News

တကယ်ညီရင် ပွဲပြတ်ပါတယ်

By TheLisuTimes

May 15, 2021

EAO တွေအနေနဲ့ ညီညွတ်ကြမယ်ဆိုရင် စစ်အာဏာရှင် ချုပ်ငြိမ်းအောင် လုပ်နိုင်မယ်လို့ ကေအန်ယူ ဒုဥက္ကဋ္ဌဟောင်း၊ လက်ရှိ KNU Concerned Group ရဲ့ နော်စီဖိုးရာစိန်က ပြောဆိုလိုက်ပါတယ်။ KNU Concerned Group ရဲ့ နော်စီဖိုးရာစိန်နဲ့ မေးမြန်းချက်မှာ အောက်ပါအတိုင်း ဖြေဆိုတားပါတယ်။“NCA လက်မှတ်ထိုးထားတဲ့ ၁၀ ဖွဲ့ထဲက တချို့ဟာ စာချုပ်မပျက်သေးဘူးလို့ ထင်နေကြ တယ်။ လက်တွေ့မှာတော့ NCA ဟာ မရှိတော့ဘူး။ ဘာကြောင့် ကျမဒီလို ပြောနိုင်ရတာလဲ။ NCA လက်မှတ်ထိုးတာ မြန်မာစစ်တပ်ရယ်၊ အရပ်သား အစိုးရရယ်၊ တိုင်းရင်းသား လက်နက်ကိုင်တချို့ရယ်။ မြန်မာစစ်တပ်က NCA ကို စတင်ချိုးဖောက်တာ ဖြစ်တယ်။ စာချုပ် လက်မှတ်အတူတူ ထိုးထားတဲ့ အရပ်သားအစိုးရကို ဖယ်ရှားပြီး အာဏာသိမ်းလိုက်တယ်။ အဲဒီမှာ NCA ငါးပါးမှောက်တာပဲ။ စာချုပ်ကိုင်ပြီး ဘယ်သူနဲ့ စကားပြောညှိနှိုင်းရမလဲ မေးစရာ ရှိလာတယ်။ စစ်တပ်နဲ့လား။ စာချုပ် ပြဌာန်းချက်အရ ညှိနှိုင်းဖို့ဆို (အစိုးရ/စစ်တပ်/EAO) သုံးဖွဲ့စလုံးပါဖို့ လိုတယ်။ နိုင်ငံရေး ပြဿနာ တွေဟာ မြန်မာစစ်တပ်၊ EAO နဲ့ အစိုးရ သုံးပွင့်ဆိုင် ညှိနှိုင်းဖြေရှင်းရမှာဖြစ်တယ်။ တိုင်းပြည်အာဏာကို အင်အားသုံး သိမ်းယူလိုက်တယ်ဆိုကတည်းက မြန်မာစစ်တပ်ဟာ NCA ကို တရားဝင် ချိုးဖောက်လိုက်ပြီးသား ဖြစ်သွားခဲ့ပြီ။ ”ဒါ့အပြင် အန်စီအေစာချုပ်အရ နိုင်ငံသားတွေကို ကာကွယ်စောင့်ရှောက်ဖို့ သေချာပြဋ္ဌာန်းထားပြီး နှိပ်စက်တာတွေ မလုပ်ဖို့ ပါဝင်ပေမယ့် စစ်ကောင်စီဟာ ကိုယ်ပေးထားတဲ့ ကတိကိုယ်ပြန်ချိုးဖောာက်ပြီး နိုင်ငံသားတွေကို ရက်ရက်စက်စက်သတ်ဖြတ်နေတဲ့အတွက် မိမိနိုင်ငံသားကို ပြန်သတ်တဲ့ စစ်အာဏာရှင်နဲ့ ဘယ်လို အပေးအယူလုပ်ဆောင်မလဲဆိုပြီးလည်း မေးခွန်းထုတ်ထားပါတယ်။“ဒီလို ကိုယ့်နိုင်ငံသား ကိုယ်ပြန်သတ်တဲ့ စစ်အာဏာရှင်နဲ့ ဘယ်လိုအပေးအယူလုပ်မှာလဲ။ ကျမအမြင်ပြောရရင် EAO တွေ သေသေချာချာ စဉ်းစားကြဖို့ပဲ။ ကျမတို့ လုပ်သင့်တာက ဒီအကြမ်းဖက် စစ်အာဏာာရှင် ပြိုလဲဖို့ဖြစ်တယ်။ သူတို့ကို ပြန်လှန်တိုက်ရဲဖို့လိုတယ်။ လက်နက်ကိုင်တိုက်ပွဲဝင်ခြင်းဟာ စစ်အာဏာရှင်ကို အမြစ်ဖြတ်ဖို့ တခုတည်းသော နည်းလမ်းတော့ မဟုတ်ဘူး။ နည်းလမ်းအသွယ်သွယ်ရှိတယ်။ ကျမတို့ EAO တွေ ညီညွတ်ကြမယ်ဆိုရင် စစ်အာဏာရှင် ချုပ်ငြိမ်းအောင် လုပ်နိုင်မယ်။ ”ဒါ့အပြင် KNU Concerned Group အနေနဲ့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ CRPH ကို စောင့်ကြည့်ခဲ့ပြီး CRPH က ဖွဲ့စည်းလိုက်တဲ့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ကို ထောက်ခံကြောင်းပြောပါတယ်။ “ရှင်းရှင်းပြောရရင် ကျမတို့ CRPH ကို အကဲခတ်တယ်။ ပထမဆုံး သူတို့ မြန်မာစစ်တပ်ကို ဆန့်ကျင်တယ်။ ဒုတိယ ၂၀၀၈ အခြေခံဥပဒေကို ဖျက်သိမ်းတယ်။ ကျမတို့က NLD အစိုးရလက်ထက်ကတည်းက ၂၀၀၈ အခြေခံ ဥပဒေကို ဖျက်သိမ်းနိုင်လိမ့်မယ်လို့ မျှော်လင့်ခဲ့တာ။ ဒါပေမဲ့ သူတို့ မတတ်နိုင်ခဲ့ဘူး။ အခု CRPH က ၂၀၀၈ အခြေခံ ဥပဒေကို ဖျက်သိမ်းကြောင်း တရားဝင် ကြေညာလိုက်ပြီ။ ဒါဟာ ကျမတို့တော်လှန်ရေးရဲ့ ချဉ်းကပ်မှုနဲ့ ကိုက်ညီတဲ့ လုပ်ရပ်ကောင်းပဲဖြစ်တယ်။ တတိယ အနေနဲ့ မြန်မာစစ်တပ်ကို အကြမ်းဖက်အဖွဲ့အဖြစ် ကြေညာတယ်။ အရင်တုန်းက မြန်မာစစ်တပ်က တိုင်းရင်းသားတွေအပေါ် ရက်စက်ကြမ်းကြုတ် အကြမ်းဖက်တာတွေ လုပ်ခဲ့ပေမဲ့ လူမသိဘူး။ မြို့ပြနေ ပြည်သူတွေဟာ စစ်တပ်ရဲ့ ရက်စက်အကြမ်းဖက်တာကို သတိမပြုမိကြဘူး။ ခု သူတို့ရဲ့ ရက်စက်မှုတွေကို မြို့ကြီးတွေမှာ တွေ့လာရတယ်။ CRPH က သူတို့ကို အကြမ်ဖက်အဖွဲ့လို့ ကြေညာတယ်။ ဒါကို ကျမတို့ ထောက်ခံတယ်။ လူထုကြီး ဒီကနေ့ ခံစားနေရတာတွေဟာ အရင်က ကျမတို့ ခံစားခဲ့ရတဲ့ အတိုင်းပဲ။ မြန်မာစစ်တပ်ကို အကြမ်းဖက်အဖွဲ့အဖြစ် ကြေညာတာ ကျမတို့တော်လှန်ရေးအတွက် ကောင်းတယ်။ ဒီအတွက် ကျမတို့ထောက်ခံတယ်။ ”NUG အနေနဲ့ အနာဂတ် ဖက်ဒရယ်ပြည်ထောင်စုအတွက် မူဘောင်ချပြထားတဲ့အတွက် ဖယ်ဒရယ် ပြည်ထောင်စု ဖြစ်ထွန်းလာအောင် ကူညီနေကြောင်းလည်း ပြောပါတယ်။“NUG မှာ NLD အဖွဲ့ဝင်တွေ မြန်မာတွေချည်းပဲ မဟုတ်ဘူး။ အနာဂတ် ဖက်ဒရယ် ပြည်ထောင်စုအတွက် မူဘောင်ကို ချခင်းပြထားတယ်။ နံပါတ် (၁) NUG က ဖက်ဒရယ် အခြေခံဥပဒေ ရေးဆွဲဖို့ သဘောတူတယ်။ ၁၉၉၀ ရွေးကောက်ပွဲက ရွေးကောက်ခံ အမတ်တွေနဲ့ အရပ်ဖက် လူ့ဘောင်မှ ပါဝင်ပြီး ဖက်ဒရယ်အခြေခံဥပဒေ ဒုတိယမူကြမ်း ရေးထားတာရှိတယ်။ ပြီးတော့ ဒေါက်တာ လျံမှုန်းဆာခေါင်းကို ဖက်ဒရယ်ရေးရာ ဝန်ကြီးအဖြစ် ခန့်အပ်တယ်။ သူက ချင်းလူမျိုး။ အရင် တိုင်းရင်းသား လက်နက်ကိုင်တွေ ဖက်ဒရယ်အခြေခံဥပဒေ မူကြမ်း ရေးတဲ့အထဲမှာလည်း သူပါခဲ့တယ်။ အရင် အမျိုးသားဒီမိုကရက်တစ် တပ်ပေါင်းစု (NDF)၊ ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) မှာလည်း သူပါခဲ့တယ်။ သူလိုလူမျိုးကို တိုင်းရင်းသား ကိုယ်စားလှယ်အဖြစ် NUG ထဲမှာ ရထားတာဟာ ကျမတို့အတွက် အင်အားပဲ။ ပြီးတော့ ဖက်ဒရယ် အခြေခံဥပဒေတခု ရေးဆွဲဖို့ တိုင်းရင်းသား အဖွဲ့တွေနဲ့ NUG သဘောတူပြီးဖြစ်တယ်။ ”“….ဗမာပြည်က အခြားတိုင်းပြည်တွေနဲ့ မတူဘူး။ ဒီမှာက လူမျိုးစုံနေတဲ့တိုင်းပြည်။ ဒါကြောင့် ကျမတို့ တော်လှန်ရေး အောင်မြင်ဖို့ မိတ်ဆွေရှာဖို့လိုတယ်။ ဒီစစ်အာဏာရှင် လက်အောက်မှာ ကျမတို့နဲ့ အတူတူ ခံစားဖူး နှိပ်စက်ခံဖူးတဲ့ အပေါင်းအသင်းတွေ ရှာရမယ်။ သူတို့ဟာ ကျမတို့ရဲ့ မိတ်ဆွေတွေဖြစ်တယ်။ သူတို့နဲ့ မိတ်ဖွဲ့ဖို့လိုတယ်။ ဒါဟာ အောင်ပွဲခံဖို့အတွက် KNU ရဲ့ တော်လှန်‌ရေးလမ်းကြောင်း နိုင်ငံရေး လမ်းကြောင်းပဲ။ နောက်ပြီး KNU ကို မဆန့်ကျင်ဘူး မြန်မာစစ်အာဏာရှင်ကို ဆန့်ကျင်တယ်ဆိုတဲ့ အဖွဲ့တွေကို ရှာဖွေရယ်။ သူတို့ဟာလည်း ကျမတို့မိတ်ဆွေပဲ။ သူတို့နဲ့ မဟာမိတ် ဖွဲ့ရမယ်။ CRPH နဲ့ NUG ထူထောင်မှုဟာ ကျမတို့ တော်လှန်ရေး နဲ့ နိုင်ငံရေး ချဉ်းကပ်မှုအတွက် အရင်ခေါင်းဆောင်တွေ (ယခုခေါင်းဆောင်တွေကို ပြောတာမဟုတ်ဘူး) ချမှတ်ထားခဲ့တဲ့ လမ်းစဉ်နဲ့ ကိုက်ညီတယ်။ ဒီချဉ်းကပ်မှုဟာ ဒီကနေ့အထိ ဘောင်ဝင်ဆဲ လက်တွေ့ ကျင့်သုံးဆဲ ဖြစ်တယ်။ CRPH နဲ့ NUG ဟာ စစ်အာဏာရှင် အဆုံးသတ်ရေး လုပ်‌ဆောင်တာဖြစ်တယ်။ ကျမတို့နဲ့ မဆန့်ကျင်ဘူး။ ဒီတော့ ကျမတို့ သူတို့နဲ့ အလုပ်လုပ်နိုင်တယ်။ သူတို့အလုပ် အောင်မြင်ဖို့ ကူညီတယ်။ ”