Celebrity

ꓬꓰ ꓙ ꓟꓽ ꓐ ꓡ ꓖꓶ ꓕꓽ ꓘꓶ ꓡꓶꓽ ꓡꓯ ꓸꓸꓸ တေးသီချင်းဖန်တီးသူ ဆရာဦးဂျာလီဟဲ့ (ဂျာလီ) နှင့် စကားစမြည် …

By TheLisuTimes

December 10, 2021

#၁၉၇၉-၈၀ ခုနှစ် ပူတာအိုဒေသကနေ ကောလိပ်ကျောင်းလာတက်တဲ့ ဒို့လီဆူလူမျိုး ကျောင်းသားကတော့ ဆေးဖြစ်ဝါးဖြစ် ၂ ယောက်ထဲပဲရှိတယ်။ အဲ့ဒါ ဆရာဦးမာနာဆီ နဲ့ ကျွန်တော်ပါပဲ။ …. အခွင့်အရေးရမယ်ဆိုရင် ကျွန်တော်ရေးထားတဲ့ သီချင်းတွေကို အတွေ့အကြုံ၊ အစွမ်းအစရှိတဲ့သူတွေရဲ့ အကူအညီနဲ့ အသံသွင်းထားချင်ပါတယ်။ … လို့တစ်ခေတ်တစ်ခါက ဖြတ်သန်းမှုအကြောင်း၊ အနုပညာအကြောင်း ပြောပြလာတဲ့ ဆရာဦးဂျာလီဟဲ့ နှင့် Lisu Times တွေ့ဆုံမှုကို တင်ဆက်လိုက်ပါတယ် …

တေးရေးဆရာ ဂျာလီ

(၁) နာမည်၊ မိဘအမည်၊ အသက်၊ မွေးရပ်ဇာတိ၊ လက်ရှိ နေရပ်၊ လက်ရှိ အလုပ်အကိုင်ကို ဖော်ပြ မိတ်ဆက်ပေးပါ။ကျွန်တော့်နာမည်က ဦးဂျာလီဟဲ့ပါ။ ရင်းနှီးတဲ့သူတွေက ဂျာလီလို့ပဲ ခေါ်ကြပါတယ်။ ကျွန်တော့်ကို အဖေဦးထော်ရဲ့ဟူး နဲ့ အမေဒေါ်ဟူးမာရှာတို့က ၁၉၅၆ ခုနှစ်မှာ မွေးခဲ့ပါတယ်။ ဇာတိကတော့ ပူတာအိုမြို့နယ်၊ မာမူးလဲ့ကျေးရွာ၊ ဖြစ်ပြီး ကြီးပြင်းလာတာကတော့ လယ်မယ်ဝါကျီကျေးရွာဖြစ်ပါတယ်။ အခုတော့ မြစ်ကြီးနား၊ မန်ခိန်မှာ အခြေချနေထိုင်ပါတယ်။ မြစ်ကြီးနား ခရစ်ယာန်ဓမ္မတက္ကသိုလ်မှာ အမှုတော်ဆောင်နေပါတယ်။ (၂) သီချင်းကို ဘယ်အချိန်က၊ ဘယ်လိုနဲ့စပြီး ရေးဖွဲ့ဖြစ်ပါသလဲ။ ပထမဦးဆုံး ရေးဖြစ်ခဲ့တဲ့ သီချင်းက ဘယ်သီချင်းလဲ။ ဘာကြောင့် ရေးဖြစ်ခဲ့တာလဲ။ သီချင်းတွေကိုတော့ ကျွန်တော့်အသက် ၁၇-၁၈ လောက်က စရေး ဖြစ်ပါတယ်။ ပထမဦးဆုံးတစ်ပုဒ်ကတော့ ꓥꓪ ꓤꓶ ꓗꓪ ꓠꓲꓹ ꓠꓵ ꓪ ꓟ ꓥꓪ ꓠꓲꓹ ꓙꓽ- (ငွါဇီကွာနီးနူဝါမာ ငွါနီးဂျာ- ငါ့ဘဝမှာ ပထမဦးဆုံးချစ်ခွင့်ရတဲ့ ငါ့ချစ်သူ) ပါ။ ရင်ထဲရှိတာကို သီချင်းအဖြစ်ဖွဲ့သီလိုက်တာပါ။ (၃) အခုထိ ရေးခဲ့တဲ့ပုဒ်ရေ ဘယ်လောက်ရှိခဲ့သလဲ။ ကိုယ့်သီချင်းတွေကို စတူဒီယိုမှာ ဘာကြောင့် မသွင်းဖြစ်ခဲ့တာလဲ။ အခုထက်ထိ ကျွန်တော်ရေးဖြစ်တဲ့ သီချင်းတွေက ပုဒ်ရေ ၄၀-၅၀ ကြားမှာရှိမယ် ထင်ပါတယ်။ ကိုယ်တိုင်လည်း သီချင်းရေးဆရာရယ်လို့လည်း မသတ်မှတ်ပါဘူး။ ဘုရားပေးတဲ့ အစွမ်းအစကို အခြေအနေသင့်တဲ့အခါ ထုတ်သုံးတဲ့ အနေအထားပါ။ ကျွန်တော့်သီချင်းတွေကို စတိုဒီယိုမှာ မသွင်းဖြစ်လိုက်တာကတော့ ခုလောက် မတိုးတက်သေးတဲ့ ခေတ်အခြေအနေ၊ အခွင့်အရေး ခေါင်းပါးတဲ့ ဝေးလံခေါင်သီတဲ့ ပူတာအိုမြို့အခြေအနေ၊ ဘဝပေးမလှတဲ့ ကိုယ့်ဘ၀ အခြေအနေ နဲ့ အားနည်းချက်တွေကြောင့်လို့ပြောရင် မှားမယ်မထင်ပါဘူး။ ဒါပေမယ့် အခုအချိန်အခါကျမှ ပြန်လည်သုံးသပ်မိတာကတော့ ကျွန်တော့်အခြေအနေတွေကပဲ ဘုရားသခင်ထက် ပိုပြီးကြီးနေသလို တစ်လွဲခံယူချက် တွေကြောင့်ပဲလို့ ဝန်ခံချင်ပါတယ်။(၄) ဟိုတုန်းက စတိတ်ရှိုးပွဲတွေမှာ တွဲခဲ့ကြတဲ့ သီချင်းဆိုဖော်ဆိုဖက်တွေအကြောင်း၊ လယ်မယ်ဝါကျီရွာရဲ့ နှစ်ကူးပွဲတွေအကြောင်းတွေ မှတ်မိသလောက် ပြောပြပါလား။ ဟိုတုန်းက ပွဲတွေ၊ စတိတ်ရှိုးတွေမှာ အတူတူ သီဆို၊ ကခုန်၊ တီးမှုတ်ခဲ့ကြသူတွေ အများကြီးရှိကြပါတယ်။ အကြောင်းတိုက်ဆိုင်တိုင်း သတိရပါတယ်။ နာမည်တွေပြောလို့ တစ်ချို့များကျန်ခဲ့ရင် စိတ်မကောင်းဖြစ်မှာ စိုးလို့ အနုပညာ သူငယ်ချင်းနာမည်တွေကိုတော့ ဒီမှာ မပြောတော့ပါဘူး။ အားလုံးကို အမှတ်ရနေဆဲပါပဲ။အဲ့ဒီခေတ်ကာလမှာ လယ်မယ်ဝါကျီနှစ်သစ်ကူးပွဲကတော့ နယ်တစ်ခွင်မှာ စံ ပါပဲ။ ပျော်ဖို့ကောင်းတယ်။ အမှတ်ရဖို့လည်းကောင်းတယ်။ အဲ့ဒီခေတ်ကရှိခဲ့ကြ၊ ဦးဆောင်ခဲ့ကြတဲ့ ရွာလူကြီးတွေ၊ အသင်းတော်လူကြီးတွေ စည်းလုံးကြတယ်။ အချင်းချင်းလေးစားကြတယ်။ အမျှော်အမြင်ရှိတယ်။ နှစ်သစ်ကူးပွဲတော်ကို နှစ်စဉ်နှစ်တိုင်း ၃ ရက် ၃ ညကျင်းပကြတယ်။ ပတ်ဝန်းကျင်က ရွာတွေကိုလည်း ဖိတ်ခေါ်တယ်။ အရွယ်အလိုက် ပျော်ပွဲရွှင်ပွဲတွေ၊ အားကစားပြိုင်ပွဲ အမျိုးမျိုးကိုလည်း ကျင်းပပေးတယ်။ ဆုတွေချီးမြှင့်ကြတယ်။ ညဘက်မှာဆိုရင် စတိတ်ရှိုးပွဲတွေလည်း လုပ်ပေးတယ်။ အဆို၊ အက (ရိုးရာသီချင်းနှင့်အက အပါအဝင်) ပြဇာတ်တွေ၊ သံချပ်တွေနဲ့လည်း စည်ကားသိုက်မြိုက်ခဲ့တယ်။ ခရီးထွက်ကြတဲ့သူတွေလည်း ဘယ်ရောက်ရောက် ပွဲတော်ရက်အမှီ ရွာပြန်လာကြတဲ့အထိ ပျော်ဖို့ကောင်းတယ်။ ဒီလိုနည်းလမ်းနဲ့ ရွာကိုစည်းလုံးမှုတိုးတက်အောင်၊ ရွာသားတွေဆီမှာ ရှိတဲ့ အရည်အချင်းတွေ ထုတ်ဖော်ဖြစ်အောင် အခွင့်အရေးဖန်တီးပေးခဲ့ပါတယ်။ အားကစားသမားကောင်းတွေပေါ်ခဲ့တယ်။ အဆို၊ အက ကောင်းတဲ့သူတွေ ပေါ်လာတယ်။ သီချင်းရေးသူတွေ ပေါ်လာလို့ သီချင်းသစ်တွေ အများကြီး ထွက်လာခဲ့ပါတယ်။ လူကြီးနဲ့ လူငယ်အချင်းချင်းလည်း စည်းလုံးမှု ကောင်းပါတယ်။ (၅) ဆရာရေးတဲ့ သီချင်းတွေထဲမှာ တစ်စုံတစ်ယောက်သောသူ၊ အကြေင်းအရာကို လျှို့ဝှက် တင်စား ထည့်သွင်းရေးဖြစ်တာမျိုး ရှိသလား။ ကိုယ်ရေးခဲ့သမျှထဲမှာ အားအရဆုံး၊ အကြိုက်ဆုံးသီချင်းက ဘယ်သီချင်းပါလိမ့်။ ကျွန်တော်ရေးတဲ့ သီချင်းတွေမှာ တစ်စုံတစ်ယောက်ကို၊ အဖြစ်အပျက်တစ်ခုခုကို ရည်ညွှန်းတာတွေ ပါပါတယ်။ ဒါပေမယ့် အများခံစားဖို့၊ သီဆိုဖို့ ဖြစ်တဲ့အတွက် အများနဲ့ညှိပြီး ရေးထားပါတယ်။ အများနဲ့လည်း သက်ဆိုင်သွားပြီး၊ အများလည်း ခံစားလို့ရအောင်ပေါ့။

ကိုယ့်ငါးချည်ကိုယ်ချည်တယ်ပဲပြောပြောပေါ့လေ။ ကိုယ်တကယ်အားရတာ၊ တကယ်ကြိုက်တာ၊ အများကလည်း သီဆိုခံစားလို့ရတာက ကျွန်တော်ရေးတဲ့ထဲမှာ တော်တော်များများ ပါပါတယ်။ တစ်ပုဒ်ထဲကို အားအရဆုံး၊ အကြိုက်ဆုံးရယ်လို့ မပြောရက်လောက်အောင်ပါပဲ။ ရေးသမျှ အားလုံးတော့လည်း မဟုတ်ဘူးပေါ့။

(၆) ဟိုတုန်းက ပူတာအိုကနေ ရှားရှားပါးပါး မြစ်ကြီးနားကောလိပ်တက်ဖြစ်တဲ့သူတွေထဲမှာ ဆရာက တစ်ယောက် အပါအဝင်ဖြစ်တယ်လို့ သိရပါတယ်။ အဲ့ဒီခေတ်က ကောလိပ် ကျောင်းသားဘဝကို ပြန်ပြောင်းအောက်မေ့ အမှတ်တရတွေ ပြောပြပါဦး။ အနုပညာအလုပ် ဘာတွေ လုပ်ဖြစ်ခဲ့ပါသလဲ။ဟိုးတုန်းကတော့ ဒေသကောလိပ်ခေတ်ပါ။ မြစ်ကြီးနား ဒေသကောလိပ်မှာ ကချင်ပြည်နယ် တစ်ပြည်နယ်လုံးက လာတက်ကြပါတယ်။ ကချင်ပြည်နယ်ကဆိုရင် အခြားပြည်နယ်၊ တိုင်း ဒေသကောလိပ်တွေမှာ သွားတက်လို့မရပါဘူး။ တစ်ပြည်နယ်လုံးက လာတက်ကြလို့ ပျော်ဖို့ကောင်းပါတယ်။ မိတ်သစ်ဆွေသစ် အများကြီးတိုးပါတယ်။ ၁၉၇၉-၈၀ ခုနှစ် ပူတာအိုဒေသကနေ ကောလိပ်ကျောင်းလာတက်တဲ့ ဒို့လီဆူလူမျိုး ကျောင်းသားကတော့ ဆေးဖြစ်ဝါးဖြစ် ၂ ယောက်ထဲပဲရှိတယ်။ အဲ့ဒါ ဆရာဦးမာနာဆီ နဲ့ ကျွန်တော်ပါပဲ။ အတွေ့အကြုံတွေ၊ အမှတ်တရတွေက ဒီမှာပြောပြလို့မကုန်၊ အများကြီးရခဲ့၊ ရှိခဲ့ပါတယ်။ ဒါပေမယ့် အဲ့ဒီအရာတွေအားလုံးအပေါ်မှာ လွှမ်းမိုးသွားစေနိုင်ခဲ့တဲ့ ဘဝမုန်တိုင်းတစ်ခုက ကျွန်တော်တို့ မိသားစုအပေါ်မှာ မမျှော်လင့်ဘဲ၊ မညှာမတာ ကျရောက်လာခဲ့တယ်။ ကျွန်တော်လည်း အဲ့ဒီအရှိန်ကြောင့်ပဲ ကျောင်းနဲ့ ဝေးခဲ့ရပါတယ်။ အခုအထိပဲလို့ ဆိုနိုင်ပါတယ်။ဒီလိုနဲ့ပဲ စာမေးပွဲအပြီး လေယာဉ်စီးပြီး အိမ်ပြန်ခဲ့ပါတယ်။ လေယာဉ်ပေါ်မှာ ရင်လည်းမောနေတယ်။ မျက်ရည်လည်း ဝဲနေမိတယ်။ အဲ့ဒီအခိုက်အတန့်မှာ သီချင်းတစ်ပုဒ် မွေးဖွားလာပါတယ်။ တိမ်တောင်တွေကြားက ကျယ်လောင်တဲ့ လေယာဉ်သံက သီချင်းသစ်အတွက် သံစဉ်အဖြစ် ပံ့ပိုးပေးခဲ့တယ်။ အဲ့ဒီသီချင်းကတော့ ꓬꓰ ꓙ ꓟꓽ ꓐ ꓡ ꓖꓶ ꓕꓽ ꓘꓶ ꓡꓶꓽ ꓡꓯ (ရီဂျာမာဘာလာဂီ ထာခီလီလေ – မကူညီနိုင်ရင်လည်း မနှောင့်ယှက်ပါနဲ့လား) ဖြစ်ပါတယ်။

ကောလိပ်ကျောင်းသားဘဝက ဂျာလီဟဲ့ -ဘယ်ဘက်အဆုံး

(၇) ဆရာ့ကို အလွှမ်းမိုးဆုံး တေးရေးဆရာတွေက ဘယ်သူတွေပါလိမ့်။ ကျွန်တော့်ကို လွှမ်းမိုးတဲ့ တေးရေးဆရာတွေက အများကြီးရှိပါတယ်။ အလွှမ်းမိုးဆုံးကတော့ တေးရေးဆရာကြီးဖြစ်တဲ့ ဆရာစိုင်းခမ်းလိတ်ဖြစ်ပါတယ်။ အကြိုက်ဆုံးဆိုလည်း သူ့လက်ရာတွေပါပဲ။ (၈) ဖြစ်နိုင်မယ်ဆိုရင် ဘယ်လိုသီချင်းမျိုး ဆက်လက် ဖန်တီးချင်ပါသလဲ။ လူငယ် တေးရေးဆရာတွေကိုရော ဘာများအကြံပြုချင်ပါသလဲ။ဘုရားသခင်သာ ခွင့်ပြုရင် ဓမ္မတေးတွေ၊ လူမှုရေးအကျိုးပြုသီချင်းတွေ ဖန်တီးချင်ပါသေးတယ်။ ယခုခေတ်လူငယ်တွေ တော်ကြ၊ ထက်မြက်ကြပါတယ်။ ပါရမီရှိကြပါတယ်။ ထင်ပေါ်ဖို့၊ တိုးတက်ဖို့ အခြေအနေ၊ အခွင့်အရေးကောင်းရနေတဲ့ အချိန်အခါဖြစ်တယ်။ ဒါကြောင့် ကြိုးစားကြပါ၊ မိမိရဲ့ ပါရမီကို တန်ဖိုးထားပြီး ပြုစုပျိုးထောင်ကြပါလို့ အားပေးချင်ပါတယ်။ ပြီးတော့ တေးရေး၊ တေးဆို နဲ့ တီးခတ်ကြတဲ့သူတွေ ကြားမှာလည်း အချင်းချင်း လေးစားကြဖို့၊ ပရိသတ်ကိုလည်းလေးစားဖို့လိုတဲ့အကြောင်း အားပေးချင်ပါတယ်။ အနုပညာရပ်နယ်ပယ်မှာ ကိုယ်တစ်ယောက်တည်း တော်နေလို့လည်း မရကြောင်း စိတ်ရင်းမှန်၊ စေတနာမှန်နဲ့ အကြံပြုလိုပါတယ်။ (၉) ဆရာ့သီချင်းတွေကို ဘယ်လိုဘယ်ပုံနဲ့ ထိန်းသိမ်းဖို့ စီစဉ်ထားပါသလဲ။ အခွင့်အရေးရမယ်ဆိုရင် ကျွန်တော်ရေးထားတဲ့ သီချင်းတွေကို အတွေ့အကြုံ၊ အစွမ်းအစရှိတဲ့သူတွေရဲ့ အကူအညီနဲ့ အသံသွင်းထားချင်ပါတယ်။ ခေတ်ကာလတစ်ခုဖြတ်သန်းမှု ပုံရိပ်ပေါ့။ အမှတ်တရလည်းဖြစ်ဖို့၊ မျိုးဆက်သစ်တွေအတွက်လည်း အထောက်အကူဖြစ်လိုဖြစ်ငြားပေါ့။ ကျေးဇူးတင်ပါတယ်။