အမေရိကားမှာ ကျောင်းတက်နေတဲ့ မစန်းစန်းအေး နှင့် စကားစမြည် … (Conversation with San San Aye)

မြန်မာ့ရေမြေ … လီဆူအသိုင်းအဝန်းထဲကထွက်လာပြီး အမေရိကားမြေသို့ခြေချ ပညာသင်ယူကြတဲ့သူတွေဆိုလို့ လက်ဆယ်ချောင်းမပြည့်တတ်သေးတဲ့ အနေအထားမှာ ရှိနေဆဲပါ။ သူတို့အထဲက တစ်ယောက်သောသူကို အမေရိကားမှာ ပညာသင်ယူနေရတဲ့ အခင်းအကျင်းအကြောင်း မေးမြန်းဖြစ်လိုက်ပါတယ်။ စာဖတ်သူတွေအတွက် မိတ်ဆက်ပေးပါဦးဆိုတော့ သူက အခုလို မိတ်ဆက်ပါတယ်။

ကျွန်မရဲ့နာမည်ကတော့ မစန်းစန်းအေးဖြစ်ပါတယ်။ မွေးရပ်ဇာတိကတော့ ပန်ညောင်ရွာ၊ သီပေါမြို့နယ်၊ ရှမ်းပြည်နယ်မြောက်ပိုင်းပါ။ မိဘတွေကတော့ ဦးဗာရကီ + ဆရာမဒေါ် နားမာဟဲ့တို့ဖြစ်ပါတယ်။ သီပေါခရစ်တော်၏ အသင်းတော်မှာ လူငယ်ခေါင်းဆောင်ရယ်၊ ပြီးတော့တောင်ပေါ်ပညာရေးနဲ့အလှမ်းဝေးတဲ့ကလေးသူငယ်တွေကို ပညာရေး ပြုစုပျိုးထောင်ပေးတဲ့ပညာရေးစင်တာမှာလဲ စေတနာ့ဝန်ထမ်း အလုပ်လုပ်တဲ့သူပါ။ ကျွန်မ ယူအက်စ်အေမှာကျောင်းတက်ရင်းရောက်နေတာ အခုဆိုရင် ၂ နှစ်ခွဲရှိပါပြီ။ ကျွန်မ Emmanuel Christian Seminary at Milligan University မှာ မဟာတန်းတက်နေပါတယ်။ မေဂျာကတော့ခရစ်ယာန်အမှုတော်လုပ်ငန်း- Christian Ministries ဖြစ်ပါတယ်။

ဒီမှာဘက် နဲ့ အမေရိကားရဲ့ ပညာရေးအခင်းအကျင်း ဘယ်လိုထူးခြားမှု ရှိသလဲလို့ မေးစမ်းမိရာမှာတော့ အခုလိုပြောပြပါတယ်။

ကိုယ်တွေဆီက ပညာရေးပုံစံ နဲ့ အနောက်တိုင်းပညာရေးက ကွာဟချက် အများကြီးရှိပါတယ်။ အဲ့ဒီထဲကမှ တစ်ခုကိုရွေးပြောရရင် ကိုယ်တွေဆီကပညာရေးက ဆရာကိုမှီခိုလွန်းတယ်လို့မြင်တယ် ။ ဒီမှာကတော့ ဆရာသင်ကြားပေးတာက ၄၀ ရာခိုင်နှုန်းလောက်ပဲ ကျန်တဲ့ ၆၀ ရာခိုင်နှုန်းကတော့ ကိုယ့်ဘာသာလေ့လာရတယ်။ စာတန်းတွေရေးရင်း၊စာကြည့်တိုက် တွေမှာအချိန်ကုန်ရများပါတယ်။ ကိုယ်တိုင်လေ့လာရတော့ ပိုမှတ်မိတာပေါ့။ ပိုလည်းနားလည်လွယ်တယ်။မေးခွန်းတွေလည်းရှိလာတယ်လေ။ဥပမာ – တစ်ပတ်ကို အတန်းက ၂ ရက်တက်ရပါတယ်။ ဒါပေမယ့် ကျန်တဲ့ရက်တွေက ဘာလုပ်နေရလည်းဆိုတော့ ကိုယ့်ဘာသာကိုယ် စာတွေဖတ်ရင်းလေ့လာနေရတာပေါ့။ အတန်းအချိန်ပြင်ပမှာ စာကြည့်တိုက်ကိုမသုံးဘူး၊ ကိုယ်တိုင်လေ့လာတာမရှိဘူးဆိုရင် နှစ်ရက်ဆိုတဲ့အတန်းကို တက်ဖို့တော်တော်လေးကို ခက်ခဲပါလိမ့်မယ်။ ဘာလို့လဲဆိုတော့ အဲ့ဒီအချိန်မှာတော့ ပရော်ဖက်ဆာနဲ့တွေ့ဆုံပြီး စကားသွားပြောရတာဖြစ်ပါတယ်။ ပရော်ဖက်ဆာတွေရဲ့ အတွေးအမြင်တွေကို သွားပြီးနားထောင်ရတာဖြစ်ပါတယ်။ ပြီးရင် ကိုယ့်အတန်းဖော်တွေနဲ့အတူ တစ်ပတ်တာဖတ်ထားတဲ့စာတွေကို ဆွေးနွေးကြရတယ်၊ သူ့အမြင်ကိုယ့်အမြင်တွေဖလှယ်ကြရတယ်။

ကိုယ်က စာမလုပ်ထားဘူး၊ စာကြည့်တိုက်မထိုင်ထားဘူး၊ စာတွေကြိုအဖတ်ထားဘူးဆိုရင် အတန်းထဲမှာ ဘာပြောနေမှန်းသိလိုက်ရမှာမဟုတ်ဘူး။ လိုက်မမီတော့ဘူးပေါ့။ မျက်လုံးရှိပေမယ့်မတွေ့ရ၊ နားရှိပေမယ့်မကြားရသလို၊ အရူးတစ်ယောက်လိုပေါ့။ ပရော်ဖက်ဆာတွေက ကျောင်းသားတွေကို ဘာတွေးရမယ်လို့ ပြောလေ့မရှိဘူး။ ဘာတွေတွေးစရာရှိတယ်ဆိုတာကို ညွှန်ပြတယ်၊ ချပြတယ်။ ကိုယ်ဘာကိုတွေးမယ်ဆိုတာကတော့ ကျောင်းသာကိုယ်တိုင်ပဲ ဆုံးဖြတ်ရတယ်။ ပရော်ဖက်ဆာတွေကတော့ ဘာတွေတွေးစရာရှိတယ်၊ ဘယ်လိုတွေးရမယ်၊ ဘာကြောင့်တွေးရမယ် ဆိုတာကိုလမ်းကြောင်းပေးပါတယ်။ အချုပ်ပြောရရင်တော့ ပညာကိုကိုယ့်တိုင်ရှာဖွေတက်အောင်၊ ရှာဖွေလေ့လာချင်အောင် သင်ကြားပေးတယ်လို့မြင်မိတယ်။ ခုလိုပညာရေးမျိုးရအောင် အမေရိကားကိုပို့ဖြစ်အောင်ပို့ပေးတဲ့ အမေနဲ့ အဖေကိုလည်း ကျေးဇူးတင်ပါတယ်လို့ပြောချင်ပါတယ်။

ပညာရေးအခင်းအကျင်းကို မေးလို့အပြီးမှာတော့၊ အဲ့လိုကျောင်းတက်နိုင်ဖို့ ငွေကုန်ကျေးကျမှုအပိုင်း၊ အလုပ်လုပ်ရင်း ကျောင်းတက်လို့ ဖြစ်ပါ့မလားလို့ မေးဖြစ်ပါတယ်။ သူကလဲ မချွင်းမချန် အခုလိုပဲ ဖြေပေးပါတယ်။

ကျွန်မရောက်နေတဲ့ကျောင်းမှာတော့ နိုင်ငံခြားကျောင်းသားတွေက ကျောင်းတွင်းမှာပဲ တစ်ပတ်ကို နာရီ ၂၀ အလုပ်လုပ်ခွင့်ပေးပါတယ်။ အပြင်ထွက်ပြီးလုပ်ခွင့်မရှိပါဘူး။ ကျွန်မရဲ့အတွေ့ကြုံအရပြောရဆိုရင် အလုပ်လုပ်ပြီး ကျောင်းတက်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ တစ်ပတ်မှ နာရီ ၂၀၊ အဲ့ဒါကလဲအခြေခံလစာနှုန်းနဲ့ဆိုတော့ မဖြစ်နိုင်ဘူးလေ။ ဒါကြောင့် full tuition scholarship ရမှပဲ အဆင်ပြေပါလိမ့်မယ်။ မိဘကထောက်ပံ့နိုင်ရင်တော့တစ်မျိုးပေါ့။ ကျွန်မကတော့ full tuition scholarship ရထားတော့ ခံသာတာပေါ့။ နေစရိတ်စားစရိတ်ကတော့ တစ်လကို အနည်းဆုံး $တစ်ထောင်တော့ကျတယ်။ ဒါပေမယ့် တစ်ယောက်နဲ့တစ်ယောက်လည်းမတူဘူးဆိုတော့။ သုံးရင်တော့ သုံးတစ်လောက်ကုန်မှာပေါ့နော်။

ကိုယ့်မွေးမြေရပ်၊ ချစ်တဲ့ခင်တဲ့သူတွေကို လွမ်းတဲ့အခါ ဘာတွေလုပ်ဖြစ်သလဲဆိုတာ့ အခုလိုပဲ ပြောပြပါတယ်။

ကျွန်မတက်တဲ့ကျောင်းပတ်ဝန်းကျင် အနီးတစ်၀ိုက်မှာမြန်မာတွေ မရှိသလောက်ပါပဲ။ အဲ့တော့အိမ်မှာနေရင်း သီချင်းနားထောင်ပါတယ်။ မြန်မာအစားအစာတွေရလာရင် ချက်စားရင်း အလွမ်းဖြေရတယ်။ အွန်လိုင်းကနေ မိသားစုတွေ၊ သူငယ်ချင်းတွေနဲ့ ဗွီဒီယိုကော တွေပြောဖြစ်ပါတယ်။ ဒီလိုပဲ အလွမ်းဖြေရပါတယ်။

ယူအက်စ်မှာ ကျောင်းလာတက်ချင်တဲ့သူတွေ ဘယ်အပိုင်းကို ဘယ်လိုကြိုတင် ပြင်ဆင်လာသင့်သလဲ လို့မေးမိတော့ အခုလိုပြောပြပါတယ်။

အမေရိကားမှာ ကျောင်းတက်ဖြစ်ဖို့ ပြင်ဆင်ရတာတွေကတော့ အများကြီးပေါ့။ အဲ့ဒီထဲကမှ အဓိကကတော့ စိတ်ပိုင်းဆိုင်ရာကို ကြိုတင်ပြင်ဆင်လာဖို့လိုပါမယ်လိုထင်တယ်။ အားလုံးနဲ့ အဝေးမှာ ဆိုတော့ အားလုံးက ကိုယ့်လက်ကိုယ့်ခြေပဲ။ အမြဲကိုယ့်အားကိုယ်ကိုးရတော့ စိတ်ဓာတ်ခိုင်မာဖို့ကအရမ်းအရေးကြီးတယ်။ ကိုယ်လှဲရင်ထူမယ့်သူမရှိတော့ မလှဲအောင်အားတင်းထားရတာပေါ့။ ပြီးတော့ ဒီမှာက ပညာရေးစနစ်မတူဘူး၊ ယဉ်ကျေးမှုမတူဘူး။ ကိုယ်လုံးဝမမျှော်လင့်ထားတဲ့အရာတွေလည်း တွေ့ကြုံလာနိုင်တာမို့ စိတ်ပိုင်းဆိုင်ရာ၊ စိတ်ဖိစီးမှုတွေကို အကောင်းဆုံးကိုင်တွယ်ဖြေးရှင်းနိုင်ဖို့ ပြင်ဆင်လာသင့်တယ်လို့ မြင်ပါတယ်။ အဲ့လိုပဲအကြံပြုချင်ပါတယ်။

School Links: https://ecs.milligan.edu

ပေးထားချက် အဆင်မပြေမှု များစွာထဲက ကြံဖန် ထိုးထွက်လာနေကြတဲ့ လူငယ်လေးတွေ၊ စွန့်စားဝံ့သူတွေကို ကျွန်တော်လက်လှမ်းမီရာ တွေ့ဆုံမေးမြန်းပါဦးမယ်။ စာဖတ်သူတွေလည်း ကျွန်တော့်ကို ဆက်သွယ်လမ်းညွှန်ပေးနိုင်ပါတယ်။ ကျေးဇူးတင်ပါတယ်။



ချစ်သော <<ကိုဂျေ>> [email protected], [email protected]

၁၀၊ ဇန်နဝါရီလ၊ ၂၀၂၁

Leave a Reply

Your email address will not be published. Required fields are marked *