History

မြန်မာ့အရေး ဆုံးဖြတ်ချက် ကုလလူ့အခွင့်အရေးကောင်စီမှာ ကန့်ကွက်သူမရှိ အတည်ပြု

By TheLisuTimes

March 25, 2021

မြန်မာအရပ်သား အစိုးရကို ဖြုတ်ချခဲ့တာကို အပြင်းအထန်ရှုတ်ချထားတဲ့ ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ ဆုံးဖြတ်ချက်မူကြမ်းကို ကန့်ကွက်သူမရှိ၊ မဲခွဲစရာမလိုပဲ တစ်ညီတည်း ဆုံးဖြတ်အတည်ပြုလိုက်ပါတယ်။ ဆုံးဖြတ်ချက်မူကြမ်းထဲက အရေးပါသည့်အချက်များကတော့- လွတ်လပ်စွာ ဆန္ဒထုတ်ဖော်တဲ့ပြည်သူတွေကို အင်အားသုံး နှိမ်နင်းတာတွေရပ်ဖို့၊ ဤဆုံးဖြတ်ချက်ကို မဲခွဲစရာမလို အားလုံးသဘောတူကြောင်း၊ စစ်အုပ်ချုပ်ရေးထုတ်ပြန်တာရုပ်သိမ်းဖို့၊ အရပ်သားအစိုးရကို အာဏာပြန်အပ်ဖို့၊ IIMM- မြန်မာ့အရေး လွတ်လပ်သောသီးခြားစုံစမ်းရေးအဖွဲ့ရဲ့အရေးပါမှုကိုဖော်ပြထားပြီး၊ အိုင်စီစီ၊ အိုင်စီဂျေ နှင့် ဒေသတွင်းတရားရေးများနှင့် ပူးပေါင်းဆောင်ရွက်ရန် စတဲ့အချက်တွေ ပါဝင်ပါတယ်။မြန်မာစစ်အုပ်စုကို အမြဲတမ်း ထောက်ခံကာကွယ်ပေးနေတဲ့ တရုတ်နဲ့ ရုရားကလည်း မဲခွဲမယ်လို့ မတောင်းဆိုပဲ၊ မြန်မာ့အရေး ကုလလူ့အခွင့်အရေးကောင်စီရဲ့ ဆုံးဖြတ်ချက် မူကြမ်းကို ဖြစ်တောင့်ဖြစ်ခဲ တစ်ညီတစ်ညွှတ်တည်း သဘောတူလိုက်တာဖြစ်ပါတယ်။ စစ်ကောင်စီ ကိုယ်စားလှယ်ကတော့ တစ်ဘက်သတ် စွပ်စွဲမှုတွေလို့ တုံ့ပြန်ပါတယ်။