ရွှေဒူးလေး ဆောက်လုပ်ရေးလုပ်ငန်း ပဲ့ကိုင်ရှင် ဦးလယ်မယ်အတား နှင့် တွေ့ဆုံခြင်း (Interview with Leme Ahthar)


(၁) ကိုယ်တိုင်မိတ်ဆက်ပေးပါဦး။

ကျတော့်နာမည်က ဦးလယ်မယ်တားပါ။ ၁၉၈၉ နှစ်ဖွား၊ အသက် (၃၂) နှစ် ၊ အဖေနာမည်က ဦးယောရှု၊ အမေနာမည်က ဒေါ်ကျော်မာခူးပါ။ ကျတော့် ဇနီး နာမည်က ‌ဒေါ်ဂူအားဆာမီး၊ သားသမီး (၃) ဦးရှိပါပြီ။ ပညာအရည်အချင်းက B.A (Eco) ပါ။ ကျတော့်ကို ချီဖွေမှာမွေးပြီး ဝိုင်းမော်မြို့နယ်၊ မခေါယန်မှာ ကြီးပြင်းခဲ့ပါတယ်။ အခုလက်ရှိ ဝိုင်းမော်မြို့နယ်၊ မိုင်းနားအုပ်စု မခေါယန်ရပ်ကွက်မှာ နေပါတယ်။

(၂) လူတိုင်းအခြေအနေ တစ်ခုခုကနေ လာခဲ့ကြရတာပါပဲ။ ကိုယ့်ရပ်ရွာနဲ့ ပတ်သက်ပြီး မှတ်မိသလောက် ပြောပြလို့ရမလား။

ကျတော့်ငယ်ဘဝအကြောင်းပြောရမယ်ဆိုရင် ကျတော့်အဖေက နိုင်ငံဝန်ထမ်း၊ အမေက အပ်ချုပ်၊ ဈေးရောင်း လုပ်ပါတယ်။ ကျတော်တို့ရွာက ဗလမင်းထင်တံတားမဆောက်ခင်အထိ တကယ့်ကို တောဓလေ့အပြည့်ရှိတဲ့ လီဆူရွာလေးပါ။ အိမ်ဆောက်မယ်ဆိုရင် တရွာလုံးဝိုင်းကူကြ၊ အမဲတွေလိုက်ရရင် တရွာလုံး‌ပေးကမ်းကြ အရမ်းပျော်ဖို့ကောင်းပါတယ်။ အမှတ်အရဆုံးကတော့ ခရစ္စမတ် နှင့်နှစ်သစ်ကူးတွေမှာ ကယ်ရိုလိုက်ဆိုကြတာတွေ၊ ကောက်ရိုးပုံမှာ ကစားကြတာတွေ ရွာမှာ အကပဒေသာပွဲ၊ စတိတ်ရှိူးပွဲ၊ နှစ်သစ်ကူးအားကစားပြိင်ပွဲ ဒီလိုပွဲ‌တွေဈဆို အရမ်းပျော်ခဲ့ရတယ်။ ကျတော်ဝါသနာကတော့ ဂစ်တာတီး၊ သီချင်းဆို၊ သီချင်းရေး၊ စာဖတ်ဝါသနာလည်းပါတယ်။ ငယ်ငယ်တုန်းကအကြောင်းမှတ်မိသေးက မိသားစုထမင်းဝိုင်းက ဟင်းမကောင်းလည်းအရမ်းစားလို့ကောင်းတယ်လို့မှတ်မိနေတယ်။ ပန်းဥငရုတ်သီးထောင်း၊ ဆီးတော်ဟူး၊ အာလူးနဲ့ ဘောလောရွက်ဟင်းရည် ကိုမှိန်ရည်ယှက်ရည်စားခဲ့ကြတယ်။ ကြက်သတ်စားရင် ကျတော်ကခေါင်း၊ အဖေက အသည်းမြစ်၊ အစ်မက အတောင်ပံ အမေကခြေထောက် ခွဲတမ်းနဲ့စားကြတယ်။ ဗလမင်းထင်တံတားဆောက်ပြီးနောက်မှာတော့ တဖြည်းဖြည်းနဲ့ ရွာဓလေ့တွေ ပျောက်ကွယ်လာတယ်။ ရွာကလူတွေရောင်းဝယ်တွေလုပ်လာကြတယ်။ ခြံတွေ စီးပွားဖြစ်စိုက်လာကြတယ်။ အခုတော့ကျတော့်ရွာလေးက တော်တော်လေးကို စည်ကားလာပါပြီး ရွာမှာ ဈေးတန်းတွေနဲ့ တိုက်တာတွေလည်း အသင့်အသင့် ဆောက်လာကြပြီ။ ဟိုးတုန်းကရွာဓလေ့ကတော့ လွမ်းစရာ ပျောက်ကွယ်သွားပြီပေါ့။



(၃) ပညာသင်ယူခဲ့ရတဲ့အကြောင်း၊ ဘဝဖြတ်သန်းမှုအကြောင်း ဝေမျှပါဦး။

ကျတော်တက်ရောက်ခဲ့တဲ့ကျောင်းကတော့ မူလတန်းကို အမက မခေါယန်၊ အလယ်တန်းကို အလက မိုင်းနား၊ အထက်တန်းကို အထက မန်ခိန်၊ တက္ကသိုလ်ကို မုံရွာစီးပွားရေးတက္ကသိုလ်နှင့် မြစ်ကြီးနား တက္ကသိုလ် တွေမှာတက်ရောက်ခဲ့ပါတယ်။ ကျတော်မှတ်မိသလောက် ငယ်ငယ်တုန်းက ခက်ခက်ခဲခဲနှင့်ပညာသင်ခဲ့ရပါတယ်။ ကံကောင်းတာတစ်ခုက အဖေကဝန်ထမ်းဆိုတော့ သားသမီးတွေကို ပညာမရမကသင်ခိုင်းခဲ့တယ်။ ကျတော်ဆို အလယ်တန်းလောက်မှာ ကျောင်းလုံးဝမသွားချင်တော့ဘူး။ အဖေကမရမကကျောင်းသွားခိုင်းတယ်။ နောက်ကံကောင်းတာတစ်ခုက အမေက အပ်ချုပ်တော့ ကျောင်းဖြူကျောင်းစိမ်းကိုတော့ သိပ်မဟောင်းခင်အသစ်အသစ်ဝတ်ရတယ်။ တက္ကသိုလ်တက်‌တော့ ကျောင်းစရိတ်မရှိလို့ ကျောင်းပိတ်ရက်တွေမှာ ဆော့လော်ဘက် ကုန်ထမ်းပြီး လမ်း‌ဘေး ဈေးသည်လုပ်ခဲ့တာတွေ၊ တနိုင်းရှတူးဇွပ်ဘက်မှာ (၄) ပေကျင်း ရွှေတူးခဲ့ရတာတွေ၊ ဆိုင်ကယ်ကယ်ရီ လုပ်ခဲ့တာတွေရှိခဲ့ဖူးတယ်။ ငယ်ငယ်ကဆင်းရဲခဲ့လို့လဲ ကျတော့်ဘဝမှာ ကြီးပွားချမ်းသာလိုတဲ့စိတ်ပြင်းပြခဲ့တယ်လို့ ထင်ပါတယ်။

(၄) ဆရာ့ကို LCSO တည်ထောင်သူတစ်ဦးအနေနဲ့သိထားပါတယ်။ ဘယ်အချိန်က ဘယ်လို၊ ဘာကြောင့် တည်ထောင်ဖြစ်ခဲ့တာကို ပြောပြပေးစေချင်ပါတယ်။

ကျတော် ကျောင်းပြီးတော့ ဆိုင်ကယ်ကယ်ရီအလုပ်ကနေ ဆိုင်ကယ်အရောင်းအဝယ်အလုပ်ပြောင်းခဲ့တယ်။ ပြီးတော့‌ရွှေစက်မှာ ညီမိုဒူ ꓠꓬꓲ ꓟꓳ ꓓꓴ ဆိုတဲ့ ဆိုင်ကယ်ဝပ်ရှော့ဆိုင်ဖွင့်ခဲ့တယ်။ အဲဒီနောက်မှာတော့ မြစ်ကြီးနားဇုံနယ်၊ ဖွံ့ဖြိုးရေး တာဝန်ခံ ဆရာအလေးဖရဲ့ ကူညီလမ်းပြမှုကြောင့် ရန်ကုန်မှော်ဘီ ကရင်နှစ်ခြင်း အဖွဲ့ချုပ်ခြံမှာ ဖွံ့ဖြိးရေးသင်တန်း ၂ လတက်ခဲ့ရတယ်။ အဲဒီနောက် ငြိမ်းဖောင်ဒေးရှင်း Fellows. လူငယ်ဖွံ့ဖြိုးရေးအစီအစဉ်တစ်ခုမှာ လူငယ် ဖွံ့ဖြိုးရေးနှင့်ပတ်သက်ပြီး (၂) နှစ်တာသင်ယူပြီး နိုင်ငံရေး၊ လူမှုရေး သင်တန်းများ၊ ဖိုရမ်များ များစွာကိုလည်း တက်ရောက်ခွင့်ရှိခဲ့ပါတယ်။ မြန်မာနိုင်ငံ ဖွံ့ဖြိုးရေးလူငယ်ဖိုရမ် (၄) ကြိမ်စေလွှတ်ခြင်းခံခဲ့ရပြီး၊ အာဆီယံ လူငယ်ဖိုရမ် (၁) ကြိမ်စေလွှတ်ခံခဲ့ရပါတယ်။ သင်တန်း (၂) နှစ်ပြီးနောက်မှာ သင်တန်းကလူမျိုးပေါင်းစုံ လူငယ် (၅) ယောက်က စတင်ပြီး “ပျိုး လူမှုအဖွဲ့အစည်း” တစ်ခုကိုတည်ထောင်ခဲ့ကြပါတယ်။ ကျတော်တို့တည်ထောင်ခဲ့တဲ့ ပျိုးလူမှုအဖွဲ့အစည်းဟာ အခုလက်ရှိ ကချင်ပြည်နယ်မှာ ကလေးသူငယ်အခွင့်အရေးနဲ့ နိုင်ငံသားအခွင့်အရေးဆိုင်ရာ လုပ်ငန်းတွေကို ကျယ်ကျယ်ပြန့်ပြန့်ဆောင်ရွက်နေတဲ့ လူငယ် အဖွဲ့အစည်းကြီးတစ်ခုဖြစ်နေပါပြီ။ ကျတော် လီဆူအရပ်ဖက်လူမှုအဖွဲ့အစည်း (LCSO) ကို စတည်ထောင်ဖြစ်တာက ကျတော်တို့လီဆူလူငယ်တွေက ပရဟိတ လုပ်ငန်း၊ လူမှုရေး၊ နိုင်ငံရေးနယ်ပယ်မှာ ပါဝင်ဆောင်ရွက်မှု အရမ်းအားနည်းနေတာတွေ့ရတဲ့အတွက် လူငယ်တွေအတွက် CSO လူမှုအဖွဲ့အစည်း ပလက်ဖောင်းတစ်ခု ရှိစေချင်လို့တည်ထောင်ဖြစ်ခဲ့တာပါ။ သုံည ဆိုတဲ့အခြေအနေတစ်ခုကနေ မရမက စခဲ့ကြရပါတယ်။ အဲဒီတုန်းက လူငယ်တွေရဲ့ ကြိုးစားအားထုတ်မှု၊ စိတ်ဓာတ်တက်ကြွမှု တွေကြောင့်လည်း LCSO ဆိုတဲ့အဖွဲ့အစည်းကို အခုချိန်ထိ ရပ်တည်နေနိုင်တာပါ။ ကျတော်နှင့်အတူ LCSO ဖြစ်မြောက်ဖို့ မဆုတ်မနှစ် ကြိုးစားခဲ့ကြတဲ့သူတွေကတော့ ကိုဝေါ်လေး (ဆီလီ)၊ ဆရာနေယိုမယ် (အာလံ)၊ ဆရာအားဂျာ (ဗက်လင်)၊ ဆရာချာဇော်တား (မန်ခိန်)၊ မအက်စတာ(စဒုံး)၊ မအားဆာမီး(မိုင်းနားစစ်ရှောင်စခန်း)၊ မငွါးမီး(သာဂရ)၊ ဂျေဖာဆဲ(ပူတာအို) နာယက နေရာကနေကူညီပေးတဲ့ ဆရာအလေးဖ (လက်ရှိ LCSO ဒါရိုက်တာ)၊ ဦးအားဖူရီလီမီ (လီဆူစာ၊ယဉ် ဥက္ကဌ) ၊ ဒေါ်ခေါ်မာဝူ ( ပြည်နယ်လွှတ်တော်) ၊ ရှေ့နေရီတား၊ ဒေါ်ငွါးမတား (မိုင်းနားလီဆူစစ်ရှောင်တာဝန်ခံ)၊ ဦးရဲဖ (စီးပွားရေးလုပ်ငန်းရှင်) တို့ဖြစ်ပါတယ်။ အားလုံးကိုနာမည်မဖေါ်ပြနိုင်ပေမယ့် LCSO အတွက် လူငယ်အင်အားပေါင်းမြောက်များစွာ ပူးပေါင်းပါဝင်ခဲ့ကြလို့ လီဆူအရပ်ဖက်လူမှုအဖွဲ့အစည်းတစ်ခုပေါ်ပေါက်ခဲ့ရတာပါ။ ဆက်လက်ပြီးလည်း လီဆူလူငယ်မြောက်များစွာအတွက် ပလက်ဖေါင်းတစ်ခု အဖြစ်ရှိနေနိုင်မယ်လို့ မျှော်လင့်ပါတယ်။

(၅) ပထမအကြိမ် မြန်မာနိုင်ငံ လီဆူ လူငယ်ညီလာခံမှာ ဆရာပါဝင်ခဲ့ရပုံတွေကို ပြောပြပါ။

ကျတော် LCSO မှာတာဝန်ထမ်းဆောင်နေစဉ်သက်တမ်းမှာ ပထမအကြိမ်မြန်မာနိုင်ငံ လီဆူလူငယ်ညီလာခံကိုကျင်းပလိုတဲ့ဆန္ဒရှိတယ်။ လီဆူလူငယ်တွေအချင်းချင်း ချိတ်ဆက်မှုရှိစေရန်၊ လီဆူလူငယ်တွေအချင်းချင်းစည်းလုံးမှုအင်အားရရှိစေရန် ရည်ရွယ်ချက်ရှိခဲ့ပါတယ်။ ကျတော်တို့အတတ်နိုင်ဆုံး အလှူရှင်တွေကိုချိတ်ဆက်ဖို့ကြိုးစားခဲ့သော်လည်း လူမျိုးတစ်မျိုးတည်းအတွက်ဦးတည်တဲ့ပွဲမို့ မရခဲ့ပါဘူး။ ဒါပေမယ့် နာယက ဦးအားဖူရဲ့ ကူညီလမ်းပြမှုကြောင့် လီဆူစာပေနှင့်ယဉ်ကျေးမှုကော်မတီ (ဗဟို) နှင့် လူငယ်များပူးပေါင်းပြီး ပထမအကြိမ်မြန်မာနိုင်ငံလီဆူလူငယ်ညီလာခံကို အောင်မြင်စွာကျင်းပနိုင်ခဲ့ပါတယ်။

(၆) ဆရာက စီးပွားရေးအလုပ်မှာ ရွှေဒူးလေး ဆောက်လုပ်ရေးကုပဏီတစ်ခုကို ပဲ့ကိုင်နေတာ သိထားပါတယ်။ ဘယ်အချိန်က၊ ဘာကြောင့်၊ ဘယ်လို စတင်ဖြစ်ခဲ့တာပါလိမ့်။

ပထမအကြိမ်မြန်မာနိုင်ငံ လီဆူလူငယ်ညီလာခံ အပြီးမှာ ကျတော်ကိုယ်ကျတော်မြင်တာက ကျတော်မိသားစုလည်းများလာပြီ၊ ပြီးတော့ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းတစ်ခုလုပ်ချင်တဲ့အတွက် ကျတော် သံပန်းလုပ်ငန်းကို စတင်လုပ်ဆောင်ခဲ့ပါတယ်။ တဖြည်းဖြည်းနဲ့ အဆောက်အဦးတွေ လက်ခံဆောက်လုပ်လာရာကနေ ဆောက်လုပ်ရေးဘက်ကို ရောက်သွားခဲ့ပါတယ်။ ရွှေဒူးလေးကိုစတင်ခဲ့တာ (၂) နှစ်ကျော်လာခဲ့ပါပြီ။ အတိုင်းအတာတစ်ခုအထိ အောင်မြင်မှုရရှိခဲ့လို့လဲ ဘုရားကျေးဇူးတော်ကိုချီးမွမ်းပါတယ်။ ကျတော် ရွှေဒူးလေး ကို တည်ထောင်နိုင်ခဲ့တာက ကျတော်က အလုပ်တစ်ခုလုပ်မယ်ဆိုရင် အချိန်မဆွဲတတ်ဘူး။ ဒါကြောင့်လည်း ခဏခဏ မအောင်မြင်မှုတွေဖြစ်ခဲ့ဖူးပါတယ်။ အရှုံးကနေ အတွေ့အကြုံဆိုတဲ့အမြတ်တွေယူခဲ့ရာကနေ ရွှေဒူးလေးဆောက်လုပ်ရေးဆိုတာဖြစ်ပေါ်လာခဲ့တာပါ။ အခုကျတော် လီဆူလူငယ် (၅) ဦး‌လောက်ကို အလုပ်ပေးထားနိုင်ပါတယ်။ ဆက်လက်ပြီးလည်း လီဆူလူငယ်တွေ အများကြီးကို အလုပ်ပေးနိုင်ဖို့ ကြိုးစားသွားမှာပါ။ ဒါကြောင့်လူငယ်တွေကိုအားပေးချင်တာက အလုပ်တစ်ခုစလုပ်မယ်ဆိုရင် အချိန်သိပ်မဆွဲပါနဲ့။ အချိန်ဆွဲလေ မလုပ်ဖြစ်ဖို့အကြောင်းရင်းကများလာလေပါပဲ။ အလုပ်လုပ်ရင်းကနေ ကိုယ်နဲ့ကိုက်ညီမယ့်အလုပ်တစ်ခုကိုတွေ့လာမှာပါ။ အဲဒီအလုပ်ကနေ အောင်မြင်မှုပန်းတိုင်ကို တက်လှမ်းနိုင်မှာပါ။




(ရ) ဆရာက လီဆူလူငယ်တန်းကနေ လက်ချိုးရေလိုရတဲ့ စွန့်ဦးထွက် ကိုယ်ပိုင်လုပ်ငန်းနဲ့ အောင်မြင်လာနေတဲ့သူလို့ ဆိုရမှာဖြစ်ပါတယ်။ လူငယ်တွေအတွက် ဆရာရဲ့ စကားလက်ဆောင်လေး ပြောပေးပါ။

လူငယ်တွေကိုအားပေးချင်တာက အချိန်ကို အလဟသ မဖြုန်းတီးပစ်ပါနဲ့။ Social Media ကို အပြင်းပြေဖို့မဟုတ်ပဲ စီးပွားရေးအတွက်အကျိုးရှိရှိအသုံးချပါ။ အလုပ်တွေဟာ သင့်လက်တစ်ကမ်းမှာရှိပါတယ်။ စိတ်ဝင်စားတဲ့အသက်မွေးလုပ်ငန်းတစ်ခုခုကိုသင်ယူပါ။ သင်ယူရင်းလုပ်ကိုင်ပါ။ တဖြည်းဖြည်းနဲ့ Professional ဖြစ်လာလိမ့်မယ်။ ခုခေတ်ချိန်ခါမှာ ဘာအလုပ်မဆို Youtube မှာလေ့လာလို့ရပါတယ်။ အပြင်မှာလည်းလေ့လာ၊ Youtube မှာလည်းလေ့လာရင် အချိန်တိုအတွင်း အသက်မွေးဝမ်းကျောင်းလုပ်ငန်းတစ်ခုကို လုပ်ကိုင်လာနိုင်မှာပါ။ ကိုယ်အားလပ်တဲ့အချိန်မှာ ပရဟိတလုပ်ကိုင်ပါ။ မိမိကိုယ်ကိုယ် Promotion လုပ်ပါ။ လူကြီးလူကောင်းများ ဆရာသမားများက ကိုယ့်ကို သတိထားမိအောင်နေပါ။ သူတို့ရဲ့အဆက်အသွယ်အချိတ်အဆက်ကြောင့် နောင်တစ်ချိန် သင်စီးပွားရေးအလုပ်မှာလည်း များစွာအထောက်အကူဖြစ်လာပါလိမ့်မယ်။ မိမိအလုပ်ကို သေးသေးကြီးကြီး Social Media. မှာ ဖေါ်ပြပါ။ ကြော်ငြာပါ။ မိမိလူမျိုးကိုချစ်ပါ။ မိမိလူမျိုးဖြစ်ရတာဂုဏ်ယူပါ။ မိမိလူမျိုးအချင်းချင်းကူညီရှိုင်းပင်းကူညီပါ။ လက်တွဲခေါ်ပါ။ အိမ်ထောင်ပြုမယ်ဆိုရင် အချစ်တစ်ခုတည်းနဲ့ မဖြစ်စေနဲ့။ ကိုယ်နဲ့တစ်ဘဝလုံးစာလက်တွဲဖို့ဖြစ်နိုင်လား လေ့လာပါ။ စဉ်းစားပါ။ ဆုံးဖြတ်ပါ။ အိမ်ထောင်ပြုပြီးနောက်မိသားစုဘ၀ နဲ့ အချစ်နဲ့ နှိုင်းယှဉ်လိုက်ရင် ဆယ်ကျော်သက်အရွယ် ရူးရူးမူးမူးအချစ်တွေက ဘာမှ မဟုတ်တော့ပါဘူး။ လူငယ်များအားလုံး လိုရာပန်းတိုင်အရောက်လှမ်းနိုင်ပြီး သာယာတဲ့ မိသားစုဘဝ ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆန္ဒပြုလိုက်ပါတယ်။ ခုလို ဖြေကြားခွင့်ပေးတဲ့ လီဆူ တိုင်းမ်စ် ကိုလည်း ကျေးဇူးအများကြီးတင်ပါတယ်။


ချစ်သော ကိုဂျေ
[email protected]

Leave a Reply

Your email address will not be published. Required fields are marked *