နာဂသာသနာပြု ဆရာကြီးဦးဟူးချယ်ဖီ နှင့် အင်တာဗျူး (Interview with a living legend Pastor Hu Che Phi, a Lisu missionary to Naga People)

History,Religious,Travel,Missionary,Interview.

Interview with a living legend Pastor Hu Che Phi, a Lisu missionary to Naga People . Pastor Hu Che Phi, he had found over 20 Churches.

ရာစုနှစ်တစ်ဝက်ကျော်က အဖြစ်အပျက်တွေကို သက်ကြီးစကား သက်ငယ်ကြားရဖို့ ကြိုးစားမေးမြန်းခဲ့ရာမှာတော့၊ ၁၉၆၅ ခုနှစ် ဆောင်းတွင်းကာလမှာ သာသနာပြုဆရာကြီးမော့စ်မိသားစုနှင့်အတူ ပူတာအိုဒေသမှ တိုက်ပွဲရှောင် သွားခဲ့ကြတဲ့ ပင်နောင်ဇွပ်ခရီးသွားအတွေ့အကြုံရှိသူ (နယ်မြေသစ်သို့ ထွက်မြောက်ခြင်း- Exodus to a Hidden Valley)၊ နာဂတောင်တန်းဒေသမှာ ကနဦး ဧဝံဂေလိဟောပြောခဲ့ပြီး အသင်းတော်ပေါင်း ၂၀ ကျော်စတင်တည်ခဲ့သူ၊ ယခု မြစ်ကြီးနား၊ ပမ္မတီးရွာမှာ အသက်ရှင်နေထိုင်နေဆဲ အသက် ၉၀ အရွယ် သက်ကြီးဆရာတော်ဦး ဟူးချယ်ဖီနဲ့ တွေ့ဆုံကာ ရှေးဖြစ်နှောင်းဟောင်း သမိုင်းခြေရတွေကို မေးမြန်းလေ့လာခွင့်ရခဲ့ပါတယ်။ အင်တာဗျူးကို လီဆူစကားဖြင့် ကနဦးမေးမြန်းထားပြီး မြန်မာဘာသာသို့ ပြန်ဆိုတင်ဆက်လိုက်တာဖြစ်ပါတယ်။ မေးမြန်းကူညီပေးပါသော ဆရာဂျေရဲရှီကိုလည်း ကျေးဇူးတင်ပါကြောင်းအသိ အမှတ်ပြု ဖော်ပြလိုက်ပါတယ်။


(၁) နာမည်၊ မိဘအမည်၊ မွေးရပ်ဇာတိ၊ မွေးခုနှစ်၊ အလုပ်အကိုင်၊ လက်ရှိ နေရပ်တွေကို ဖော်ပြမိတ်ဆက်ပေးပါ။

နာမည်ကတော့ ဟူးချယ်ဖီ (ခင်ဖန်ဆင်)။ မိဘတွေကကတော့ ဟူးချယ်ဆီ + အားညီချော်မာချဲ။ မွေးရပ်ကတော့ ချော်ဝါထူရွာ၊ ကချင်ပြည်အရှေ့မြောက်ဖျားပိုင်း။ မွေးတဲ့ခုနှစ်ကတော့ ၁၉၃၀ ခုနှစ်။ နာဂတောင်တန်းဒေသနဲ့ နောက်ပိုင်း မြစ်ကြီးနားဘက်မှာ ဘုရားအမှုတော်ဆောင်ပြီး အသက်ကြီးလာလို့ အခုတော့ အိမ်မှာ အနားယူနေပါတယ်။ အားလုံးအတွက် ဆုတောင်းကူနေတဲ့ အမှုတော်လုပ်ဆောင်နေဆဲ ရှိပါတယ်။

(၂) ပူတာအိုကနေ ပင်နောင်ဇွပ်အရပ်သို့ ထွက်ခွာလာခဲ့ရာမှာ တောတွင်းနေထိုင်မှုဘ၀ အခက်အခဲတွေရယ်၊ ပျော်စရာတွေရယ် ပြောပြပါလား။

ကိုယ်တိုင်စောင်၊ ရိက္ခာထမ်းပြီး တောင်တက်တောင်ဆင်း သွားခဲ့ရတယ်။ ရေမရှိတဲ့နေရာမှာ ရေငတ်ခံပြီးဖြတ်သန်းရတာက အလွန်အခက်တွေ့ခဲ့ပါတယ်။ ကမ်ခိုမှာ တဲထိုးရပ်နားနေတဲ့ ဆရာကြီးမော့စ်တို့ မိသားစုကိုတွေ့ရတယ်။ အဲ့မှာရောက်တော့ ပူတာအိုကနေထမ်းလာတဲ့ ရိက္ခာကုန်သွားတဲ့အတွက်၊ တောထဲဝင်ပြီး လီဆူလိုဆီးရွက် ခေါ် အူလိုင် (သစ်အသားအဆံတစ်မျိုး) ကို တစ်ယောက်တစ်ထမ်းစီရအောင် ရှာယူခဲ့ကြရပါတယ်။ ဟင်းအတွက် အသီးအနှံ၊ သစ်ရွက်သစ်ဖူးတွေ ရှာကြရပါတယ်။ လီဆူလို လောဇိချယ် ခေါ် တော ငရုပ်ကောင်းအရွက်တစ်မျိုး၊ တော ငှက်ပျောအူတွေရှာပြီး စားခဲ့ရပါတယ်။ ရေရှားတာ၊ အစာရှားတာ၊ ဟင်းရှားတာ အခက်အခဲတွေ တွေ့ကြုံခဲ့ရပါတယ်။
အဲ့ဒီပြောင်းရွှေ့မှုကတော့ မိသားစု ၂၀၀ ကျော်မကပါဘူး။ အားလုံးက ဆင်းဆင်းရဲရဲပဲ ဆိုတော့၊ အချင်းချင်းကြည့်ပြီး ခက်ခဲတာကို သိပ်မမှုတော့ပါဘူး။ ဆရာကြီးတို့ရဲ့ အထုပ်အပိုးတွေကိုလည်း ထမ်းကူကြတယ်။ ဖျားနာလာရင် ဆရာကြီးမော့စ်တို့မိသားစုကို သတင်းပို့ဖို့ပြောထားတယ်။ ဖျားနာတာ သိပ်မရှိတော့ အဆင်ပြေတယ်။ တောကနေ ဆီးရွက် ခေါ် အူလိုင်ကို ရှာယူတာ၊ မုဆိုးတွေကတေ့ တောကနေ အမဲလိုက်ပြီး အသားတွေလည်း စားကြရတယ်။ ဆန်ရှိတဲ့သူတွေ၊ အဝတ်အစားရှိတဲ့သူတွေနဲ့ လှဲလှယ်ကြတယ်။ မုဆိုးတွေက အသားတွေကို အလကားလဲ ပေးကမ်းကြတော့၊ ဆင်းဆင်းရဲရဲရုန်းကန်ကြရတဲ့ တောတွင်းခရီးစဉ်က တစ်ဘက်မှာ ပျော်စရာလည်း ဖြစ်ခဲ့ရပါတယ်။

(၃) ဆရာကြီးမော့စ်မိသားစုနဲ့ ပင်နောင်ဇွပ်ကပြန်သွားပြီးနောက်ပိုင်း ကျန်ရစ်ခဲ့ရသူတွေရဲ့ ခံစားချက်ရယ်၊ ပြီးတော့ လီဆူရွာတွေက ဘာကြောင့် ပြောင်းရွှေ့ကုန်ကြတာလဲ။ မော့စ်မိသားစု သားမြေးတွေကို တွေ့မယ်ဆိုရင် ဘယ်လို သတင်းစကား ပါးချင်ပါသေးသလဲ။

ဆရာကြီးတွေပြန်သွားပြီးနောက်ပိုင်းမှာတော့ ကျမ်းစာသင်ကျောင်း၊ ပညာရေးစာသင်ကျောင်းမရှိတော့ဘူး။ ဒါကြောင့် စာသင်ကျောင်းမရှိတော့ တစ်ချို့ ပူတာအိုဘက်ပြန်သွားကြတယ်။ တစ်ချို့က နမ်ဖြတ်ဘက်ကို ဆင်းသွားကြတယ်။ နောက်ပိုင်း နမ်ဖြတ်က နေရာသိပ်မကောင်းလို့ ဒီဘက် တနိုင်း လမုန်ခ ဘက်ကိုရောက်လာကြပါတယ်။ လီဒိုလမ်းတစ်လျှောက်မှာနေကြတယ်။ ဟိုးဘက် မူဖာ ပင်နောင်ဇွပ်မှာ ကျန်နေရစ်တဲ့သူတွေလည်း တစ်ချို့ရှိပါတယ်။ တစ်ချို့ကတော့ တောထဲမှာအိမ်မြေနေရာ၊ လယ်မြေတွေရှိတယ်၊ ဆန်စပါးရှိတယ်ဆိုတော့ ဒီမှာအားလုံးအရံသင့်ရှိတဲ့နေရာမှာပဲ နေကြရအောင်ဆိုပြီး ကျန်နေရစ်ကြတာ။ ဒါပေမယ့် ကေအိုင်အေတွေ အဲ့ဒီဒေသမှာ ဝင်ထွက်လာတော့ ရွာသားတွေကို အန္ဒိယနယ်စပ်မှ ပစ္စည်းသွားဝယ်ခိုင်းတာ၊ အလုပ်ခိုင်းတာတွေရှိလာတော့ ရေရှည်နေထိုင်ဖို့ သိပ်အဆင်မပြေတော့တာနဲ့ နားလုံဘက်သို့ ဆင်းပြောင်းလာကြတယ်။
သာသနာပြု ဆရာကြီးမာ့စ်သားသမီး၊ မြေးမြစ်တွေကိုဘယ်လို ပြောချင်သလဲဆိုတော့၊ သင်တို့ရဲ့ အမိအဖ၊ အဘိုးအဘွားက သင်ပေးခဲ့လို့ ကျွန်တော်တို့ ဘုရားသခင်ကို ယုံကြည်သူတွေ ဖြစ်လာပါတယ်။ အခုနောက်ပိုင်းမှာလည်း စာပေလုပ်ငန်းတွေ၊ ကယ်ဆယ်ကူညီရေးတွေ၊ ဒီကမျိုးဆက်သစ်တွေကို ကျမ်းစာသင်တန်းတွေတက်ရောက်ရေးမှာ အဆက်အသွယ်တွေ၊ အကူအညီတွေတော့ ဘိုးဘွားလက်ရာကိုထိန်းသိမ်းတဲ့အနေနဲ့ ဆက်လက် လုပ်ဆောင်ပေးပါလို့ တောင်းဆိုလိုပါတယ်။

(၄) နာဂတောင်တန်းဘက်မှာ ကနဦး ဧဝံဂေလိထိုးဖောက်ခဲ့တဲ့ သမိုင်းအကျဉ်းလေး ပြောပြပေးပါလား။

ကျွန်တော်က ၁၉၇၆ ခုနှစ်မှာ နာဂတောင်တန်း (ခန္တီးမြို့နယ်၊ လဟယ်မြို့နယ်၊ နမ်ယွန်းမြို့နယ်) ဒေသကိုရောက်ခဲ့ပြီး ဒေသတစ်လျှောက်မှာ ခရစ်ယာန်တွေ ရှိ/မရှိ လိုက်ရှာကြည့်တဲ့အခါ နည်းနည်းပဲတွေ့ရပါတယ်။ ဒါနဲ့ တစ်ရွာချင်း သွားပြီး ကယ်တင်ခြင်းသတင်းကြားပြောတဲ့အခါ လက်ပံသာဆိုတဲ့ရွာမှာတော့ ကချင်၊ နာဂ၊ ဗမာ၊ လီဆူ တွေရှိတာတွေ့လိုက်ပါတယ်။ အဲ့ဒီရွာမှာ လီဆူ အားလုံးက ခရစ်ယာန်ဖြစ်လာပါတယ်။ နောက်ပိုင်း ခန္တီးမှာ နမ်ယွန်းဘက်က ပြောင်းလာတဲ့ လီဆူ မိသားစု တစ်စုကို ရှာတွေ့ပါတယ်။ ခန္တီးမြို့ပေါ်မှာတော့ ၁-၂ အိမ်ထောင်စုပဲ ခရစ်ယာန်ဖြစ်လာကြပါတယ်။ ဗမာမိသားစု တစ်စုကတော့ ခရစ်ယာန်ယုံကြည်သူဖြစ်ချင်ပေမယ့်၊ အောက်ပြည်အောက်ရွာမှာ နေကြတဲ့ သူတို့အစ်ကိုကြီးက အမျိုးဖြတ်ပစ်မယ်လို့ ခြိမ်းခြောက်တာကြောင့် ရပ်နားသွားကြတာ ရှိခဲ့တယ်။ နောက်ကချင်ရွာတစ်ရွာကတော့ ရွာလုံးကျွတ် ခရစ်ယာန်ဖြစ်လာကြပါတယ်။ အဲ့ဒီရွာက အိမ်ခြေ ၈၀ ကျော်ရှိတဲ့ နမ်မော်ရွာလို့ခေါ်ပါတယ်။ ဒါနဲ့ ဆရာချက်ချင်းရှာပေးပါလို့ ပြောလာတော့၊ ဆရာပေးဖို့ အသင့်မရှိဘူး။ ကချင်လို၊ လီဆူလို ပြောနိုင်တဲ့ဆရာလိုအပ်တာကိုး။ ဒါနဲ့ သူတို့အမျိုးသားချင်း ဆရာတစ်ယောက်ကိုလိုက်ရှာခိုင်းတော့ ဖားကန့်ကနေ ဆရာတစ်ယေက်ရသွားတယ်။ အစမှာ ခရစ်တော်၏အသင်းတော်ပေမယ့် နောက်ပိုင်းတော့ နှစ်ခြင်းဆရာတွေနဲ့ ဖြစ်သွားပါတယ်။ ခန္တီးမှာတော့ ၃-၄ ရွာ ယုံကြည်သူတွေဖြစ်လာပါတယ်။ ဆရာတွေက ပူတာအို၊ မြစ်ကြီးနားဘက်ကနေ ဆင်းလာကြပါတယ်။ ၁၉၇၆-၇၈ အထိ ကျွန်တော် ခန္တီးမှာပဲ ဧဝံဂေလိ လုပ်နေခဲ့ပါတယ်။ ခန္တီးနယ်မှာ တည်ခဲ့တဲ့ အသင်းတော်တွေကတော့ (၁) လက်ပံသာ၊ (၂) နမ်မော် (၃) နမ်ခမာ (၄) လသာကုန်း တွေဖြစ်ပါတယ်။
၁၉၇၉ မှာတော့ တောင်တန်းဘက်ကို ကျွန်တော်တက်သွားတယ်။ သုံးနှစ် လောက်ကြာတော့ နာဂရွာ အတော်များများ ခရစ်ယာန်ဖြစ်လာကြပါတယ်။ ရွာပေါင်း ၂၀ ကျော်ပါတယ်။ (၁)။ ထန်ခေါ် (ခုတော့ရွာမရှိတော့ပါ။ လက်ပံသာရွာမှာ ပြောင်းရွေ့လာကြပြီ)၊ (၂) တောလော၊ (၃) ‌မကော်ရိမ်၊ (၄) ကျမ်းပန်၊ (၅) မွမ်းတုန်း၊ (၆) ဝပ်ထ၊ (၇) ခါးလိုင်၊ (၈) လွမ်ထုန်း၊ (၉) လုံခင်၊ (၁၀) ယွမ်တိုင်း၊ (၁၁) ထမိုင်၊ (၁၂) ဝမ်တုန်၊ (၁၃) ညမ်ရှောင်၊ (၁၄) လယ်ဟယ်၊ (၁၅) မကျန်၊ (၁၆) စန်တုန်း၊ (၁၇) လန်တိုင်း၊ (၁၈) ယုန်ခွန်၊ (၁၉) ဆစ်ဝါး (ခရစ်တော်၏အသင်းတော် ဆရာမရနိုင်လို့နှစ်ခြင်းဆရာကိုခန့်ပေးခဲ့)၊ (၂၀) မိုင်ထွေ ( ပြောင်းလဲလာပြီးနောက်နှစ်ခြင်းဆရာကိုလွဲပေးခဲ့)၊ (၂၁) လန်ထင် ( နှစ်ခြင်းဆရာကိုလွဲပေးခဲ့)၊ (၂၂) ဟွေထိုက်( နှစ်ခြင်းဆရာကိုလွဲပေးခဲ့)၊ (၂၃) ‌ချီဒုံ ( နှစ်ခြင်းဆရာကိုလွဲပေးခဲ့)၊ (၂၄) ကတော့ အခု ကျွန်တော် မေ့နေပြီ … စတဲ့ ရွာတွေ ဖြစ်ပါတယ်။
အဲ့ဒီရွာအသင်းတော်တွေအတွက် လိုအပ်သော သင်းအုပ်ဆရာတွေကို ပူတာအို၊ မြစ်ကြီးနားနယ် သာသနာတွေကနေ စေလွှတ်ပေးခဲ့ပါတယ်။ ကျွန်တော် မှတ်မိသလောက်တော့ (၁)။ ဆရာ ထီမိုးနာ (လက်ရှိနာဂတောင်မှာ ကြိုးစားဆက်ကပ်နေ)၊ (၂)။ ဆရာ ယောနသန် (ဝမ်တုန်မှာ သင်းအုပ်နေချိန် အစာအိမ်ကြောင့် လယ်ဟယ်ဆေးရုံမှာကွယ်လွန်၊ အလောင်းကိုခါးလိုင်ရွာထိထမ်းလာပြီးမြှုပ်နှံခဲ့)၊ (၃)။ ဆရာယာကု ( လေဖြတ်ရောဂါနဲ့ကွယ်လွန်)၊ (၄) ဆရာ တခွန်ပီတာ၊ (၅) ဆရာခင်မောင်ရင်/မိုရှီ (လက်ရှိနာဂတောင်မှာဝိညာဉ်လှည့်လည်ရေးလောင်းမှုပြုနေ)၊ (၆) ဆရာရဲရွှေ (လက်ရှိလက်ပံသာသင်းအုပ်)၊ (၇) ဆရာရှန်ဆုံ၊ (၈) ဆရာငွါးကီ( လက်ရှိ ခန္တီးမှာဆက်ကပ်)၊ (၉) ဆရာငွါးဆော့ (လက်ရှိနမ်ခနာသင်းအုပ်)၊ (၁၀) ဆရာငွါးဂျားမီ၊ (၁၁) ဆရာဆီးမီ (လသာကုန်းရွာမှာ သင်းအုပ်လုပ်နေချိန်တွက်ကွယ်လွန်)၊ (၁၂) ဆရာထာဒီဝူ၊ (၁၃) ဆရာထားထား၊ (၁၄) ဆရာအားဒီးပေါလု၊ (၁၅) ဆရာယောချယ် (ဆရာကြီးဟူးချယ်ဖီ၏သားမက်၊ကွယ်လွန်)၊ (၁၆) ဆရာမာနော်(မြန်မာစာနှင့် ကျောင်းပညာသင်ပေးခဲ့သူ)၊ (၁၇) ဆရာဂွါယောဆီ၊ (၁၈) ဆရာအားဂေထောထော၊ (၁၉) ဆရာမာနာဆီ (၂၀) ဆရာဟိုရှိယ။ နောက်ပြီးတော့ ဆန်းဒေးစကူးလ်ဆရာမတွေလည်း ပါဝင်လာကြပါတယ်။ သူတို့တွေကတော့၊ (၁) ဆရာမလယ်မယ်ညီ၊ (၂) ဆရာမမာထား (ခ) နောမာချာ (နာဂတိုင်းရင်းသားနှင့်အိမ်ထောင်ပြုခဲ့၊ ကွယ်လွန်)၊ (၃) ဆရာမ အချားလယ်မယ်ရဲချို တို့ဖြစ်ပါတယ်။
နာဂတောင်တန်းမှာ ဧဝံဂေလိလုပ်ရင်း ထူးဆန်းတာတွေလည်း တွေ့ကြုံရဖူးပါတယ်။ ရွာတစ်ရွာမှာတော့ အမျိုးသမီးကြီးတစ်ယောက်ကဖျားနာပြီး သေဆုံးပြီ အမှတ်နဲ့ ရွာသားတွေ ငိုချင်းသီဆိုနေခဲ့ပါတယ်။ ဒါနဲ့ကျွန်တော်တို့က ဘုရားသခင် ကူညီရင် သက်လာလာမယ်လို့ပြောပြီး ဆုတောင်းကူညီခဲ့ပါတယ်။ အဲ့ဒီအချိန်မှာ အမျိုးသမီးက သက်သာလာပြီး တစ်ရွာလုံးပြောင်းလဲလာခဲ့ပါတယ်။ နောက်အံ့ဖွယ်ဖြစ်ရပ်တွေကတော့ ကလေးမရှိတဲ့ အမျိုးသမီး ၃ ယောက်ကို ဆုတောင်းပေးခဲ့တဲ့အခါ ကလေးရလာကြတာကို တွေ့ခဲ့ရပါတယ်။ အမြုံတွေကို ဘုရားသခင်က သနားပြီး သား၊ သမီးပေးလာတာဖြစ်ပါတယ်။ ကျွန်တော်တို့ မရောက်ခင်က နာဂဒေသမှာ အားလုံးက နတ်စားပဲ။ သူတို့ အလွန်ဆင်းရဲကြပါတယ်။ စားစရာ ဆန်စပါး မလုံလောက်ငဘူး။ နောက်တော့ တောင်ယာခုတ်ရင်လဲ ဘုရားသခင်ကို ဆုတောင်းတယ်။ လူတွေလည်း ဘုရားကို အားကိုးလာတဲ့အခါ တောင်ယာစပါးတွေဖြစ်ထွန်းတာတွေ လက်တွေ့ကြုံရတယ်။

(၅) ဘယ်နှစ်ခုနှစ်မှာ မြစ်ကြီးနားဘက် ပြောင်းလာခဲ့သလဲ။ ပင်နောင်ဇွပ်နဲ့ နာဂဘက်မှာ ပြန်ရောက်သေးလား။

ခန္တီးဘက်ကနေ ပြောင်းလာတာ ၁၀ နှစ်ကျော်ပါပြီ။ သွေးတိုးရောဂါကြောင့် နာဂဘက် နဲ့ ပင်နောင်ဇွပ်ဘက်ကို ပြန်မရောက်ဖြစ်တော့ဘူး။

(၆) ဒီအချိန်မှာ သားသမီး၊ မြေး၊ မြစ်ဦးရေ ဘယ်လောက်ရှိပြီလဲ။ ကိုယ့်အသက် အရင်လို သန်မြန်တုန်းဆိုရင် ဘာတွေလုပ်ချင်ပါသေးသလဲ။


သား ၁ ဦး၊ သမီး ၁ ဦးရှိပြီး၊ မြေး ၁၀ ဦးရှိပါတယ်။ အရင်လိုသန်မြန်တုန်းပဲ ဆိုရင် ဘာလုပ်ဖြစ်မလဲဆိုတော့ ဘုရားတရားကို တောင်တန်းဒေသတွေမှာ လှည့်လည်ပြီးသွားဟောချင်ပါသေးတယ်။ ကျွန်တော် ကျင်လည်ခဲ့တဲ့ ဒေသတွေဆီကို အရမ်းလွမ်းမိပါတယ်။ ကျွန်တော် နာဂစကားလဲ ပြောတတ်ပါသေးတယ်။ ကျွန်တော် အားရှိတဲ့ကာလတစ်လျှောက် သာသနာပြုခဲ့တဲ့ နာဂတွေကို ကျွန်တော်ချစ်ပါတယ်။ နာဂရွာကလေးတွေကို ကျွန်တော် လွမ်းပါတယ်။ ပြန်မရောက်နိုင်တော့တဲ့အတွက် အလွမ်းတွေ များစွာနဲ့ ဆုတောင်းပေးနေပါတယ်။

(၇) မျိုးဆက်သစ်လူငယ်တွေအတွက် ဘယ်လိုမျိုးစကား ချန်ထားရစ်လိုပါသလဲ။

မှားယွင်းသော သွန်သင်ချက်တွေ၊ ဆရာတွေကို လက်သင့်မခံကြပါနဲ့။ လူငယ်တွေက အထူးအဆန်းတွေကိုပဲ ဦးစားပေး နားစွင့်သွားကြပြီ။ ရိုးရှင်းစွာ အသက်ရှင်ပြီး ဘုရားကိုချစ်ဖို့ အရေးကြီးပါတယ်။ ကျမ်းစာလာသည့်အတိုင်း လောကအရာကို မစွဲလမ်းဘဲ အထက်အရာ၊ ဘုရားသခင်ကိုပဲ ချစ်မြတ်နိုးဖို့ အားပေးလိုပါတယ်။

လေးစားချစ်ခင်ရပါသော ဆရာကြီးဦးဟူးချယ်ဖီကတော့ လီဆူ နှင့် နာဂ ကနဦးထိတွေ့ ဆက်ဆံရေးမှာ အရေးပါခဲ့သော သက်ရှိထင်ရှား ရှေ့မီနောက်မီ living legend ဆရာတော်တစ်ပါးဖြစ်ပါတယ်။ ဆက်သွယ်လိုပါလျှင် … သူ့မြေးတစ်ဦးဖြစ်တဲ့ ဆရာဂျေရဲရှီ 09788401588 ကတစ်ဆင့် ဆက်သွယ်နိုင်ပါတယ်။ စာဖတ်သူတွေလည်း သမိုင်းမမေ့သော၊ ကနဦးဆရာတို့ကို လေးစားကြသော၊ ရဲရင့်ကြိုးပမ်းကြသော သူများဖြစ်ကြပါစေ။ ကျေးဇူးတင်ပါတယ်။


ချစ်သော ကိုဂျေ(လီဆူတိုင်းမ်စ်). [email protected]
09420309834


Leave a Reply

Your email address will not be published. Required fields are marked *