News

မြန်မာ့အရေး လုံခြုံရေးကောင်စီ တံခါးပိတ်ဆွေးနွေးမအောင်မြင်

By TheLisuTimes

February 03, 2021

Lisutimes: UN Security Council takes no action on coup in Myanmar(Burma).

ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ အဖွဲ့ဝင် နိုင်ငံတွေ ဘက်က မြန်မာ့ ဒီမိုကရေစီရေးကို ထောက်ခံကြောင်း ရှင်းလင်း ပြတ်သားတဲ့ သတင်းစကားပါးဖို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ အထူးကိုယ်စားလှယ် Christine Schraner Burgener က အင်္ဂါနေ့ မြန်မာ့ အရေး လုံခြုံရေး ကောင်စီ တံခါးပိတ် အစည်းအဝေးမှာ တင်ပြခဲ့ပါတယ်။ နိုဝင်ဘာလ ၈ ရက်နေ့ ရွေးကောက်ပွဲ နောက်ပိုင်း ဥပဒေ အညီ ဖြစ်ရမယ်ဆိုတဲ့ သဘောမျိုး စစ်တပ်က ပြသခဲ့ပြီး အခုလို အခြေအနေမျိုး ဖြစ်လာတဲ့ အပေါ် အံ့သြ တုန်လှုပ်ရတယ်လို့လည်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ အထူးကိုယ်စားလှယ်က ပြောဆိုခဲ့ပါတယ်။

အင်္ဂါနေ့ မနက်ခင်းမှာ လုံခြုံရေးကောင်စီက မြန်မာ့ အရေး တံခါးပိတ် အစည်းအဝေး ကျင်းပပါတယ်။ စစ်တပ်က အာဏာယူတဲ့ ကိစ္စကို အပြင်းအထန် ကန့်ကွက်ရှုတ်ချကြောင်းလည်း အတွင်းရေးမှူးချုပ်ရဲ့ အထူးကိုယ်စားလှယ်က လုံခြုံရေးကောင်စီ တံခါးပိတ် အစည်းအဝေးမှာ တင်ပြခဲ့ကြောင်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ ပြောခွင့်ရ Stephane Dujarric က သတင်းစာ ရှင်းလင်းခဲ့ပါတယ်။

“စစ်တပ်က အာဏာသိမ်းမှု မစခင် တရက်အလိုမှာ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ အထူးကိုယ်စားလှယ် မစ္စ Burgener က မြန်မာ စစ်တပ် ခေါင်းဆောင်တွေနဲ့ ဆက်သွယ်ခဲ့တာမှာတော့ စစ်တပ် ခေါင်းဆောင်တွေဘက်က အစိုးရ၊ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်တို့နဲ့ ဆက်သွယ်ဆောင်ရွက်နေကြောင်း ပြန်ကြားခဲ့တယ် ” လို့လည်း အင်္ဂါနေ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောပါတယ်။ဖမ်းဆီးထားတဲ့ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတ ဦးဝင်းမြင့်၊ နိုင်ငံရေး ခေါင်းဆောင်တွေ တက်ကြွလှုပ်ရှားသူတွေကို ချက်ချင်းပြန်လွှတ်ပေးဖို့လည်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ အထူးကိုယ်စားလှယ်က တောင်းဆိုထားပါတယ်။

နိုင်ငံ အရေးပေါ် အခြေအနေ ကြေညာပြီး အရပ်သား နိုင်ငံရေး ခေါင်းဆောင်တွေကို ဖမ်းဆီးမှုဟာ အခြေခံ ဥပဒေနဲ့ မညီသလို ဥပဒေမဲ့ လုပ်ရပ် ဖြစ်တယ်လို့လည်း သူမက ပြောဆိုခဲ့ကြောင်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ ပြောခွင့်ရ Stephane Dujarric သတင်းစာ ရှင်းလင်းပွဲမှာ ပြောဆိုခဲ့တာပါ။မြန်မာ စစ်အာဏာသိမ်းမှုကို ရှုတ်ချပြီး စစ်တပ်ဘက်က ဥပဒေ လေးစားလိုက်နာရေး၊ လူ့အခွင့်အရေးကို အလေးထားရေးနဲ့ တရားဥပဒေမဲ့ ဖမ်းဆီးထားသူတွေကို ချက်ချင်း ပြန်လွှတ်ပေးဖို့ တောင်းဆိုထားတဲ့ ဗြိတိန်က ပြုစုထားတဲ့ ကြေညာချက် မူကြမ်းကို လုံခြုံရေးကောင်စီမှာ ဆွေးနွေးနေကြောင်းလည်း ကုသလမဂ္ဂ သံတမန်တွေပြောဆိုချက်ကို ကိုးကားပြီး Reuters သတင်းက ဖော်ပြပါတယ်။

အဖွဲ့ဝင် အားလုံးက သဘောတူရင်တော့ ကုလသမဂ္ဂလုံခြုံရေး ကောင်စီက ကြေညာချက် ထုတ်နိုင်မှာ ဖြစ်ပါတယ်။ ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ ဥက္ကဌ ကုလသမဂ္ဂဆိုင်ရာ ဗြိတိန် သံအမတ်ကြီး Barbara Woodward ကတော့ အဖွဲ့ဝင် အားလုံး တညီတညွတ် သဘောတူညီချက်ရဖို့ မျှော်လင့်ကြောင်း ပြောပါတယ်။”ဒီကိစ္စနဲ့ ပတ်သက်ပြီး တညီတညွတ်တည်း ဆုံးဖြတ်ချက် ချနိုင်ဖို့ အသေအချာ မျှော်လင့်ထားပြီး ဖြစ်ထွန်းမှုှတွေကို ဆက်လက် အသိပေးသွားမယ်” လို့ ဗြိတိန် သံအမတ်ကြီး WOODWARD ပြောဆိုခဲ့တာပါ။နိုင်ငံတကာ အသိုင်းအဝိုင်းတွင်းမှာ အထူးဘဲ စိုးရိမ်နေကြပြီး အင်္ဂါနေ့ မနက်ခင်းမှာလည်း တခြား သံအမတ်ကြီးတွေထံကနေလည်း အလားတူ စိုးရိမ်မကင်း ဖြစ်နေတဲ့ အကြောင်းတွေကို ရှင်းရှင်းလင်းလင်း ကြားသိရကြောင်း ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ဥက္ကဌ ဗြိတိန် သံအမတ်ကြီး Woodward က ပြောပါတယ်။

သို့သော်လည်းပဲ ကံမကောင်းစွာဖြင့် တရုတ်က ကြားဝင် ကန့်ကွက်သောကြောင့် စစ်အာဏာသိမ်းတာကို အတူတကွ ကန့်ကွက်ရှုတ်ချ တဲ့ပူးပေါင်းကြေငြာချက် ကြေငြာထုတ်ပြန်ဖို့မအောင်မြင်ခဲ့ပါ။ သို့သော်လည်း အမေရိကန်နိုင်ငံကတော့မြန်မာ့အပြောင်းအလဲ ကို “စစ်အာဏာသိမ်းခြင်း” အဖြစ် ဒီကနေ့တရားဝင် သတ်မှတ်လိုက်ကြေငြာလိုက်ပါတယ်။ နောက်ဆက်တွဲဘာဖြစ်လာမလဲဆိုတာကတော့စောင့်ကြည့်ရအုံးမှာဖြစ်ပါတယ်။