(၁) ဆရာကိုယ်တိုင် ကိုယ်ရေးအကျဉ်းလေး မိတ်ဆက်ပေးပါဦး။
ကျွန်တော့်နာမည်က လာမာထီးပါ။ မိဘတွေက ဦးလာလေးနဲ့ ဆရာမ ဒေါ်ရွှေမူဝူပါ။ အသက်ကတော့ ၄၆နှစ်ပါ။ ဇာတိက မြောက်ပိုင်းရှမ်းပြည် မိုးမိတ် ဘော်ဒေရွာပါ။ ၂၀၁၉ ခုနှစ်ကစပြီး Luther Seminary, St. Paul, Minnesota, USA မှာ Master of Arts, Bible Concentration ကိုတက် ရောက်သင်ကြားခဲ့ပါတယ်။
(၂) အမေရိကားမှာ အခုနောက်ဆုံး ဆရာယူခဲ့တဲ့ဘွဲ့ နဲ့ ပတ်သက်ပြီး နဲနဲပြောပြလို့ရမလား။ ဘယ်လိုစာတမ်းမျိုးတွေ ရေးဖြစ်ပါသလဲ။ အမေရိကားရဲ့ ခရစ်ယာန်ပညာရေးပုံစံတွေက မြန်မာပြည်နဲ့ ဘယ်လိုများ ခြားနားပါသလဲ။
ကျွန်တော်ယူတာက Master of Arts, Bible Concentration ဆိုတော့ သမ္မာကျမ်းစာနဲ့ပတ်သက်တဲ့ အကြောင်းအရာတွေကို အဓိကသင်ကြားရပါတယ်။ ၂ နှစ်ပရိုဂရမ်ပါ။ ကျွန်တော်ရေးခဲ့တဲ့ စာတမ်းတွေက Thesis တော့မဟုတ်ပါဘူး။ ဒီကအခေါ်အရ ဆိုရင် Capstone Project ပါ။ စာတမ်း ၂ စောင်ပြုစုရပါတယ်။ ကျွန်တော့်အလုပ်က သမ္မာကျမ်းစာဘာသာပြန်တာဆိုတော့ ကျမ်းစာဘာသာပြန်တာနဲ့ပတ်သက်တဲ့ စာတမ်းတွေရေးခဲ့ပါတယ်။ တစ်ခုကကျမ်းစာဘာသာပြန်တဲ့ သီအိုရီအကြောင်းနဲ့ နောက်တခုကတော့ ကျမ်းစာဘာသာပြန်ခြင်းရဲ့အကျိုးအပြစ်တွေအကြောင်းပါ။ USA တခုလုံးက ခရစ်ယာန်ပညာရေးတခုလုံးကိုတော့ကျွန်တော်ခြုံငုံပြီးမပြောနိုင်သေးပါဘူး၊ဒါပေမဲ့ ကျွန်တော်တက်ခဲ့တဲ့ကျောင်းရဲ့ခြေအနေအရဆိုရင် သင်ကြားသူရော သင်ယူသူပါ အင်မတန်မှ လေးလေးနက်နက်ရှိကြပါတယ်။ ပရောဖက်ဆာတွေကသူတို့အထူးပြုထားတဲ့ဘာသာရပ်တွေကိုအမြဲ စာအုပ်ထုတ်ပုံနှိပ်ထုတ်ဝေနေကြတဲ့သူတွေပါ။ သူတို့အထူးပြုထားတဲ့ဘာသာရပ်တွေမှာပညာရှင် တွေပါ။လူငယ်တွေအများကြီး တက်ရောက်သင်ကြားနေတာတွေ့ရလို့ သူတို့အသင်းတော်အနာဂတ် အတွက်ဝမ်းသားစရာပါ။ ကျွန်တော်တက်ခဲ့တဲ့ကျောင်းက liberal ကျောင်းဆိုတော့ LGBTQS တွေကိုလက်ခံပါတယ်။ သူတို့အထဲက ပါစတာ တွေလည်းအများကြီးရှိပါတယ်။ ခြုံပြီးပြောရရင် ဒီကျောင်းက Academic ကိုလေးလေးနက်နက်လုပ်ဆောင်တဲ့ကျောင်းပါ။ အမြဲတမ်း ခေတ်နဲ့လျှော်ညီအောင်သင်ရိုးညွှန်းတမ်းတွေကိုလည်းသေသေချာချာပြုစုကြတာကတော့အကောင်း ဆုံးအချက်ပါပဲ။
(၃) ဆရာက ယုံကြည်ချက်ဆိုင်ရာမှာလည်း ရှင်းရှင်းဘွင်းဘွင်း ပြောတတ်ဆိုတတ်တာကို တွေ့မိပါတယ်။ ဆရာ့အနေနဲ့ ဘဝမှာ တန်ဖိုးအထားဆုံးအရာတွေက ဘာတွေဖြစ်မလဲ။ ခရစ်ယာန် ယုံကြည်သူအသိုင်းအဝန်းကို ဆရာက ဘယ်လိုပုံစံမျိုး ဖြစ်နေစေချင်ပါသလဲ။
ရိုးဂုဏ်၊ ပွင့်လင်းတာ၊ အပေါ်ယံမဟုတ်တဲ့မိတ်ဆွေစစ်တွေ၊ အမှားကိုထောက်ပြတဲ့မိတ်ဆွေတွေ၊ လူကိုလူလိုမြင်ခြင်း၊ စာဖတ်ခြင်း၊ကျိုးကြောင်းဆီလျှော်အောင်ဝေဖန်ဆင်ခြင်သုံးသပ်တာတွေနဲ့ သိပ္ပံပညာပါပဲ။ ခရစ်ယာန်တိုင်းကိုအနည်းဆုံး Theology ကျောင်းတစ်ခုလောက်တော့ကျောင်းတက် စေချင်တယ်။ သမ္မာကျမ်းစာကို literally မဟုတ်ပဲ meaningfully and spiritually နားလည်တဲ့အသိုင်း အဝိုင်းဖြစ်စေ ချင်တယ်။ သမ္မာကျမ်းစာကို မျက်စိစုံမှိတ် လက်ခံတာထက်သေသေချာချာလေ့လာသုံး သပ်ပြီးယုံကြည် သက်ဝင်တဲ့အသိုင်းအဝိုင်းဖြစ်စေချင်တယ်။
(၄) ဆရာ့ကို ဘာသာစကားတော်တော်များများ ကျွမ်းကျွမ်းကျင်ကျင် ပြောတတ်တဲ့သူတစ်ဦး၊ Payap တက္ကသိုလ်ဆင်း ဘာသာဗေဒသုတေသီတစ်ဦးအနေနဲ့လည်း သိထားပါတယ်။ လီဆူစကားနဲ့ပတ်သက်ပြီး ယနေ့ဘာတွေစိန်ခေါ်မှုရှိနေပါသလဲ။ လီဆူတွေ သိသင့်တာလေး ပြောပြပေးလို့ရမလား။
လီဆူစကားရဲ့စိန်ခေါ်မှုကတော့ မြို့နေလီဆူတွေ လီဆူလိုပြောတတ်ရေးတတ်တာတဖြည်းဖြည်း နည်းပါးလာပြီ။ အကြောင်းအရင်းကတော့ လီဆူတွေက လိုတာထက် အများသုံးစကား LWC (Language of Wider Communication) ကိုတတ်တာက ထမင်းကျွေးလို့ပါပဲ။ မိဘတွေကိုယ်၌ကလီဆူ စကားကိုသားသမီးတွေကိုမပြောတာကစပါတယ်။ လီဆူစကားဟာ ကျမ်းစာ၊ ဓမ္မသီချင်းတွေရှိပေမဲ့ Written Language အနေအထားထက် Spoken Language အနေအထားမှာပဲရှိပါသေးတယ်။ စာပေကဏ္ဍကိုတိုးတက်အောင်မလုပ်နိုင်တာကိုတွေ့ရတယ်။ ရေးတဲ့သူတွေကဖတ်တဲ့သူမရှိဘူးလို့ ပြောပြီး၊ ဖတ်တဲ့သူတွေကရေးတဲ့သူတွေမရှိဘူးလို့ပြောကြပါတယ်။ ကျောက်မှော်တွေကြောင့် မြောက်၊ အလယ်၊ တောင်လီဆူတွေလွန်ခဲ့တဲ့ဆယ်စုနှစ်တွေမှာထိတွေ့မှုပိုများလာပြီး အခုဆယ်စုနှစ်မှာ တော့ ပိုအဆင်ပြေလာတဲ့လမ်းပန်းဆက်သွယ်ရေးနဲ့ နည်းပညာကျေးဇူးကြောင့်ထိတွေ့မှုတွေပို အားကောင်းလာပြီးလီဆူစကားကလားရာတခုစီကိုဦးတည်နေပါတယ်။ အဲဒီမှာပညာရေး၊ မီဒီယာ၊ လူမှုရေး၊ နိုင်ငံရေးနဲ့စီးပွါးရေးမှာပိုအားသန်တဲ့လီဆူစကားက စံစကားအဖြစ်တဖြည်းဖြည်းသတ်မှတ် မှန်းမသိသတ်မှတ်လာနေကြပါတယ်။ အမြတ်ကတော့လီဆူစကားအစုံကိုလီဆူအများစုထိတွေ့ခွင့်ရလိုက်တာပါပဲ။
(၅) တကယ်လို့ ဆရာကအခုလုပ်နေတဲ့ လမ်းကြောင်းမဟုတ်ခဲ့ရင် ဘဝမှာ ဘာတွေလုပ်ဖို့စဉ်းစားမိပါသလဲ။ တစ်ခြား ဝါသနာပါရာအလုပ်က ဘာတွေရှိသေးလဲ၊ ဘာတွေလုပ်ဖြစ်နေမယ်ထင်ပါသလဲ။
ငယ်ငယ်ကအိမ်မက်ကတော့လေတပ်အရာရှိပါ။ နောက်တော့ကိုယ်ပိုင်စစ်တပ်ရှိတဲ့မူးယစ်ရာဇာ ပေါ့။ နောက်တော့စာရေးဆရာပါ။ ဝါသနာကတော့ငှက်သုတေသီတစ်ယောက်ပါ။ အခုတော့ စာတွေ၊ ကဗျာတွေရေးဖြစ်မယ်ထင်တာပဲ။ ဒါပေမဲ့အဓိကအလုပ်ကတော့ သမ္မကျမ်းစာဘာသာပြန်တဲ့ အလုပ်ပါ။
(၆) တစ်ခါတစ်လေ ဆရာက မြန်မာပြည်ရဲ့အခင်းအကျင်းကို စာတိုပေစတွေနဲ့ ထောက်ပြတာတွေတွေ့ပါတယ်။ မြန်မာပြည်နိုင်ငံရေးအခင်းအကျင်းကို ဘာသာရေးဆရာသမား ရှုထောင့်ကနေ သုံးသပ်ချက်ပေးလို့ရမလား။ ပြဿနာရင်းမြစ်ကဘာလဲ။ အဖြေကောရှိပါသလား။ ဘာတွေပြောင်းလဲ သင့်ပြီလဲ။
မြန်မာနိုင်ငံသားအများစုဟာထေရဝါဒဗုဒ္ဓဘာသာ ကိုလေးလေးနက်နက်နားလည်လက်ခံပြီးကိုင်းရှိုင်းနေကြ တာမဟုတ်ပါဘူး။ အများစုဟာမိရိုးဖလာထုံးတမ်းလောက်ပဲကိုးကွယ်နေကြတာပါ။ အဲဒါကြောင့်ဗုဒ္ဓရဲ့ တိုင်းပြည်နဲ့လူမျိုးကို အကျိုးပြုမဲ့တရားတွေကိုခေတ်အဆက်ဆက်အုပ်ချုပ်ခဲ့ကြတဲ့အုပ်ချုပ်သူတွေလှစ်လျူရှုခဲ့ကြတာပါ။ မြန်မာ့နိုင်ငံရေးသမားအများစုဟာလူမျိုးဘာသာနဲ့နိုင်ငံ့အရေးသွေးလေမကွဲကြပါ ဘူး။ ကောင်းမွန်သမ္မာသမတ်ကျတဲ့ဘာသာရေးသွန်သင်မှုမရှိတဲ့သူ၊ လူသားချင်းစာနာထောက်ထား တတ်တဲ့အတွေးအခေါ်အမျှော်အမြင်တွေမရှိတဲ့သူ တွေခေတ်အဆက်ဆက်အုပ်ချုပ်ခဲ့တဲ့နိုင်ငံရေးပါ။အသင်းတော်ကတော့ နိုင်ငံရေးဟာလောကီအရေးမို့ လောကုတ္တရာနဲ့မဆိုင်ဆိုပြီးနိုင်ငံရေးအကျပ် အတည်းရှိတိုင်းပုတ်ထုတ်ပါတယ်။ အသင်းတော်ဟာလူမှု့ရေး၊နိုင်ငံရေး၊စီးပွါးရေးနဲ့တိုင်ရိုက်ပတ်သက် နေတာကိုမသိချင်ယောင်ဆောင်နေကြပါတယ်။မှားနေတဲ့စနစ်နဲ့အတွေးအခေါ်တွေကိုပြုပြင်ပြောင်းလှဲ တဲ့နေရာမှာအသင်းတော်ရဲ့ပါဝင်တဲ့အခန်းကဏ္ဍက အင်မတန်မှနည်းပါးလွန်းပါတယ်။ နိုင်ငံရေးပြုပြင် ပြောင်းလှဲတဲ့နေရာမှာ အသင်းတော်နဲ့အမှုတော်ဆောင်တွေဟာဦးဆောင်တဲ့ကဏ္ဍမှာပါဝင်ရမှာပါ။မြန်မာ့ ပြဿနာအရင်းအမြစ်ကတော့လူမျိုးကြီး၊ ဘာသာကြီးဝါဒကြောင့်ပါ။ ဗုဒ္ဓဘာသာဗမာလူမျိုးကြီးဝါဒကြီးစိုးမှု ကျရှုံးခဲ့ရင်တောင်နောက်ထပ်လူမျိုးကြီးဝါဒပေါင်း ၁၃၆ ခုကျန်ပါသေးတယ်။ ဗမာတွေလူမျိုးကြီးဝါဒရှိသလို၊ မိမိလူမျိုးနာမည်နဲ့ပြည်နယ်ရှိကြသောလူမျိုးများဟာလည်း၎င်း ပြည်နယ်တွေရဲ့လေပေါ်လေအောက်၊ ရေပေါ်ရေအောက်၊ မြေပေါ်မြေအောက်အားလုံးဟာသူတို့ရဲ့ဘိုးဘွားပိုင်များလို့သတ်မှတ်နေကြတုန်းပါ။ အခွင့်မသာလို့သာငြိမ်နေကြပေမဲ့အခွင့်သာလာရင် ခေါင်းထောင်လာမှာပါပဲ။ လူမျိုးရေးဘာသာရေးမုန်းတီးမှု၊ အပြန်အလှန်ယုံကြည်မှုမရှိတာကအဓိက တရားခံပါပဲ။စစ်တပ်ကအိမ် ကြီးထဲအိမ်ငယ်ကိုဆယ်စုနှစ်နဲ့ချီပြီးစနစ်တကျဆောက်ထားလို့ပါပဲ။ မြန်မာပြည်ထဲမှာစစ်တပ်တိုင်းပြည်/စစ်တပ်အင်ပါယာဆောက်ထားလို့ပါ။အဖြေကတော့လူမျိုးဘာသာကိုအခြေမခံပဲ နိုင်ငံသားကိုအခြေခံတဲ့နိုင်ငံရေးစနစ်ပေါ်ပေါက်လာမှသာ တကယ်အရွေ့တစ်ခုကိုရောက်ရှိနိုင်ပါမယ်။ အခုအနေအထားကနေ ပြောင်းလဲလာမှာပါ။ လောလောဆယ် စစ်တပ်အင်ပါယာကိုဖြုတ်ချနိုင်ရင်အဖြေတစ်ချို့ထွက်ပါပြီ။
(၇) ဆရာက လီဆူလူမျိုးတစ်ယောက်အနေနဲ့ လီဆူခေါင်းဆောင်တွေ၊ လီဆူသူဌေးသူကြွယ်တွေကို ( ပြောခွင့်ရမယ်ဆိုရင်) ဘာများတောင်းဆိုချင်ပါသလဲ။ ပြီးတော့ အခုတက်သစ်စ လီဆူလူငယ် လေးတွေကို ဘယ်လိုလမ်းကြောင်းပေး၊ အားပေးချင်ပါသလဲ။
လီဆူသူဌေးတွေကိုတော့ Foundation- ဖေါင်ဒေးရှင်းများများထောင်ကြပါလို့ပဲပြောချင်ပါတယ်။ ပညာရေး၊ နိုင်ငံရေး၊ အသက်မွေးဝမ်းကျောင်းအတတ်သင်တာတွေကိုကူညီထောက်ပံ့ပေးနိုင်မယ့် ဖေါင်ဒေးရှင်းများများရှိရင်လီဆူတွေအတွက်ပိုကောင်းမှာပါ။ အဓိကကတော့ပညာသင်စားရိတ်တွေကိုစနစ်တ ကျပံ့ပိုးပေးနိုင်ရင်လူမျိုးအတွက်အင်မတန်အကျိုးရှိမှာပါ။တက်သစ်စလူငယ်တွေကိုတော့ နိုင်ငံခြားဘာသာစကား (အထူးသဖြင့် အင်္ဂလိပ်စာ)ကိုသင်ယူစေချင်ပါ တယ်၊ဘာလို့လဲဆိုတော့ အသက်မွေးဝမ်းကျောင်းတဲ့အတတ်ပညာအများစုကို ဒီစာတွေနဲ့ပဲရေးသား ထားလို့ပါ (ဥပမာ၊ သိပ္ပံစာပေတွေ၊ ဆေးကျောင်းကစာတွေကိုမြန်မာစာနဲ့ စုံလင်အောင် မရေးနိုင်သေးပါဘူး)။ ဘာသာစကားကို ကျွမ်းကျင်ပိုင်နိုင်မှသင်ကြားမှုကိုကြေကြေညက်ညက်နားလည်သဘောပေါက်နိုင်မှာ ပါ။ ဘယ်သူငါ့ကို ကူညီလာမလဲဆိုတာထက် ငါ့ဖာသာငါရုန်းထွက်မယ်ဆိုတဲ့အတွေးမျိုးရှိမှသာရပ်တည် နိုင်မှာပါ။ ထိုးဖောက်နိုင်မှာပါ။
(၈) စာဖတ်သူတွေကို ဘာများ ထပ်ပြောပြချင်ပါသေးသလဲ။
အမြင်ကျဉ်းပြီးအကျဉ်းမြင်တဲ့လူမျိုးစွဲ၊ ဘာသာစွဲတွေကိုခဝါချပြီးအမြင်ကျယ်ကျယ်နဲ့လူသားဆန် ဆန် ငါ့လူ့သက်တမ်းမှာငါနေတဲ့ပတ်ဝန်းကျင်မှာဘာကောင်းတာလေးတခုလုပ်ခဲ့မလဲလို့တွေးပြီးအဓိပ္ပါယ်ရှိရှိအသက်ရှင်နိုင်ကြပါစေ။ ကျေးဇူးတင်ပါတယ်။