Opinion

အရေးတော်ပုံ အောင်မြင်မလား …

By TheLisuTimes

March 25, 2021

“အရေးတော်ပုံ အောင်ရမည်” လို့လက်သုံးချောင်းထောင် ပြောဆိုနှုတ်ဆက်ကြပါတယ်။ ပြောပြီးတိုင်း သံသယဝါဒီတစ်ပိုင်းဖြစ်တဲ့ ကျွန်တော်က အောင်များ အောင်မြင်ပါ့မလားလို့ တွေးဆနေမိပါတယ်။

သမင်လည်ပြန်ကြည့်တဲ့အခါ မြန်မာနိုင်ငံကြီးဟာ ၂၀၀၈ ခြေဥရဲ့ ခြေချုပ်မိနေလျှက်နဲ့ အားမလျော့ပဲ ဒီမိုလမ်းကို ရသလောက် တရွေ့ရွေ့သွားနေခဲ့ပါတယ်။ အန်အဲလ်ဒီဦးဆောင်တဲ့ အစိုးရကလည်း နောက်ထပ် ၅ နှစ်သက်တမ်းကို ရနိုင်တဲ့နည်းလမ်းတွေနဲ့ တိုင်းပြည်ကို အရွေ့တစ်ခုဆီ ရောက်အောင် တွန်းမယ်ဆိုတဲ့ မျှော်လင့်ချက်တစ်လှေကြီးနဲ့ လာခဲ့တယ်။ ဒါပေမယ့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့မှ အားလုံး ကမောက်ကမဖြစ်သွားခဲ့ပါတယ်။

ကာချုပ်မင်းအောင်လှိုင်ရဲ့ အာဏာသိမ်းမှုဟာ အားလုံးကို တကယ်ပဲ ကမောက်ကမ ဖြစ်စေခဲ့တာပါ။ ဆရာဝန်တွေကစလို့ လမ်းဘေးမှာ တုတ်ထိုးရောင်းတဲ့သူတွေအဆုံး ဘဝတွေ မလုံမခြုံဖြစ်နေရပါတယ်။ အသက်တွေ ၃၀၀ ကျော်ပေးဆပ်ထားပြီးဖြစ်ပါတယ်။ နိုင်ငံခြားရင်းနှီးမြုပ်နှံမှုတွေ မိုင်းနပ်စ်ပြနေပါပြီ။ အားလုံးပြန်ဆုတ်ခွာသွားပါတယ်။ ယုံကြည်မှုတွေ လုံး၀ မရှိတော့တဲ့ အနေအထားဖြစ်သွားပါတယ်။ ဒါပေမယ့် အန်အဲလ်ဒီနဲ့ ဒီမိုစနစ်ကို ယုံကြည်သက်ဝင်တဲ့ ပါတီတစ်ချို့ကလွဲလို့ … ၉၀ ကျော်တဲ့ပါတီတွေဟာ ကြက်ပျောက်ငှက်ပျောက်ဖြစ်ကုန်ပါတယ်။ အရေးကြုံလာတဲ့အခါ စာကလေးတစ်စောင်တောင် ထုတ်ပြန်ကန့်ကွက်ဖော် မရကြပါဘူး။ နိုင်ငံရေးသမား မဟုတ်တဲ့သူတွေက လမ်းပေါ်ထွက်လာတဲ့အခါ၊ တော်လှန်ရေးမှာ အားကျိုးမာန်တက်ဖြစ်လာတဲ့အခါ တစ်ချိန်က တိုင်းပြည်ကို ကယ်တင်မယ့်အထာနဲ့ ပါတီတွေဟာ အာဏာလုစစ်ကောင်စီဘက်ကို ကပ်လိုကပ်၊ သူတို့ကိုပဲ ကယ်ပေးရမလဲ ငြိမ်ကုပ်လိုကုပ် … အနေအထားက အဲ့လိုဖြစ်သွားကြပါတယ်။ ဒါကလည်း ပါတီတွေရေးတဲ့ သူတို့ဘဝ၊ သူတို့ဇာတ်ပါပဲ။

အခုတော့၊ လူထုကြားထဲ ပျံ့နှံ့နေတဲ့ “အရေးတော်ပုံ အောင်ရမည်” ဆိုတဲ့အဆိုရဲ့ ဖြစ်နိုင်ချေနဲ့ ပတ်သက်ပြီး အနာဂတ်ထဲ ရေးရေးလေး မြင်ကြည့်ရအောင်ပါ။

(၁) တွဲတိုင်းမှာ ခေါင်းပါတယ်တစ်ယောက်ယောက်က ဆွပေး၊ ထိုးပေးမှလုပ်တာမဟုတ်ဘဲ လူထုဟာ တစ်ဦးချင်း စဉ်းစားဉာဏ်နဲ့ ပါဝင်လာတယ်။ ကိုမင်းကိုနိုင်ပြောတဲ့ တွဲတိုင်းမှာ ခေါင်းပါတယ်ဆိုတာ ၂၀၂၁ ရဲ့ထူးခြားချက်ဖြစ်ပါတယ်။ ခေါင်းဆောင်ကြီးတွေ၊ ဦးဆောင်နိုင်မယ်ထင်တဲ့သူတွေကို ဖမ်းထား၊ သတ်ဖြတ်ထားလိုက်ပေမယ့်၊ ဒီမိုအရေးလှုပ်ရှားမှု၊ အာဏာရှင်ဆန့်ကျင်မှုက လျှော့ကျမသွားတာက သက်သေပါပဲ။

(၂) အကြမ်းမဖက်နည်းကို သုံးတယ်အခုထိ အကြမ်းမဖက်တဲ့နည်းလမ်းကို သုံးနေတာဟာ ကမ္ဘာ့အခင်းအကျင်းမှာ အရပ်သား ပြည်သူဘက်က ရပ်တည်ပေးဖို့ တွန်းအားဖြစ်နေတယ်။ ဒီမှာသိရမှာက ခုခံနည်းလမ်းတွေဟာ အကြမ်းဖက်မှုမဟုတ်ပါဘူး။ မတရားဖိနှိပ်ပြီး အသက်အိုးအိမ်ပျက်စီးလာလို့ ကမ္ဘာ့လူသားတွေဟာ ရှင်သန်ခွင့်ရှိတယ်ဆိုတဲ့ နိယာမအရ ကိုယ့်ကိုယ်ကိုယ် ခုခံကြရပါတယ်။ ဒါပေမယ့် ကိုယ်ကသွားပြီး အကြမ်းဖက်တဲ့အဆင့် မရောက်အောင် လူထုဟာ ထိန်းနေပါတယ်။ ဒါက အလွန်ပညာဉာဏ်ရှိတဲ့ လူထုရဲ့ အကြမ်းမဖက် တော်လှန်ရေးဖြစ်ပါတယ်။

(၃) ကိုယ့်ရပ်ရွာကို ကိုယ်တိုင်အုပ်စိုးရမယ်လို့ ခံယူတယ်ဒါဟာ ဖယ်ဒရယ်အရေးအတွက် အလွန်နားလည်ရလွယ်ကူတဲ့သင်ခန်းစာ ဖြစ်လာပါတယ်။ အပြင်ကလူက ရပ်ကွက်ထဲလာပြီး သောင်းကျန်းနေတာ၊ စီမံနေတာကို လက်သင့်မခံပါဘူး။ ပြည်သူ့အုပ်ချုပ်ရေး၊ ကိုယ့်ရပ်ရွာလုံခြုံရေးကို ကိုယ်တိုင်ကျင့်သုံးမယ်လို့ ကြိုးစားလာကြတာဟာ စစ်ကောင်စီအတွက် မဟာထိုးနှက်ချက်ဖြစ်လာပါတယ်။ အုပ်ချုပ်မခံတဲ့သူတွေကို သွားပြီးအတင်းလုပ်ယူလို့မရတာ သူတို့သိလာပါတော့တယ်။

(၄) အချင်းချင်း နားလည်မှု တိုးလာတယ်လူထုလူတန်းစားတွေဟာ ရင်ကြားစေ့လာတယ်။ သူဌေးတွေ၊ ဆင်းရဲသားတွေလု့ိ မမြင်တော့ဘဲ အာဏာသိမ်းခံရတဲ့ ပြည်သူတွေလို့ အချင်းချင်း မြင်လာတယ်။ တိုင်းရင်းသားအချင်းချင်းလည်း နားလည်မှု တိုးလာတယ်။ အထူးသဖြင့် ဆယ်စုနှစ်များစွာ အမြင်မှားနေကြတဲ့ကိစ္စ – ဗမာတိုင်းရင်းသားတွေက အခြားသော ညီအစ်ကိုတိုင်းရင်းသားတွေကို သူပုန်လို့မြင်တဲ့ ကိစ္စ။ အခုတော့ အမြင်တွေပြောင်းလဲလာပါတယ်။ ကိုယ့်မြို့ကိုယ့်ရွာမှာ အခုအခံဂိတ်တွေတည်ဆောက်ပြီး ခုခံနေရတဲ့အချိန်မှာ တိုင်းရင်းသားတွေရဲ့ ဘဝမှန်ကို နားလည်လာပါတော့တယ်။ ဒါနဲ့ ဗမာလူမျိုးတွေကိုယ်တိုင်က “ဖယ်ဒရယ်ဒီမိုကရေစီ ရရှိရေး ဒို့အရေး …” လို့အော်ပေးလာတာ တွေ့ရပါတယ်။

(၅) ဘုံရန်သူကို မြင်လာနိုင်တယ်အရင်က အမျိုး၊ ဘာသာ၊ သာသနာ အရေခြုံပြီး သူတို့ရက်စက်မှုတွေကို ဖုံးကွယ်ထားတဲ့ စစ်အုပ်စုဟာ အရေခွံကွာကျလာပါတယ်။ ကယ်တင်ရှင် အထာယူထားတဲ့သူတို့ရဲ့ မျက်နှာဖုံးကွာလိုက်တဲ့အခါ … အရပ်သား အစိုးရဆီက အာဏာလု စစ်အုပ်စုဟာ တစ်နိုင်ငံလုံး၊ တစ်မျိုးသားလုံးရဲ့ ဘုံရန်သူဆိုတာ ထင်းကနဲ ပေါ်လွင်လာပါတော့တယ်။ အရင်က မသဲကွဲသမျှ အာဏာသိမ်းခါမှ သဲသဲကွဲကွဲမြင်ကြရတာပါပဲ။ လူတွေကို လမ်းပေါ်မှာ သွေးအေးအေးနဲ့ ပစ်သတ်ပြခါမှ အရင်က မမြင်နိုင်ခဲ့တဲ့ ပြည်သူတွေက ဘုံရန်သူကို ကွက်ကွက်ကွင်းကွင်း မြင်လိုက်ကြရတာပါပဲ။ ဘုံရန်သူကို မြင်လိုက်တဲ့အခါ သူတို့ကို ရွံမုန်းလာပါတော့တယ်။

(၆) သတင်းအတွက် နည်းပညာကို သုံးတယ်ယနေ့ပေါ်နေတဲ့သတင်းနည်းပညာ၊ ဆိုရှယ်မီဒီယာ ပလက်ဖောင်းများစွာသို့ တက်လှမ်းပြီး နေ့စဉ်အဖြစ်အပျက်တွေ၊ စစ်အုပ်စုရဲ့ ရက်စက်မှုတွေ၊ တရားဥပဒေမဲ့ပြုကျင့်မှုတွေကို ကမ္ဘာသို့ ချပြနိုင်ခဲ့ကြပါတယ်။ လူတိုင်းလက်ထဲ ဖုန်းတစ်လုံးစီ ကိုင်ထားနိုင်တဲ့ခေတ်အခါမို့ စစ်အုပ်စု ကျူးလွန်မှုများကို အခင်းဖြစ်နေရာမှာပဲ မှတ်တမ်းတင်ယူနိုင်ခဲ့ပါတယ်။ အင်တာနက် ပိတ်ထားဆဲမှာပင်လျှင် အကျော်အခွနည်းပညာတွေ သုံးပြီး ဖြန့်ေ၀ အသိပေး လှုပ်ရှားလာနိုင်ပါတယ်။ ဒီတော်လှန်ရေးမှာ နည်းပညာကို ထိုက်တန်စွာသုံးနိုင်နေပါတယ်။

(၇) စီဒီအမ်ကို ဝန်ထမ်းသာမက လူထုအားလုံးကျင့်သုံးတယ်အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှုဆိုတဲ့ စီဒီအမ်ကို ပြည်သူ့ဝန်ထမ်းတွေပါဝင်သလို၊ လူထုကလည်းလှုပ်ရှားပါတယ်။ စစ်အုပ်စုရဲ့ စီးပွားရေးလုပ်ငန်း၊ ထုတ်ကုန် နှင့် ဝန်ဆောင်မှုတွေကို မဝယ်မသုံးခြင်းဖြင့် စီဒီအမ်မှာပါဝင်ပေးနေပါတယ်။ စီဒီအမ်ထိုးနှက်ချက်ဟာ စစ်အုပ်စုကို အစိုးရအဖြစ်သို့ မရောက်အောင် ဟန့်တားနိုင်ပါတယ်။ သေနတ်ကိုင်ထားရုံနဲ့ နယ်ပယ်အားလုံးမှာ ဆရာကြီးမဖြစ်ဘူးဆိုတာကို ကောင်းကောင်းပညာပြလိုက်တာပဲဖြစ်ပါတယ်။

(၈) လူမှုရေးအပြစ်ပေးတယ်အရင်က လုံးဝမလုပ်ဖြစ်ခဲ့တဲ့ကိစ္စတစ်ခုပါ။ အခုတော့ ရက်စက်တဲ့ စစ်အုပ်စုဟာ သီးခြားနေလို့မရပါဘူး။ လူထုကြားထဲမှာပဲ သူ့မိသားစု၊ ဆွေမျိုးတွေ ရှိနေပါတယ်။ သူတို့တွေ အရပ်ထဲမှာ မျက်နှာမရအောင် ( ငွေနဲ့ ဂုဏ်သိက္ခာကို ဝယ်လို့မရအောင် ) လုပ်ပြလိုက်ပါတယ်။ စစ်အုပ်စုရဲ့ ဆွေမျိုးတွေ ဒီမိုနိုင်ငံတွေမှာ လူ့အခွင့်အရေးအပြည့်ရနေတာကိုလည်း ဖော်ထုတ်ပြီး၊ အရှက်ခွဲပါတယ်။ သူတို့သေနတ်နဲ့ လူသတ်တဲ့အခါ လက်နက်မဲ့ လူထုဟာ လူမှုရေးအပြစ်ပေးမှုနဲ့ တုံ့ပြန်ပါတယ်။ ဒါဟာ သူတို့လုံး၀ မမျှော်မှန်းထားတဲ့ တုံ့ပြန်ချက်ဖြစ်နေပါတယ်။

(၉) CRPH ကတရားဝင်ဦးဆောင်မှုပေးနေတယ်ပြည်သူတွေ မဲပေးပြီးရွေးချယ်ထားတဲ့ လွှတ်တောက်ကိုယ်စားလှယ်တွေ စုပေါင်းပြီး ပြည်ထောင်စုလွှတ်တော်ဖြစ်လာတယ်။ အဲ့ဒီလွှတ်တော်ကို ကိုယ်စားပြုတဲ့အဖွဲ့ကတော့ ကနေ့မှာ နိုင်ငံရေးကိစ္စ၊ ဥပဒေပြုရေးကိစ္စ၊ အုပ်ချုပ်ရေးပိုင်းမှာ လူခန့်တာကအစ အားလုံးကို ဦးစီးဦးဆောင်ပေးနေပါတယ်။ ဒါဟာ ပြည်သူကပေးထားတဲ့ အခွင့်အရေးနဲ့ လှုပ်ရှားနေတာ ဖြစ်ပါတယ်။ CRPH ကအာဏာလု လူသတ်တဲ့ စစ်အုပ်စုကို အကြမ်းဖက်အုပ်စု လို့ ထုတ်ပြန်ထားသလို၊ စစ်အုပ်စုကလည်း CRPH ကို တရားမဝင်အသင်းလို့ ထုတ်ပြန်ထားပါတယ်။ ဒါပေမယ့် ပြည်သူတွေရဲ့ရင်ထဲမှာတော့ CRPH ဟာတရားဝင်ရုံမကပြည်ထောင်စုအဆင့် ပြည်သူ့အကျိုးကို သယ်ပိုးနေတဲ့ကောင်မတီပဲဖြစ်ပါတယ်။ နိုင်ငံတကာအဆင့်မှာလည်း ပြည်သူ့ကိုယ်စားပြု အဖွဲ့ရှိနေခြင်းအားဖြင့် ပြည်သူလူထုရဲ့ရပ်တည်မှုဟာ အားကောင်းမောင်းသန်ဖြစ်နေပါတယ်။

(၁၀) ကမ္ဘာ့အင်အားကြီး ဒီမိုနိုင်ငံတွေနဲ့ ရင်းနှီးလာတယ်စစ်အုပ်စုနဲ့ သီးခြားဖြစ်လာတဲ့ ပြည်သူကတော့ ကမ္ဘာ့အင်အားကြီး ဒီမိုနိုင်ငံတွေနဲ့ ရင်းနှီးလာတယ်။ အရင်က စစ်အုပ်စုခြယ်လှယ် ဝါဒဖြန့်ထားသမျှကိုသာ သိထားတဲ့ ဦးနှောက်တွေက အခုတော့ ဒီမိုကရေစီစနစ်သွားချင်ရင် ဒီမိုကရေစီနိုင်ငံကြီးတွေနဲ့ ပေါင်းသင်းဆက်ဆံရမယ်ဆိုတာကို သိနားလည်လာပါတယ်။ ဒါဟာ အပေါင်းလက္ခဏာဆောင်တဲ့ ဖြစ်ပေါ်တိုးတက်မှု၊ စစ်အုပ်စုဝါဒမှိုင်းထဲက ထွက်လာတဲ့ ခြေလှမ်းတွေဖြစ်ပါတယ်။

(၁၁) လူမျိုးကြီး၊ ဘာသာကြီးအစွဲတွေကို ကျော်လွန်လာနိုင်တယ်အထူးသဖြင့် ဗမာလူမျိုးကြီးဝါဒ၊ ဗုဒ္ဓဘာသာအဓိကဝါဒတွေကနေ သူတပါးရဲ့ လူမျိုး၊ ဘာသာကို လေးစားတတ်မှုအထိ အဆင့်မြင့်လာပါတယ်။ ဒါဟာ လွန်ခဲ့တဲ့ နှစ်မှာပင်လျှင် မသိမမြင်ဖူးတဲ့ အကောင်းဆုံး လူသားဆန်မှုနဲ့ အသိအမြင်ပွင့်မှုပဲဖြစ်ပါတယ်။

(၁၂) တရားမျှတမှု နှင့် လွတ်လပ်မှုကို လူတိုင်းတန်ဖိုးထားလာတယ်လူတွေဟာကွဲပြားကြပါတယ်။ နေထိုင်ရာဒေသ၊ လူမျိုး၊ ကိုးကွယ်ယုံကြည်ရာ ဘာသာ၊ ပြောဆိုရာစကား၊ အသုံးအဆောင်၊ အစားသောက်၊ အဝတ်အထည် စသည်ဖြင့် မည်သို့ပင်ကွဲပြားနေပါလေစေ၊ လူတိုင်းလက်သင့်ခံတဲ့အရရှိပါတယ်။ တရားမျှတမှု နှင့် လွတ်လပ်မှုပဲဖြစ်ပါတယ်။ မမျှတဘူးို့ ယူဆရင် ဆူပူမှုဖြစ်လာမှာပဲ။ မကျေနပ်မှုရှိနေမှာပဲ။ မလွတ်လပ်ဘူးလို့ ခံစားမိရင် လွတ်လပ်မှုကို ရှာဖွေမှာပါပဲ။ စစ်အုပ်စုဟာ တရားမမျှတတာတွေ၊ ဖိနှိပ်ချုပ်ခြယ်တာတွေ လုပ်လာတဲ့အခါ … အရင်က နောက်ခံ မတူညီတဲ့ လူထုဟာ … တစ်သွေးတစ်သားတည်း ဖြစ်လာပါတယ်။ တရားမျှတမှု နှင့် လွတ်လပ်မှုအတွက် တစ်ဘက်တည်း ရပ်တည်လာပါတော့တယ်။ တရးမျှတမှု နှင့် လွတ်လပ်ရေးအတွက် တိုက်ပွဲဝင်စိတ်တွေ ရှင်သန်နေပါတယ်။ …အခုအနေအထားမှာ အပေါ်စီးကနေ ကြည့်ရင် ပြည်သူလူထုဘက်က လူအင်အား၊ ဥပဒေအင်အား၊ ဉာဏ်ပညာအင်အား၊ ဒီမိုကရေစီကို ယုံကြည်လက်ခံတဲ့ စိတ်ဓာတ်နဲ့ ခံယူချက်အင်အားတွေ အလွန်သာလွန်နေပါတယ်။ အာဏာလုစစ်ကောင်စီဘက်ကတော့ လက်နက်အင်အားတစ်ခုပဲ အသာစီးရနေတာပါ။

The 3 finger salute protest sign behind barbed wire on red background vector illustration. Protest against violence, injustice and dictatorship. Fight for democracy

စစ်အုပ်စုမှာတော့ . ဗိုလ်ချုပ်သာပြောတာ လူတိုင်းနားလည်နိုင်တဲ့ သဘော တရားတွေတောင် မသိကြတဲ့သူတွေချည်းပါပဲ။ သူတို့လက်ထဲက သေနတ်သာ ဖယ်လိုက်ရင် သူတို့မှာ ဘာသတ္တိလည်း မရှိပါဘူး။ အာဏာသာဖယ်လိုက်ရင် သူတို့တွေဟာ လူတောတိုးတဲ့ သူတွေလည်း မဟုတ်ပါဘူး။

လူထုဘက်က အားသာချက် တစ်ဒါဇင်သော အကြောင်းတရားတွေကြောင့် …. အနှစ်ချုပ်လိုက်ရင် …

“… အရေးတော်ပုံ အောင်ရမည် …” “… အရေးတော်ပုံ အောင်ရမည် …” “… အရေးတော်ပုံ အောင်ရမည် …”