Deprecated: mb_convert_encoding(): Handling HTML entities via mbstring is deprecated; use htmlspecialchars, htmlentities, or mb_encode_numericentity/mb_decode_numericentity instead in /home/techmmne/public_html/lisutimes.com/wp-content/plugins/fb-instant-articles/vendor/facebook/facebook-instant-articles-sdk-php/src/Facebook/InstantArticles/Transformer/Transformer.php on line 249

Deprecated: mb_convert_encoding(): Handling HTML entities via mbstring is deprecated; use htmlspecialchars, htmlentities, or mb_encode_numericentity/mb_decode_numericentity instead in /home/techmmne/public_html/lisutimes.com/wp-content/plugins/fb-instant-articles/vendor/facebook/facebook-instant-articles-sdk-php/src/Facebook/InstantArticles/Transformer/Transformer.php on line 249

Deprecated: Creation of dynamic property Facebook\InstantArticles\AMP\AMPHeader::$headerBar is deprecated in /home/techmmne/public_html/lisutimes.com/wp-content/plugins/fb-instant-articles/vendor/facebook/facebook-instant-articles-sdk-extensions-in-php/src/Facebook/InstantArticles/AMP/AMPHeader.php on line 51
အချိန်ကပြောပြလိမ့်မယ် (OPINION)

Opinion

အချိန်ကပြောပြလိမ့်မယ် (OPINION)

By TheLisuTimes

April 26, 2021

အပြောင်းအလဲဆိုတာ လောကရဲ့သဘာဝတစ်ခုပဲဖြစ်ပါတယ်။ အပြောင်းအလဲတွေထဲမှာ နိုင်ငံရေး အပြောင်း အလဲက သက်ရောက်မှုအင်အားနဲ့ နယ်ပယ်အလွန်ကြီးပါတယ်။ လူတစ်မျိုး၊ ဘာသာတစ်ခုမျှသာ မဟုတ်ပါပဲ၊ နိုင်ငံအဝန်းအဝိုင်းအတွင်းနေထိုင်သူအားလုံးအပေါ် နှင့် အဆိုပါနိုင်ငံနှင့် ဆိုင်ရာနိုင်ငံများအပေါ်အထိ သက် ရောက်မှုရှိပါတယ်။ တစ်ချို့သော နိုင်ငံတွေရဲ့ နိုင်ငံရေးအပြောင်းအလဲတွေက တစ်ကမ္ဘာလုံး အတိုင်းအတာ အထိ သက်ရောက်မှုကြီးမားပါတယ်။ဖေဖော်ဝါရီလ ၁ ရက်နေ့ကစတင်ဖြစ်ပေါ်လာတဲ့ မြန်မာ့နိုင်ငံရေးအပြောင်းအလဲက နိုင်ငံအတွင်းရော၊ နိုင်ငံ ပြင်ပမှာရှိသူတွေအတွက်ပါ သက်ရောက်မှုရှိလာပါတယ်။ ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့အစည်းအထိလည်း လှုပ်ခါ သလို၊ သူတပါးပြည်တွင်းရေးကို ဝင်ရောက်မစွက်ဖက်ပါဘူးလို့ ကြေညာမောင်းခတ်ပြီးနေထိုင်ကြတဲ့ အာဆီယံ နိုင်ငံတွေကပါ မနေနိုင်မထိုင်နိုင်ဖြစ်လာပြီး၊ အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့မှာ ဧပြီလ ၂၄ ရက်နေ့မှာ မြန်မာ့ အရေးအထူးအစည်းအဝေး လုပ်ကြရတဲ့အထိ အကျယ်အကျယ်ဖြစ်လာပါတယ်။ဖွဲ့စည်းပုံ အခြေခံဥပဒေ (၂၀၀၈) အရ ၂၀၂၀ ခုနှစ်၊ နိုဝင်ဘာလ (၈) ရက်နေ့မှာ အထွေထွေရွေးကောက်ပွဲ ကျင်းပပေး ခဲ့ပါတယ်။ တောင်ပြိုကမ်းပြိုနိုင်တာကတော့ အန်အဲလ်ဒီပါတီပါပဲ။ အန်အဲလ်ဒီကို ပြည်သူရဲ့ အားပေးမှုဆိုတာ ကလည်း အခုမှ မဟုတ်ပါဘူး။ ၁၉၉၀ ကစတင်ပြီး ဝင်ပြိုင်သမျှ ရွေးကောက်ပွဲတွေမှာ တောင်ပြိုကမ်းပြို နိုင်တာ ပါပဲ။ ဒါပေမယ့် တပ်မတော်က ၂၀၂၀ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ အာဏာ သိမ်းယူလိုက်ပါတယ်။ အရေးပါပုဂ္ဂိုလ်အားလုံးကို ဖမ်းဆီးထိန်းသိမ်းလိုက်ပါတယ်။ ဒီလိုအနေအထားမှာ ပြည်သူ ဟာ လက်သင့်မခံနိုင်တော့ဘူး။ တပ်မတော်ဟာ သူနဲ့မဆိုင်တဲ့ မဲစာရင်းစစ်တာတွေကို လုပ်လာတယ်လို့ မြင်လာကြပါတယ်။ မဲစာရင်းမှားတယ်ဆိုတာ တမင်သက်သက် အာဏာသိမ်းချင်လို့ ရမယ်ရှာတယ်လို့ပဲ မြင်လာကြပါတယ်။ ဒါကြောင့် ပြည်သူတွေရင်ထဲ ပေါက်ကွဲမှု တွေကြီးမား လာပါတယ်။ ထစ်ကနဲရှိ အာဏာ သိမ်းပြီး ကိုယ်ကျိုးရှာတဲ့လူတစ်စု၊ တပ်မတော်အင်စတီကျူးရှင်းကိုအသုံးချနေတဲ့ လူတစ်စုကို လုံးဝဖယ်ထုတ် ကြရမယ်၊ အင်စတီကျူးရှင်းကို လုံးဝပြုပြင်ရမယ်လို့မြင်လာကြပါတယ်။ပြည်သူဟာ ဒီတစ်ကြိမ်မှာ ခါးခါးသီးသီးဖြစ်သွားပါပြီ။ ဘုံရန်သူကို မြင်လာပါတယ်။ တော်လှန်ရေး အမြင် တွေလည်း ပြင်းထန်လာပြီး၊ အသက်တွေကလည်း ပေးထားကြပါပြီ။ လူသတ်သွေးစွန်းတဲ့လက်နဲ့ ဘုရား တည်ပြတဲ့ကိစ္စတွေနဲ့ပဲ လူထုကိုချွေးသိပ်လို့မရတော့ပါဘူး။ သူတို့ရဲ့နိုင်ငံရေး၊ ဘာသာရေး လှုပ်ရှားမှု တွေဟာ လူထုအတွက်မဟုတ်ဘူးဆိုတာကို လူထုဟာ သိသွားပါပြီ။ နိုင်ငံတော်ဆိုတာ အမျိုး၊ ဘာသာ၊ သာသနာ တစ်ခုတည်းအတွက်ပဲမဟုတ်ပဲ နိုင်ငံနယ်နမိတ်အတွင်း နေထိုင်သူတွေရဲ့ အကျိုးစီးပွားကို ကာကွယ် ပေးဖို့ လိုတယ်ဆိုတဲ့ နိုင်ငံသစ်ထူထောင်ရေးအမြင်တွေ ပြောင်းလဲလာပါတယ်။ ဗမာအများစုရဲ့ ခေတ်အဆက်ဆက် ပိတ်မိနေတဲ့အတွေးအမြင်တွေ၊ အိုင်ဒီယောလိုဂျီတွေပေါက်ထွက်မှု ဖြစ်လာပါတယ်။ ဒါက လူထုရဲ့သိမှု ပါရာဒိုင်းအရွေ့ဖြစ်လာပါတယ်။ ဦးနှောက်ဟာ တစ်ခါ ဆွဲဆန့် ခဲ့ဖူးရင်ပဲ အရင်လိုပြန်ကျုံ့ဖို့မဖြစ်နိုင်တော့ပါဘူး။ အပြောင်း အလဲကရပ်လို့မရဘူး။အပြောင်းအလဲကတော့ ဆက်တိုက်ဖြစ်သွားဖို့ပဲရှိပါတယ်။ လူထုဆန္ဒကို မဖြစ်ဖြစ် အောင်လုပ်ဖို့ပဲ ကျန်ပါတော့ တယ်လို့သန္နိဌာန်ချထားကြပြီလို့ဆိုပါတယ်။ သွေးမစွန်းချင်ပေမယ့်၊ နိုင်ငံရေးနည်းလမ်းနဲ့ မရတော့ဘူးဆိုတာ နားလည်းလာကြပါပြီ။ ရှက်တတ်သူတွေ၊ ပြည်သူ့ဆန္ဒကိုလေးစားသူတွေနဲ့ တိုက်ရတာမဟုတ်ပါပဲ ဂုဏ်သိက္ခာ မဲ့သူတွေ၊ အကြမ်းဖက်သမားတွေကို ပြည်သူကတန်ပြန်ခုခံရမယ့်ပွဲဖြစ်လာပါတယ်။ နိုင်ငံရေးဂုဏ်သိက္ခာရှိတဲ့ အုပ်စိုးသူတွေအနေနဲ့ ပြည်သူက အခုလိုသဘောမတူတာကို အတင်းအဓမ္မဖိနှိပ်တာမျိုး လုပ်မှာမဟုတ်ပါဘူး။ ဒါပေမယ့် မြန်မာ့တပ်မတော်အင်စတီကျူးရှင်းဟာ ခေတ်အဆက် ဆက် ပြည်သူတွေအပေါ် လူမဆန်စွာ ရက်စက်ပါတယ်။ ပြည်သူဟာ မတိုက်ချင်ပဲ လက်နက်ကိုင်တိုက်ဖို့ပဲလမ်းကြောင်းထဲ တွန်းပို့ခံရတာဖြစ်ပါတယ်။ သေခြင်းကို မမှုတော့တဲ့ ပြည်သူတွေဟာ အခြားကြောက်စရာတွေနဲ့ ထိန်းချုပ်လို့မရတော့ပါဘူး။ဒါဟာ ပြည်သူအတွက် စွန့်စားမှုကြီးမားသလို၊ တပ်မတော် အင်စတီကျူးရှင်းကိုမှီပြီး လုပ်စားနေသူ တစ်ချို့အတွက်လည်း ဧရာမစိန်ခေါ်မှု အပြောင်း အလဲ ဖြစ်လာ ပါတယ်။ ပြည်သူတစ်ရပ်လုံးနဲ့ တပ်မတော် အင်စတီကျူးရှင်းကြားက စစ်ပွဲဖြစ်လာပါပြီ။ တပ်မတော်ဟာ ပြည်သူ ထောက်ပံ့မှုမရခဲ့ရင် လှံသွားလည်းခွေ၊ ဓါးလည်းကျိုးမှာပါပဲ။ ဒါက စစ်ရေးနည်းလမ်းတွေရဲ့ နိယာမ တစ်ခုပဲဖြစ် ပါတယ်။ တပ်မတော်ဟာ ဒီအပြောင်း အလဲမှာ ကိုယ်ကအပြောင်းအလဲခံမလား၊ လုံးဝအပျက်အစီး ခံသွားမလား ဆိုတာကတော့ အချိန်ကပဲ ပြောပြ ပါလိမ့်မယ်။