အမည်- ဂျေဇာဖီ မိဘ- အဖ လီဘီးဒီး (ကျာစီးရဲ့) + အမိ ဒေါ် ဒူးဟဲ့လဲ့အသက်- ၄၃ နှစ်မွေးရပ်ဇာတိ- ခန်ဂျိုရွာ၊ မချမ်းဘောမြို့နယ်လက်ရှိလိပ်စာ- မခေါဒီကျေးရွာအုပ်စု၊ ဝိုင်းမော်မြို့နယ်
အသံကီးမြင့်မြင့်နဲ့ သီချင်းတွေ သီဆိုတတ်တဲ့ လီဆူအဆိုတော် ကိုဂျေဇာဖီနဲ့ အင်တာဗျူးစကားပြောခွင့်ရခဲ့ပါတယ်။ သူ့ရဲ့သီချင်း ဝါသနာအစ၊ ပထမဦးဆုံးအသံသွင်းဖြစ်တဲ့သီချင်းတွေ အကြောင်းကို အခုလို ပြောပြလာပါတယ်။
ကလေးဘဝအရွယ်ကစပြီး သီချင်းကို နှစ်သက်ခဲ့ပါတယ်။ ကက်ဆက်ခေတ်မှာ ကိုယ်တိုင်သီးချင်းရေး/ဆို သွင်းဖြစ်ခဲ့တာ အများကြီးပဲ။ ဒါပေမယ့် တကယ့် စီးရီးခွေမှာ ပါဝင်ဖြစ်တာက ၁၉၉၉ ခုနှစ်ဖြစ်ပါတယ်။ ဆရာ ဧဇလ ရဲ့ဖိတ်ခေါ်မှုနဲ့ ꓢꓲꓼ ꓢꓴ ꓡꓯ သီချင်းခွေမှာ သီချင်း ၂ ပုဒ်သွင်းဖြစ်ခဲ့ပါတယ်။ ပထမဦးဆုံးလုပ်ဖြစ်တဲ့ အနုပညာအလုပ်ဆိုလို့ သီချင်းဆိုတာပါပဲ။
သီချင်းသီဆိုရတာကို ဘယ်လောက်အထိ စိတ်အားပြင်းပြခဲ့ဖူးပါသလဲလို့ မေးခဲ့ရာမှာတော့ အခုလိုပြောပြပါတယ်။
ကိုယ်တိုင်လဲ ငါဒီဘဝမှာ အဆိုတော်တစ်ယောက် ဖြစ်ကိုဖြစ်ရမယ်ဆိုတဲ့စိတ် ငယ်ငယ်ကတည်း က ရှိခဲ့ပါတယ်။ အဲ့ဒါက သီချင်းဆိုဖို့ အခွင့်အရေးရတာနဲ့ အမိအရဆုပ်ကိုင်ဖြစ်စေတဲ့ တွန်းအားပေါ့။ ဒါပေမယ့် ကိုယ့်မှာ မိသားစုဆင်းရဲတယ်၊ အသိုင်းအဝိုင်းမရှိဘူး၊ နယ်မှာဆိုတော့ အခွင့် အလမ်း မရှိသလောက်ပဲ။ သီချင်းဆိုရဖို့အတွက်ဆိုရင် ဘာနဲ့ဖြစ်ဖြစ် လဲနိုင်တဲ့အထိ ပြင်းပြင်းပြပြဖြစ်ခဲ့ဖူးတာပါ။ ဥပမာ- ထမင်းဟင်းတွေ သေချာ ချက်ထားတယ်ဆိုပါစို့။ တိုက်တိုက်ဆိုင်ဆိုင် သီချင်း ဆိုဖို့ဖြစ်လာရင် အဲဒါတွေအားလုံး သတိမရတော့ဘူး။ မစားချင်တော့တဲ့အထိ စိတ်လှုပ်ရှား တက်ကြွလာတာမျိုးပါ။
ပရိသတ်ရဲ့ အားပေးတုံ့ပြန်မှု အကောင်းဆုံး သီချင်းတွေရယ်၊ ကိုယ့်သီချင်းတွေကို ပရိသတ်က သီဆိုနေတဲ့အခါ ဖြစ်ပေါ်လာတဲ့ ခံစားမှုတွေရယ်ကို အခုလို ပြောပြပါတယ်။
ရှိုးပွဲတွေမှာဆိုရင် လီဆူသီချင်းထဲက ꓣꓳ ꓟꓵꓽ꓾ ꓟꓶ-ꓡ-ꓫꓵ-ꓓꓰ ꓟꓶꓼ ꓡꓯꓸ꓾ ꓒꓵꓽ ꓡꓳ ꓡꓲ-ꓢꓴ꓾ ꓥꓪ ꓐꓱ ꓶ ꓥꓳ ꓡꓳꓸ ꓓꓴ꓾ ꓐꓶꓽ ꓔꓯ ꓕꓽ ꓡꓯꓼ ꓙꓱ အဲ့တာတွေက ပရိသတ်တောင်းဆို ကြပါတယ်။ ကိုယ့်သီချင်းကို သူများ ဆိုနေတာကြားရရင် ဝမ်းသာတယ်။ ကျွန်တော်က ကီးမြင့်မြင့်ဆိုလေ့ရှိတော့ ကျွန်တော့် ဆိုထားတဲ့ ကီးအတိုင်း ဆိုနိုင်တဲ့သူတွေကိုတွေ့ရတဲ့အခါ ပိုပြီးတော့ အားရဝမ်းသာတယ်။ ကိုယ်ပါ လိုက်ဆိုလိုက်တာပါပဲ။
သီချင်းအနုပညာ ခရီးလမ်းမှာ သင်ခန်းစာ ရှိသလားဆိုတော့ သိပ်ရှိတာတေပါ့ဆိုပြီး အခုလိုပြောပြလာပါတယ်။
ကိုယ်လာခဲ့တဲ့ အနုပညာလမ်း အတွေ့အကြုံအရ ကိုယ့်ရဲ့ အနုပညာလှုပ်ရှားမှုကို ကိုယ့်ကိုယ်ကိုယ်ပဲ အားကိုးပြီး လက်လှမ်းမီသလောက် ကြိုးစားရမယ်ဆိုတဲ့ သင်ခန်းစာ ရပါတယ်။ ကိုယ်တိုင်ကြုံခဲ့ဖူးတဲ့ အတွေ့အကြုံတစ်ခုက လူတစ်ဦးတစ်ယောက်က ကျွန်တော့်ကို အခွေထုတ်ပေးမယ်လို့ ကတိပေးဖူးတယ်။ ကျွန်တော်ကလဲ အဲဒါကို မျှော်လင့်စောင့်စားရင်း အချိန်သာကုန်သွားမယ်။ တကယ်ဖြစ်မလာခဲ့ပါဘူး။ ကျွန်တော့် အနုပညာအလုပ်တွေ ချပြခွင့် နှောင့်နှေးသွားတာပေါ့။ အဲ့ဒီတုန်းက ကျွန်တော် လီဆူသီချင်းတွေဆိုနေရင်းနဲ့ ဗမာသီချင်း၊ ဗမာအသိုင်းအဝန်းထဲကိုလဲ ထိုးဖောက်ဖို့ စိတ်ကူးခဲ့တယ်။ လုပ်ပေးမယ်လို့ ပြောထားတဲ့သူကလဲ တကယ်လုပ်မပေးတော့ အဲ့ဒီအခွင့်အရေးတွေ ဆုံးရှုံးသွားတာပေါ့။ ဒီလိုအဖြစ်မျိုးတော့ ပြန်မကြုံချင်ဘူးပေါ့။
ကိုယ်လုပ်ဖြစ်ခဲ့လို့ ဘဝမှာ ဂုဏ်ယူရတဲ့အရာတစ်ခုကို ပြောပါဆိုရင် ဘာဖြစ်မလဲလို့ မေးလိုက်တော့၊ အတန်ကြာစဉ်းစားပြီးတော့ အခုလို ပြောပြလာပါတယ်။
ကျွန်တော်သီချင်း ခွေသွင်းတဲ့အဆင့်မရောက်ခင်မှာ သီချင်းတွေကို ဝါသနာပါလို့ အော်ကျင့်ခဲ့ပါတယ်။ ရွာထဲ၊ ရပ်ကွက်ထဲမှာပေါ့။ ၁၉၉၁ ခုနှစ်၊ ကျွန်တော် အသက် ၁၂ အရွယ်မှာ မြစ်ကြီးနား ပြောင်းလာရတော့၊ ဇီးလွန်ကျောင်းမှာ ၆ -၁၀ တန်းအထိတက်ခဲ့တယ်။ ၂၀၀၀ ခုနှစ်မှာ ဆယ်တန်းအောင်တယ်။ အဲဒီကာလမှာ ရေခပ်ရင်လဲ သီချင်းအော်ဆိုတယ်။ ဧရာမြစ်ထဲ ရေဆင်းချိုးရင်လဲ အော်ဆိုတယ်။ ပတ်ဝန်းကျင်ကလူတွေ အတော်များများ ကဲ့ရဲ့ကြပါတယ်။ လူကြီးတွေကလဲ နားညီးတယ်ပေါ့။ ဒါပေမယ့်လဲ ကျွန်တော် အဆိုတော်ဘဝရောက်လာတဲ့အခါ အခုတော့ သူတို့တွေ အမြင်ပြောင်းလဲလာပြီး အားပေးကြပါတယ်။ ကျွန်တော်လဲ ကိုယ်ယုံကြည်ရာကို အများကဲ့ရဲ့နေတဲ့ကြားထဲက လုပ်ပြနိုင်ခဲ့တာကို တွေးမိတိုင်း ဂုဏ်ယူနေဆဲပါပဲ။
သီချင်းရေးစပ်ဖန်တီးတဲ့ ပုံစံရယ်၊ သီချင်းလေ့ကျင့်သီဆိုပုံတွေရယ်၊ သီချင်းဆိုတာအပြင် အခြားလုပ်ဖြစ်ခဲ့တဲ့ အနုပညာအကြောင်းတွေကို ပြန်ပြောင်းအောက်မေ့ အခုလို ပြောပြပါတယ်။
အရင်က သူများရေးတဲ့သီချင်းတွေကို အများဆုံးဆိုခဲ့တယ်။ ကိုယ်ပိုင် သိပ် မရေးခဲ့ဖူး။ ၂၀၂၀ မှာတော့ သီချင်းသုံးပုဒ်ကို ကိုယ်တိုင်ရေး/ဆို ဖြစ်ခဲ့ပါတယ်။ ꓮ-ꓛ ꓲ ꓡꓳꓦꓰ ꓬꓳꓴꓹ ꓥꓪ ꓠꓴ ꓘꓹ ꓤꓼ꓾ ꓶ ꓤ ꓗꓪ ꓟ ꓠꓲꓹ ꓠꓵ ꓢꓴ သီချင်းတွေ ဖြစ်ပါတယ်။ သီချင်းတွေကို ခံစားချက်နဲ့ပဲ ရေးပါတယ်။ ပူတာအိုဒေသရဲ့ ကျေးလက်သဘာဝကို မြင်ယောင်ပြီးရေးပါတယ်။ တရုတ်ပြည်မှာ ရောက်နေတုန်း ကိုယ့်မိခင်နိုင်ငံက ချစ်ဇနီးကို သတိရပြီးရေးဖြစ်တယ်။ ကိုယ့်မွေးရပ်မြေဇာတိ ခန်ဂျိုကို ရည်ရွယ်ပြီး ရေးခဲ့ပါတယ်။ ကိုယ့်မွေးရပ်မြေကို ခွဲခွာလာခဲ့တာလည်း အတော်ကြာပြီမို့ အလွမ်းများစွာနဲ့ ရေးဖြစ်ပါတယ်။
သီချင်း လေ့ကျင့်သီဆိုမှုကတော့ ကျွန်တော် ဆယ်တန်းမအောင်ခင် နှစ်များမှာတော့ ဇော်ဝင်းထွဠ်သီချင်းတွေပေါ့။ ပထမဦးဆုံးကြိုက်ခဲ့တဲ့ အဆိုတော်က ဇော်ဝင်းထွဠ်ပဲ။ နောက်ပိုင်းမှာတော့ လေးဖြူ၊ အငဲ၊ စည်သူလွင်၊ မျိုးကြီး တို့ပေါ်လာတယ်။ သူတို့သီချင်းတွေကို နားထောင်ပြီး လိုက်ဆိုကျင့်ပါတယ်။ ၂၀၀၀ ခုနှစ်နောက်ပိုင်း ရန်ကုန် အီးဘီအိုင် ကျမ်းစာ ကျောင်းတက်နေရင်းနဲ့ ဆရာဦးစောနု ရဲ့အဆိုသင်တန်းမှာ သင်ရိုးတစ်ခု လေ့ကျင့်ခဲ့ပါတယ်။
သီချင်းဆိုတာအပြင် အခြားအနုပညာလှုပ်ရှားခဲ့ဖူးတာ ပြောရမယ်ဆိုရင် တင်မိုးလွင် ရဲ့ Talents and Model Agency မှာလည်း သင်တန်းတက်ခဲ့ပြီး၊ အဲ့ဒီမှာပဲ ၃ နှစ်စာချုပ်ချုပ်ပြီး ရန်ကုန်မြို့ ဟိုတယ်အနှံ့ပဲ ရှိုးပွဲတွေ လျှောက်ခဲ့ဖူးပါတယ်။ တီဗွီကြော်ငြာလဲ ၃-၄ ခု ရိုက်ဖြစ်ခဲ့တယ်။ Now How တို့ပေါ့။ အဆိုတော် ဇော်ပိုင်ရဲ့ သီချင်းမှာလဲ သရုပ်ဆောင် ခဲ့ဖူးတယ်။ ယုဇနနဲ့ အောင်ကောင်းထက်တို့ သီတင်းကျွတ်ည မှာလဲ သရုပ်ဆောင်ခဲ့တယ်။
လတ်တလော အနုပညာလှုပ်ရှားမှု ဘာတွေလုပ်နေတယ်ဆိုတာကို အခုလိုပြောပြလာပါတယ်။
ယူနတီမြူးဇစ်ဘန်း ကကျွန်တော့်ကို ချစ်တဲ့အနေနဲ့ တီးတာ၊ အသံသွင်း၊ ရိုက်ကူးရေး ဖရီးကူညီမယ်ဆိုလို့ ကျွန်တော်သီချင်းတစ်ပုဒ်လုပ်နေပါတယ်။ဗမာသီချင်းတစ်ပုဒ်ပါ။ ကမ္ဘာ့ကပ်ရောဂါ ကိုဗစ် -၁၉ ကြောင့် ဝေးကွာနေကြရတဲ့ ချစ်သူတွေအကြောင်းကို သီချင်းစပ်ပေးပါလို့ တေးရေး ဆရာမာထီးယဲ့ကို အကူအညီတောင်းထားပြီး ရလာတာပါ။ သီချင်းခေါင်းစဉ်က ကိုဗစ်ကြားက အလွမ်း ဖြစ်ပါတယ်။ အဲ့ဒီသီချင်း မကြာခင် နားဆင်ကြရမှာပါ။
အဆိုတော်တစ်ယောက်ဖြစ်လာဖို့ မဖြစ်မနေကျော်လွှားရမယ့် စိန်ခေါ်မှုတွေ၊ လိုအပ်တဲ့ အရည် အသွေးတွေကို သူ့အမြင်အရပြောပြပါဦးဆိုတော့ အခုလို နားထောင်ရပါတယ်။
ကျွန်တော့်အတွေ့အကြုံအရပြောရမယ်ဆိုရင် ကိုယ့်မှာ ဘာမှ ငွေရေးကြေးရေးမရှိဘူး၊ အသိုင်းအဝန်းတွေမရှိဘူး၊ ပြီးတော့ ကိုယ့်မှာ သီချင်းဝါသနာပါလွန်းလို့ အော်ကျင့်တာတောင် အရင်းနှီးဆုံးလူတွေက နားညီးတယ်၊ ဖြစ်မှာလဲ မဟုတ်ဘူးလို့ ပြောခံရတာတွေက တကယ့်စိန်ခေါ်မှုတွေ ဖြစ်ခဲ့ပါတယ်။ အဆိုတော်တစ်ယောက်အနေနဲ့ ရှိရမယ့်အရည်အချင်းတွေက လူမှုဆက်ဆံရေး ကောင်းရမယ်။ ဒါမှ နေရာတစ်ခုဆိုတာ ရလာမယ်၊ ဖြစ်လာမယ်။ အသံကောင်းရုံပဲ မဟုတ်ဘူးလေ။ ပြီးတော့ ကိုယ့်အသံကိုလဲ အမြဲတမ်းကောင်းနေဖို့ ဂရုစိုက်ရမယ်။ ကျန်းမာအောင် နေရမယ်ပေါ့။ ကျွန်တော်တို့နောက်မှာ တက်လာပြီး အခုဆုံးပါးသွားပြီဖြစ်တဲ့ တေးရေး/ဆို ဒေးလီ က ကျွန်တော့်ကို မေးတယ်။ အားရိဖီ (အစ်ကိုအားဖီ) အသံကောင်းဖို့ ဘာတွေစားသလဲတဲ့။ ကျွန်တော် ကလဲ ဘာမှထူးထူးခြားခြား စားတာ မရှိပါဘူးပေါ့။ တကယ်လဲ သူကအနုပညာအလုပ်လုပ်ရင်း မူးယစ်ဆေး ကိုင်နေခဲ့တယ်။ ဘယ်လိုပြောမလဲ မူးယစ်ဆေးဝါးရဲ့ အကျိုးဆက်ကြောင့် ငယ်ငယ်ရွယ်ရွယ်နဲ့ ဆုံးပါးသွားခဲ့ရတယ်။ ကျွန်တော် နှမြောတယ်။ အဆိုတော်တစ်ယောက်အနေနဲ့ မလုပ်သင့်တဲ့အရာထဲမှာ မူးယစ်ဆေးဝါးလဲ ပါပါတယ်။ တကယ်တော့ အဆိုတော်တစ်ယောက်ရဲ့ အသံက မူးယစ်ဆေးဝါးမှီဝဲလို့ ကောင်းလာတယ်ဆိုတာထက်၊ ကျန်းမာရေးဂရုစိုက်တယ်။ အအေးမပတ်အောင်နေတယ်။ အမြဲလိုလို အဆိုပိုင်း လေ့ကျင့်မှုကောင်းဖို့ပဲလိုပါတယ်။
အဆိုတော်တစ်ယောက်အနေနဲ့ အနုပညာအဓိပ္ပါယ်ဖွင့်ဆိုချက်ကို အခုလိုဖွင့်ဆိုပြောပြလာပါတယ်။
အနုပညာဆိုတာက လူမျိုး၊ ဘာသာမရွေးပဲ လူသားတိုင်းနဲ့ ဆက်သွယ်လို့ ရတဲ့ ပေါင်းကူးတံတားတစ်ခုလို့ မြင်ပါတယ်။ အနုပညာနဲ့ ဆက်သွယ်ရင် ပိုပြီး လွယ်ကူအဆင်ပြေတယ်လေ။
ဘယ်အလုပ်မှာမဆို စိတ်ကသိကအောက်ဖြစ်ကြရတဲ့ အခိုက်အတန့်တွေ၊ ဝမ်းသာအယ်လဲအခိုက် အတန့်တွေ ကြုံရတတ်တာမို့၊ အဆိုတော်ဘဝမှာ မကြိုက်ဆုံးနဲ့၊ အကြိုက်ဆုံး အတွေ့ အကြုံကိုမေးမိတော့ အခုလိုဖြေပါတယ်။
မပျော်တဲ့အချက်က ဖားကဘယ်လာက်အော်အော် ရေမကြီးတဲ့အချက်ပဲ။ အထူးသဖြင့် ကျွန်တော်တို့ရဲ့ အမျိုးသားချင်းပွဲတွေမှာ ကျွန်တော်တို့က နေ့ညအသကုန်ဆိုတယ်။ ဒါပေမယ့် ဟိုကပေးတဲ့ဟာတွေကို လူကြီးလုပ်သူတွေက အကုန်ယူတယ်။ ကျွန်တော်တို့ကိုတော့ မုန့်ဖိုးပေးပေးတယ်ပေါ့။ အနုပညာတန်ဖိုးကို သိပ်နားမလည်တာ၊ အလေးမထားတဲ့ လူကြီးတွေနဲ့ တွဲလုပ်ရတာ မပျော်ဆုံးပဲ။ ထိုက်သင့်တဲ့ အသိအမှတ်ပြုမှု၊ ခံစားမှုမရဘူးပေါ့။ ဒါပေမယ့်လေ သိတယ်မို့လား … ထိုက်သင့်တာတွေ ရ/မရက နောက်မှာထား စင်ပေါ်ရောက်ပြီး သီချင်းဆိုနေရရင် ပျော်တာပါပဲ။ အနယ်နယ်အရပ်ရပ်မှာ သွားရတယ်။ ကိုယ့်ကို အားပေးနေတဲ့ ပရိသတ်တွေနဲ့တွေ့ရတယ်။ ဓါတ်ပုံတွေ မအားလပ်အောင် ရိုက်ရတဲ့အချိန်တွေကို ဘာနဲ့မှ မလဲနိုင်ပါဘူး။
သီချင်းအနုပညာအပြင် သူ့ရဲ့အခြားစိတ်တိမ်းညွှတ်မှုကိုမေးကြည့်တဲ့အခါ အခုလိုဖြေပါတယ်။
တကယ်လို့ ဘဝမှာ အနုပညာအလုပ်တွေတစ်ခုမှ မလုပ်ဖြစ်ခဲ့ရင် စီးပွားရေးပဲလုပ်နေမှာပါ။
နောက်ဆုံးအနေနဲ့ ပရိသတ်ကို စကားပြောပါဦးဆိုတော့ အခုလိုပဲ နှုတ်ဆက်ပြောဆိုလိုက်ပါတယ်။
ကျွန်တော့်ကိ အားပေးတဲ့ ပရိသတ်တွေကို အမြဲလေးစားပါတယ်။ ဆက်လက်ပြီး အားပေးပါဦး။ ဆံပင်ဖြူ သွားကျိုးတဲ့အထိ တစ်သက်လုံး အနုပညာအလုပ်ကို သီချင်းသီဆိုခြင်းအားဖြင့် လုပ်ဆောင်သွားပါ့မယ်လို့ ပြောချင်ပါတယ်။ ကိုဗစ်-၁၉ ကာလဖြစ်တဲ့အတွက် အားလုံးလဲ ကျန်းမာရေး ဂရုစိုက်ကြပါလို့ ပြောချင်ပါတယ်။ ကျေးဇူးတင်ပါတယ်။
ချစ်သော <<< ကိုဂျေ >>>
၁၇၊ ဇန်နဝါရီလ၊ ၂၀၂၁