့် မျက်လုံးထိမှန်ဒဏ်ရာရခဲ့သည်။ တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့တွင် စစ်သားနှင့် ရဲများသည် လူနာတင်ကားများဖြင့် ကိုယ်ယောင် ဖျောက်၍ ဆန္ဒပြသူများနှင့် ဖြတ်သန်းသွားလာသူများကို ထိုကားများပေါ်မှ ပစ်ခတ်ခဲ့သည်။ မန္တလေး ထားဝယ်စု ရပ်ရှိ အိမ်တစ်အိမ်မှ CCTV မှတ်တမ်း တစ်ခုအရ စစ်သားများက စစ်ကားအနီးမှ ဖြတ်သန်းသွားသည့် မော်တော် ဆိုင်ကယ်ပေါ်မှ လူသုံးဦးကို ပစ်ခတ်ပြီး အလောင်းများကို သယ်ဆောင်သွားခဲ့သည်။ကရင်အမျိုးသားအစည်းအရုံး (KNU) ထိန်းချုပ်ထားသော နယ်မြေများတွင် လေကြောင်းဖြင့် တိုက်ခိုက်ခြင်း၂၀၂၁ ခုနှစ် မတ်လ ၂၇ ရက်တွင် စစ်တပ်မှ ကရင်အမျိုးသားအစည်းအရုံး (KNU) ထိန်းချုပ်ထားသော နယ်မြေများဖြစ်သည့် မူတြောခရိုင် လူသောမြို့နယ် ဒေးဘူနိုးရွာအား လေကြောင်းမှ တိုက်ခိုက်ခဲ့သည်။ ထိုတိုက်ခိုက်မှုကြောင့် အနည်းဆုံး ရွာသား ၃ ဦးသေဆုံးပြီး အများအပြား ဒဏ်ရာရရှိခဲ့သည်။ လူပေါင်း တစ်သောင်းကျော်မှာ တောတွင်းသို့ ပုန်းရှောင်ခဲ့ရသည်။ ထို့အပြင် အရပ်သား ၃၀၀၀ ကျော်မှာ ထိုင်းနယ်စပ်ကို ဖြတ်ကျော်၍ ဘေးကင်းရာ ခိုလှုံခဲ့ရသည်။ စစ်တပ်က လေကြောင်းမှ တိုက်ခိုက်ခြင်းကို မူတြောခရိုင် လူသော မြို့နယ်အတွင်း အခြားနေရာ ၅ ခုကိုလည်း ၂၀၂၁ ခုနှစ် မတ်လ ၂၈ ရက်နေ့တွင် ဆက်လက်တိုက်ခိုက်ခဲ့သည်။အမေရိကန်စင်တာကို ပစ်ခတ်ခြင်း ရန်ကုန်မြို့ရှိ အမေရိကန် စင်တာကို ၂၀၂၁ ခုနှစ် မတ်လ ၂၇ ရက်နေ့တွင် သေနတ်ဖြင့် အပြင်မှ ပစ်ခတ်ခဲ့သဖြင့် မှန်အချို့ ကွဲခဲ့သည်။ အမေရိကန်သံရုံး၏ ကြေညာချက်တွင် မည်သူတစ်ဦးတစ်ယောက်မျှ ထိခိုက်မှု မရှိခဲ့ကြောင်းနှင့် ထိုဖြစ်စဥ်ကို စုံစမ်းနေကြောင်း ဖော်ပြခဲ့သည်။ဈာပနအခမ်းအနားတွင် ပစ်ခတ်ခြင်းပဲခူးတိုင်းဒေသကြီး ဘုရားကြီးမြို့နယ်တွင် ၂၀၂၁ ခုနှစ် မတ်လ ၂၇ ရက်နေ့တွင် ကျဆုံးသွားခဲ့သော ၁၁၄ ဦးအနက်မှ တစ်ဦး၏ ဈာပနအခမ်းအနားကို သင်္ချိုင်းတွင် ကျင်းပနေစဥ် ကျဆုံးသွားသည့် သူရဲကောင်းများကို ဂုဏ်ပြုသည့် တော်လှန်ရေးသီချင်း သီဆိုဟစ်ကြွေးနေသည့် လူအုပ်ထဲသို့ စစ်သားများက သေနတ်ဖြင့် ပစ်ခတ်ခဲ့သည်။ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ကြီးနှင့် နိုင်ငံတကာအသိုင်းအဝိုင်း၏ ထုတ်ပြန်ကြေညာချက်များထိုကဲ့သို့ တပ်မတော်နေ့အတွင်း ရက်စက်ကြမ်းကြုတ်စွာ နှိမ်နင်းခဲ့မှုများအပေါ် တုံ့ပြန်သည့်အနေဖြင့် ၂၀၂၁ ခုနှစ် မတ်လ ၂၇ ရက်နေ့နှင့် ၂၈ ရက်နေ့များတွင် နိုင်ငံတကာက ကြေညာချက်များ ထုတ်ပြန်ပြီး စစ်တပ်၏ အဆိုပါ လူမဆန်သော လုပ်ရပ်များကို ပြစ်တင် ရှုတ်ချခဲ့ကြသည်။၂၀၂၁ ခုနှစ် မတ်လ ၂၇ ရက်နေ့တွင် ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်က ကလေးများနှင့် ငယ်ရွယ်သူများအပါအဝင် ဒါဇင်ပေါင်းများစွာကို စစ်တပ်က အကြမ်းဖက် သတ်ဖြတ်ခဲ့မှုအပေါ် ရှုတ်ချခဲ့ပြီး ထိုနေ့၏ သေဆုံးသူအရေအတွက် အများဆုံးဖြစ်နေမှုကို ထောက်ပြခဲ့သည်။ထိုနေ့မှာပင် ကမ္ဘာ့ကုလသမဂ္ဂ၏ လက်အောက်ခံ အဖွဲ့များဖြစ်သည့် FAO, ILO, IOM, ITC, OCHA, UNAIDS, UNCDF, UNDP, UNEP, UNESCO, UNFPA, UN Habitat, UNHCR, UNICEF, UNIDO, UNODC, UNOPS, UNV, UN Women, WFP နှင့် WHO အဖွဲ့ကြီးတို့ပါဝင်သည့် မြန်မာနိုင်ငံအခြေစိုက်ရုံးက ပူးတွဲကြေညာ ချက်တစ်ရပ်ကို ထုတ်ပြန်ပြီး တပ်မတော်နေ့တွင် ဖြစ်ပွားခဲ့သည့် စစ်တပ်၏ ဆိုးရွားသည့် သတ်ဖြတ်မှုများနှင့် လူအများ၏ အသက်ကို အလဟဿဆုံးရှုံးစေမှုများကို ပြင်းထန်စွာ ရှုတ်ချရာတွင် “စစ်အာဏာသိမ်းအပြီး သွေးအစွန်းဆုံးသောနေ့” ဟု ဖော်ပြခဲ့သည်။အမေရိကန်သံအမတ်ကြီးက ၂၀၂၁ ခုနှစ် မတ်လ ၂၇ ရက်နေ့တွင် ထုတ်ပြန်သော ကြေညာချက်တွင် မြန်မာလုံခြုံရေးတပ်သားများသည် ကလေးများအပါအဝင် လက်နက်မဲ့ ပြည်သူများကို သတ်ဖြတ်ခဲ့သည်ဟု ဖော်ပြပြီး အကြမ်းဖက်မှုများ ချက်ချင်းရပ်တန့်ရန်နှင့် ဒီမိုကရေစီနည်းအရ တင်မြှောက်ထားသော အစိုးရကို ပြန်လည် နေရာပေးရန် ပါဝင်ခဲ့သည်။ မြန်မာနိုင်ငံဆိုင်ရာ ဥရောပကိုယ်စားလှယ်ရုံးကလည်း တွစ်တာပေါ်တွင် “ကြောက်မက်ဖွယ်ကောင်းပြီး အရှက်ကင်းမဲ့သောနေ့” ဟု ရေးခဲ့သည်။မတ်လ ၂၈ ရက်နေ့တွင် ကမ္ဘာ့နိုင်ငံကြီး ၁၂ နိုင်ငံဖြစ်သည့် ဩစတြေးလျ၊ ကနေဒါ၊ ဂျာမနီ၊ ဂရိ၊ အီတလီ၊ ဂျပန်၊ ဒိန်းမတ်၊ နယ်သာလန်၊ နယူးဇီလန်၊ ကိုရီးယားသမ္မတနိုင်ငံ၊ ယူကေနှင့် အမေရိကန်နိုင်ငံများမှ ကာကွယ်ရေး ဦးစီးချုပ်များက စုပေါင်း၍ ထုတ်ပြန်သည့် ပူးတွဲကြေညာချက်တွင် မြန်မာစစ်တပ်နှင့် လုံခြုံရေးတပ်သားများက သေစေနိုင်သည့် လက်နက်အင်အားကို သုံး၍ လက်နက်မဲ့ပြည်သူအား နှိမ်နင်းခြင်းကို ကန့်ကွက်ရှုတ်ချခဲ့သည်။ အဆိုပါကြေညာချက်တွင် မြန်မာတပ်အင်အားများအား အကြမ်းဖက်မှုများ ချက်ချင်းရပ်တန့်ရန်တိုက်တွန်းပြီး “စနစ်ကျ professional ဖြစ်သည့် တပ်မတော်တစ်ခုဖြစ်ပါက နိုင်ငံတကာ ကျင့်ဝတ် စံနှုန်းများအတိုင်း လိုက်နာကျင့်သုံးရမည်ဖြစ်ပြီး ပြည်သူလူထုကို ရန်မူရမည်မဟုတ်ဘဲ စောင့်ရှောက် အကာအကွယ်ပေးရမည့် တာဝန်ရှိသည်၊” ဟု ဖော်ပြခဲ့သည်။ထို့အပြင် ကမ္ဘာ့ကုလသမဂ္ဂမှ လူမျိုးတုံးသတ်ဖြတ်ခြင်းတားဆီးရေးဆိုင်ရာ အထူးအကြံပေးနှင့် လူ့အခွင့် အရေး ဆိုင်ရာ မဟာမင်းကြီးတို့ ပူးတွဲထုတ်ပြန်သော ကြေညာချက်တွင် စစ်တပ်က ငြိမ်းချမ်းစွာ ဆန္ဒပြသူများ အား “ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်ခြင်း” ကို ကန့်ကွက်ခဲ့ပြီး ကြမ်းကြုတ်ရက်စက်သည့် ရာဇဝတ်မှုများ၏ အန္တရာယ်ကို ရှင်းလင်းစွာ သတိပေးခဲ့သည်။———————————————-