Opinion

သူ့ဘက် ကိုယ့်ဘက် (OPINION)

By TheLisuTimes

March 19, 2021

နေရာတိုင်းမှာ သူ့ဘက်ကိုယ့်ဘက်ရှိပါတယ်။ လာမည့် ၈ ရက်ဆိုရင် မြန်မာနိုင်ငံအတွက် အထင်ကရနေ့တစ်ခုရောက်လာတော့မှာ ဖြစ်ပါတယ်။ အဲ့ဒီနေ့ကတော့ တပ်နဲ့ပြည်သူ သူ့ဘက်ကိုယ့်ဘက် အမည်ပေး လုနေကြရတဲ့ နေ့တစ်နေ့လည်းဖြစ်ပါတယ်။

စစ်အာဏာရှင်တွေက အဲ့ဒီနေ့ကို တပ်မတော်နေ့လို့ နာမည်ကပ်လိုက်ပြီး၊ တပ်မတော်ရဲ့ အရှိန်အဝါတွေ၊ ခေတ်မီလက်နက်တွေကို ထုတ်ပြတတ်တဲ့နေ့ တစ်နေ့ဖြစ်ပါတယ်။ တကယ်တော့ အဲဒီနေ့ကတော့ တပ်မတော် စတင်ဖွဲ့စည်းတဲ့ နေ့လည်းမဟုတ်ပါပါပဲ ပြည်သူလူထုရဲ့ တော်လှန်ရေးစိတ်ကို တပ်မတော်အတွက် အသုံးချလိုက်တာလို့ပဲ သုံးသပ်ရပါတယ်။ ဖက်ဆစ်စနစ်ဆိုးကို တော်လှန်လိုစိတ်၊ တန်ပြန်လိုစိတ်ကို တစ်ဘက်လှည့်ပြီး တပ်မတော်အတွက် အားအင်အဖြစ်ပြောင်းလိုက်တယ်လို့ ဆိုရမှာပါ။

အဲ့ဒီနေ့ကတော့ ပြည်သူအတွက်တော့ ဂုဏ်ပြုရန် မထိုက်တန်တဲ့ အဖွဲ့ကို ဂုဏ်ပြုနေကြရတဲ့နေ့လိုဖြစ်နေပါတယ်။ ကိုယ်ပေးတဲ့ အခွန်ငွေနဲ့ ဖွဲ့စည်းထားတဲ့ တပ်က ကိုယ့်ကို ပြန်ပြီး ခြိမ်းခြောက် စော်ကားခံရတဲ့နေ့။ ကိုယ့်ကို ကာကွယ်ပေးရမည့် တပ်မတော်က ကိုယ့်ကို ပြန်ကိုက်မယ်၊ သတ်မယ်လို့ သွားတဖြဲဖြဲ၊ သေနတ်တကားကား ပြသတဲ့နေ့ လို့ခံစားကြရပါတယ်။ တကယ်တမ်း ပြည်သူ့ဆန္ဒကို မထီမဲ့မြင်ပြုပြီး၊ မဲမဲမြင်ရာ လိုက်ပစ်သတ်တဲ့ တပ်မတော်ဟာ ဖက်ဆစ်စနစ်ထက်ဆိုးပါတယ်။ လူ့အခွင့်အရေးချိုးဖောက်မှုကတော့ သြချရလောက်ပါပေတယ်။ ဖက်ဆစ်ဟာ သူ့လူရင်းတွေကို မနှိပ်စက်ပါဘူး။ မြန်မာ့တပ်မတော်ဟာ လူမျိုး၊ ဘာသာ၊ သာသနာတွေကိုလည်း မသိတဲ့ ကိုယ်ကျိုးရှာတပ်မတော်၊ ဖက်ဆစ်တဲ့ဆိုးတဲ့ တပ်မတော်ဖြစ်နေတာပါ။

၂၀၂၀ ရဲ့ မတ်လ ၂၇ မှာ တပ်မတော်က ပွဲမလုပ်ဖြစ်ခဲ့ပါဘူး။ ကိုဗစ်-၁၉ ကြောင့်မလုပ်ဖြစ်ခဲ့ပါ။ ယခုနှစ် ၂၀၂၁ မှာတော့ အာဏာလုစစ်ကောင်စီက ဘယ်လိုဘယ်ပုံနဲ့ တပ်မတော်နေ့ကျင်းပမလဲဆိုတာကတော့ စိတ်ဝင်စားစရာ ဖြစ်လာပါတယ်။ အခြားတစ်ဘက်မှာလည်း ပြည်သူလူထုရဲ့ တော်လှန်ရေးစိတ်ဟာ ဘယ်လိုဘယ်ပုံထွက်ပေါ်လာမလဲ လို့တွေးစရာ ရှိနေပါတယ်။

ကျင်းပမယ်ဆိုရင် အာဏာလု စစ်ခေါင်းဆောင်ဟာ ယခင်နှစ်များမှာလိုပဲ တပ်မတော်ကို စင်မြင့်ပေါ်က စကားတက်ပြောမလား။ အခုလို ပြည်သူလူထုရဲ့ ဆန့်ကျင်မှုကို ခံနေရတဲ့ အနေအထားမျိုးမှာ ဂုဏ်ပြုစင်မြင့်ပေါ်မှာ တက်လာပြီး စကားပြောမလား။ လူစားလဲမလား။ အခြားတစ်ယောက်ကို ဖတ်ခိုင်းမလား။ ဂုဏ်ပြုတပ်ဖွဲ့ဟာ လက်နက်အစစ်၊ ကျည်အစစ် တပ်ဆင်မလား။ စိတ်ဝင်စားစရာဖြစ်လာပါတယ်။

အခြားတစ်ဘက်မှာ ၂၀၂၀ အထွေထွေရွေးကောက်ပွဲရလဒ်ကို မထီမဲ့မြင်ပြုခံရလို့ မကျေမနပ်ဖြစ်နေတဲ့ ပြည်သူထူထုကတော့၊ အတိတ်မှာ မြန်မာပြည်သူတွေကို ကောင်းကျိုးမပေးသော ရက်စက်တဲ့ဖက်ဆစ်စနစ်ကို စတင်တော်လှန်ခဲ့တဲ့နေ့မှာ၊ ၁၉၆၂ ကစလို့ မြန်မာပြည်သူလူထုကို ကောင်းကျိုးမပေးတဲ့ သူတွေကို တစ်နည်းတစ်ဖုံ တော်လှန်တဲ့နေ့ ဖြစ်မလားဆိုတာ ကတော့ စောင့်ကြည့်ရလောက်အောင် စိတ်ဝင်စားစရာ ဖြစ်လာနေပါတယ်။

မတ်လ ၂၇ ရက်။စစ်အာဏာရှင်တို့ဘက်ကတော့ တပ်မတော်နေ့၊ပြည်သူလူထုဘက်ကတော့ တော်လှန်ရေးနေ့။