ဧပြီလ ၁၇ ရက်နေ့၊ မြန်မာနှစ်ဆန်းတစ်ရက်နေ့ မနက်ပိုင်း မိုးဖွဲကလေးတွေ ကျနေပါတယ်။ ဒီနှစ်သစ်အတွက် ကောင်းကြီးမိုးများ ဖြစ်မလားလို့လည်း တွေးနေမိစဉ်မှာပဲ၊ သားကြီးရဲ့ဆရာမက အိမ်ရှေ့ကို ရောက်လာပြီး နှစ်သစ်လက်ဆောင်လို့ဆိုကာ ရွှေရင်အေးလာပေးပါတယ်။ ရင်နာစရာတွေ ပြည့်နှက်နေတဲ့ မြန်မာ့အရေးမှာ ရင်အေးစေဖို့များ ညွှန်းလေရော့သလားလို့ အတွေးတစ်စချဲ့မိလိုက်ပါတယ်။ ဆရာတပည့်စကားပြောနေတာကို အိမ်ပြူတင်းကနေ လှမ်းကြည့်ရင်း … ရေတစ်ခါပတ်သက်ခဲ့ဖူး ရင်ပဲ တစ်သက်စာ ဆရာတပည့်ရင်းနှီးမှုလေး တွေကို မျှဝေခံစား မိပါ တယ်။ ဒါက နိုင်ငံခြားက ဆရာတပည့် ရင်းနှီးတွယ်တာမှုမျိုးမဟုတ်တဲ့ မြတ်နိုးစရာ မြန်မာ့ဓလေ့တစ်ခုပါပဲ။မနက်ကပဲ အသက်အရွယ်ရနေပြီဖြစ်တဲ့ မိဘနှစ်ပါး အိမ်အလည်ရောက်လာခဲ့ပါတယ်။ ၂၀၂၀ ဇူလိုင်လဆန်းမှာ ပူတာအိုကနေ ရန်ကုန်ဆင်းလို့ ဆေး လာကုရင်း ကိုဗစ် နဲ့ စစ်အာဏာထိန်းမှုကြောင့် ၂၀၂၁ နွေရာသီအထိ ရန်ကုန်မှာ သောင်တင်နေတာပါ။ ညီလေးရဲ့ တိုက်ခန်းထဲ မှာပဲ မိဘနှစ်ပါးက နေထိုင်နေကြတော့ နေ့ခင်း နေ့လည် ပျင်းနေရတဲ့အကြောင်း၊ ဒါပေမယ့် တိုက်အပေါ် ထပ်ကရော၊ ဘေးတိုက်ခန်းကပါ သူတို့ကို မုန့်ကလေး တွေ လာကျွေး ကြတဲ့အကြောင်း၊ အလုံးအလုံးဖြူဖြူ လေးတွေနဲ့ စားလိုက်ရင်ချိုတယ်လို့ ပြောပြ ပါတယ်။ လူကောင်းလေးတွေလည်း ရှိတာပဲလို့ မှတ်ချက်ပြုပါတယ်။ သူတို့စားလိုက်တာက သင်္ကြန်မှာလုပ်စားကြတဲ့ မုန့်လုံး ရေပေါ်လေးတွေ ဖြစ်မှာပါ။ ဘယ်သူပဲဖြစ်ဖြစ် လူကြီးသူမတွေ ကို အရို အသေပေးတတ်တဲ့ မြန်မာ့ ဓလေ့ဟာ မြတ်နိုးစရာပါ။ တစ်နေ့ကကြည့်မိတဲ့ တီဗွီအစီအစဉ်တစ်ခုမှာလည်း “လိုရင်ယူ၊ ပိုရင်လှူ” အစီအစဉ်တစ်ခုလာပါတယ်။ ဓနနဲ့ ပတ်သက်ရင် အများကြီးကြွယ်ဝနေတာ မဟုတ်ပေမယ့်၊ အလှူနဲ့ပတ်သက်ရင် မြန်မာက ထိပ်ဆုံးမှာရှိနေတာကို ကမ္ဘာ ကေ တာင် သိကြတာ ကြာပါပြီ။ မြန်မာတွေ ဘယ်လောက်ပဲဆင်းရဲနေပါစေ၊ အချင်းချင်းရိုင်းပင်းကြတဲ့ စိတ်ကလေး တွေက မြတ်နိုးစရာပါ။ တစ်ချို့တစ်လေတော့ ဆယ်စုနှစ်များစွာမှာ စစ်အာဏာရှင်တွေရဲ့ ပုံသွင်းတာ၊ ဟန်ဆောင်မှုတွေ၊ တစ်လွဲ ပုံဖျက်မှု တွေကြောင့် ပျက်စီးကောင်း ပျက်စီးနေတာရှိမှာပါ။ မိသားစုချင်းမှာတောင် စိတ်သဘောမတိုက်ဆိုင်မှုတွေ ရှိပါတယ်။ လူမျိုးဒီလောက်စုံလင်နေတဲ့ မြန်မာပြည်ကြီးမှာ၊ စစ်အာဏာရှင်တွေရဲ့ ခွဲခြားဆက်ဆံရန်တိုက်မှု ဗျူဟာဒီလောက်ရှိနေတဲ့ မြန်မာပြည်ကြီးမှာ အတွေးမှားမိတာတွေ၊ ပွန်းတိုက်မှုတွေရှိတယ်ဆိုတာ သဘာ၀ ကျပါတယ်။ ဒါပေမယ့် အခုထက်ထိ လုံးဝမခေါ်မပေါင်းရလောက်အောင် လူမျိုးနဲ့ချီပြီး နာကျည်းမှုမရှိတာက အပေါင်းလက္ခဏာပါပဲ။
တစ်ဘက်မှာ ကြီးသူ ရိုသေ၊ ငယ်သူသနား၊ ပရဟိတ စိတ်ထားတွေ၊ လွတ်လပ်ခြင်း၊ တရားမျှတခြင်း၊ အချင်း ချင်း တန်ဖိုး ထားခြင်း ဆိုတဲ့ ကောင်းမွန်တဲ့ မြန်မာ့ဓလေ့ မြန်မာ့စိတ်ရင်း၊ မြန်မာ့အပြုအမူတွေ တွေ့နေရပါ သေးတယ်။ အဖိနှိပ်ခံတွေ အချင်း ချင်း ရိုင်းပင်းကူညီကြတဲ့ စိတ်တွေ၊ အပြုအမူတွေဟာ ရင်ထဲအရောက် ခံစား စေပါတယ်။ မြတ်နိုးတန်ဖိုးထားရမယ့် ဓလေ့လေးတွေဖြစ်ပါတယ်။ ရှေ့အနာဂတ်မှာ စစ်အာဏာရှင်တို့ရဲ့ခွဲခြားဆက်ဆံမှုတွေ၊ မနာလိုစိတ်နဲ့ ကလိမ်ကကျစ်စိတ်တွေ၊ လူမဆန်တဲ့ရက်စက်မှုတွေကို အမြစ်ကလှန်ပစ်ရမှာ ရှိသလို၊ ခေတ်သစ်အထိ ဆက်လက်သယ်ဆောင်သွား ရမယ့် မြန်နိုးစရာ မြန်မာ့ဓလေ့တကယ်ပဲ ရှိနေပါသေး တယ်လို့ မြန်မာ့နှစ်သစ် ၁၃၈၃ ခုနှစ်၊ နှစ်သစ် မနက်ခင်းမှာ ခံစားမိပါတယ်။ ၁၇၊ ဧပြီ၊ ၂၀၂၁