လူထုဟာ ငြိမ်းချမ်းစွာ ဆန္ဒပြနေပါလျှက်နှင့် အကြမ်းဖက်အုပ်စုက သပိတ်ဖြိုခွင်းမှုများ၊ ပစ်သတ်မှုများကြောင့် အာဏာလုယူခဲ့သော နေ့မှစ၍ ၄၄ ရက်မြောက်သောနေ့မှာ ပြည်သူဘက်က ခုခံစစ်ကို မတတ်သာဘဲ စတင်နေပြီဖြစ်ပါတယ်။
မတ်လ ၁၄ ရက်နေ့ တင်္နဂနွေနေ့အထိ၊ စစ်ကောင်စီအာဏာလုပြီးနောက် ၄၄ ရက်အတွင်း စစ်ကောင်စီက ပြည်သူလူထုကို အများပြည်သူပိုင် လမ်းပေါ်မှာ၊ အိမ်ထဲမှာ ပစ်သတ်လိုက်တာချည်းပဲ အတည်ပြုပြီးသူ (၁၀၇) ယောက်၊ ခန့်မှန်းက ရာကျော်နေပြီဖြစ်ပါတယ်။
နိုင်ငံရပ်ခြားက သပိတ်တွေမှာ နှစ်ဘက်ရင်ဆိုင် သွေးထွက်သံယိုမှု၊ ဆိုင်ဖောက်လုပြေးမှုတွေ များစွာတွေ့ရပေမယ့်၊ ဂျန်ဇီတွေ ကနဦး ဦးဆောင်လာတဲ့ မြန်မာ့နွေဦး တော်လှန်ရေး သပိတ်တွေကတော့ လိမ္မာယဉ်ကျေးပြီး ဒီမိုကရေစီနဲ့ အလွန်ထိုက်တန်ကြောင်း ပြသနိုင်ခဲ့ကြပါတယ်။ သိန်းပေါင်းများစွာ လမ်းပေါ်ရောက်လာခဲ့ပေမယ့်၊ လမ်းမှာ အမှိုက်တစ်စမကျန်အောင် ရှင်းလင်းနိုင်ခဲ့ကြပါတယ်။ ဆိုင်တစ်ဆိုင်မှ ဖောက်တာ မရှိကြပါဘူး။ အဲ့လိုအရိုင်းစိတ်တွေလည်း လုံး၀ မဝင်ခဲ့ကြပါဘူး။ လူငယ်လူရွယ်များစွာက လွတ်လပ်မှု နဲ့ တရားမျှတမှုအတွက် ဉာဏ်ဦးစီးပြီး လက်နက်မဲ့ ဆန္ဒပြခဲ့ကြပါတယ်။
ယနေ့ ဒီစာရေးနေတဲ့ မတ်လ ၁၄ ရက်မှာ လိုင်သာယာမှာ ပစ်ခတ်မှုကြောင့် ၅၀ ဦးထက်မနည်း သေဆုံးတယ်လို့ သတင်းတက်လာပါတယ်။ ဒီလို လက်နက်မဲ့ ကိုယ့်ပြည်သူပြည်သားကို ပစ်သတ်တဲ့ ရက်စက်မှုကို ကမ္ဘာကြီးက မြင်ခွင့်ရခဲ့ပါတယ်။ ပြည်သူလူထုကလည်း တိုင်းရင်းသားတွေရဲ့ တော်လှန်ရေးကို စာနာစိတ်ဝင်ကြပါတယ်။
ပြည်သူလူထုကို ကာကွယ်ရမယ့်အင်စတီကျူးရှင်းက သတ်ဖြတ်နေပြီဆိုရင်၊ ပြည်သူလူထုရဲ့အသက်အိုးအိမ်ကို ဖျက်ဆီးနေပြီဆိုရင် … တိုင်းပြည်မှာ ကိုယ့်ရှင်သန်ရပ်တည်ခွင့်အတွက် ခုခံကာကွယ်ရပါတော့မယ်။ CRPH ကလည်း အကြမ်းဖက်သမားဘေးကနေလွတ်ဖို့ ကိုယ့်ကိုယ်ကိုယ် ခုခံကာကွယ်ခွင့် ရှိတယ်လို့ ကနေ့ မတ်လ ၁၄ ရက်နေ့မှာ အမိန့်ထုတ်ပြန်လိုက်ပါ။
ကနေ့လိုင်သာယာမှာ ခုခံတိုက်ပွဲတွေဖြစ်နေပါတယ်။ ပြည်သူက လေးဂွ၊ ဓါး၊ ဓါတ်ဆီပုလင်းတွေ၊ တုတ်တွေနဲ့ လက်နက်အပြည့်တပ်ဆင်ထားကြတဲ့ ရဲနဲ့စစ်သားအုပ်တွေကို ပြန်ခုခံနေကြပါတယ်။ သေနတ်၊ လက်ပစ်ဗုံး အပြည့်အစုံတပ်ဆင်ထားတဲ့ လက်နက်ကိုင်ကို ရင်ဆိုင်ရန်အတွက် ဓား၊ လေးဂွတွေက အဖြစ်မရှိပါ။ သို့သော် ကိုယ့်ကိုယ်ကိုယ် ကာကွယ်ရန်အတွက် ရရာလက်နက်စွဲကိုင်နေကြခြင်းပဲဖြစ်ပါတယ်။ ပြည်သူရဲ့ သတ္တိကိုလည်း တွေ့မြင်ရမှာဖြစ်ပါတယ်။ မတရားအာဏာလုသူတို့ကို ဆန့်ကျင်တော်လှန်လိုစိတ်၊ ဒီမိုကရေစီကို မြတ်နိုးစိတ်က အထင်းသား ပေါ်လွင်နေပါတယ်။ လှိုင်သာယာက လူမိုက်တွေရဲ့နယ်မြေလို့ဆိုပေမယ့်၊ သူတို့ဟာ လူထုကို ရှေ့တန်းက ကာကွယ်ပေးတဲ့သူတွေဖြစ်လာပါတယ်။ တစ်ချိန်က လူထုရဲ့ နှာခေါင်းရှုံ့ခံကြရတဲ့ လူမိုက်ဂိုဏ်းတွေဟာ ပြည်သူဘက်ကိုရပ်တည်ပေးခဲ့ပြီး၊ ပြည်သူကို ကာကွယ်ပေးရမယ့် ရဲ နှင့် စစ်သားတွေက အကြမ်းဖက်မှုကို ပြုလာတဲ့ မြင်ကွင်းပဲဖြစ်ပါတယ်။
ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြု ကော်မတီက စေလွှတ်ထားတဲ့ ကုလသမ္မဂအထူးကိုယ်စားလှယ် ဒေါက်တာဆာဆာက “ယူအင်မှာ တရုတ်နဲ့ ရုရှားက ကန့်လန့်တိုက်နေလို့ ယူအဲန်အနေနဲ့ မြန်မာပြည်သူတွေကို ကာကွယ်ပေးဖို့ တာဝန်ပျက်ကွက်နေတဲ့အခါ၊ အခြားသော လူသားချင်းစာနာတတ်တဲ့ နိုင်ငံ တစ်နိုင်ငံချင်းကို လိုက်လံစကားပြောနေပြီ၊ ခဏပဲသည်းခံပေးပါလို့ ဆိုပါတယ်။ တစ်ဘက်မှာ အာဏာလု စစ်ကောင်စီအတွက်လည်း လမ်းဖွင့်ထားပေးပါတယ်။ လမ်းဆုံးရင် ခံရမယ်။ လက်မြှောက်တဲ့ ထွက်လမ်းကိုပဲရွေးစေချင်တယ်။ အာဏာရှင်က လက်မြှောက်ဖို့ကလွဲပြီး ထွက်ပေါက်မရှိပါ။ ပြည်သူလူထုအတွက်တော့ ထွက်ပေါက်တွေ အများကြီးရှိနေတယ်” လို့ အားပေးရှာပါတယ်။
အာဏာသိမ်းပြီး ၄၅ ရက်ခန့်ကြာလာတဲ့အချိန်မှာတော့ ငြိမ်းချမ်းတဲ့ ဆန္ဒပြမှုတွေ အဆုံးသတ်ခါနီးနေပြီး … ခုခံစစ်ကို ဆင်နွှဲဖို့ နီးကပ်လာပြီလို့ သုံးသပ်နိုင်ပါတယ်။
လူထုဟာ ကိုယ့်အမျိုးသားချင်း အာဏာရှင်ကို မလိုမုန်းထားရှိနေသလိုပဲ၊ ယူအန်မှာ ကန့်လန့်တိုက်နေတဲ့ တရုတ်နဲ့ ရုရှားကိုလည်း စိတ်နာပါတယ်။ ဒါပေမယ့် လူထုကိုစာနာမယ့် အင်အားကြီးပါဝါနိုင်ငံများ ရှိနေလိမ့်ဦးမယ်လို့ မျှော်လင့်လျက်နေဆဲ ရှိပါတယ်။ စီအန်အန်နဲ့ အာရ်အက်ဖ်အေကတော့ မြန်မာနိုင်ငံမှာ ဒီမိုကရေစီပြန်ရှင်သန်ဖို့ လေးနိုင်ငံ ကတိကဝတ်ပြုတယ်ဆိုတဲ့သတင်း ဒီမနက်လွှင့်သွားပါတယ်။ အဲ့ဒီလေးနိုင်ငံကတော့ အမေရိကန်၊ သြစတေးလျ၊ အန္ဒိယ၊ ဂျပန်လို့ဆိုပါတယ်။ မနေ့ကပဲ စစ်ကောင်စီက ကိုယ်ဝန်ဆောင် အမျိုးသမီးတွေကိုပါမချန် ဆန္ဒပြလူငယ်တွေကို ဖွက်ပေးထားမှုနဲ့ နဖူးမှာ သေနတ်တေ့ပစ်ခဲ့ပါတယ်။ အိမ်တွေ၊ ကျောင်းတွေကို ညအချိန်မတော်စစ်ဆေးတယ်။ ဖျက်ဆီးတယ်။ မလုံခြုံအောင်လုပ်ပါတယ်။ လူထုက မလုပ်ချင်ပေမယ့် စစ်တိုက်ကြဖို့ အတင်းခေါ်နေတဲ့အခါ ပြည်သူဟာ ငြိမ်းချမ်းစွာ ဆန္ဒပြနေရာကနေ လက်နက်ကိုင်ဖို့ တုံ့ဆုတ်နေမှာ မဟုတ်ကြောင်း ပေါ်လွင်လာပါတယ်။ သေနတ်ကို သေနတ်ဖြင့် ရင်ဆိုင်ဖို့လမ်းသို့ မနှေးအမြန် ရောက်လာနေပါပြီ … လို့သုံးသပ်ရပါတယ်။ ဒေါက်တာ ဆာဆာပြောသလို လက်မြှောက်အရှုံးပေးတဲ့ လမ်းကို စစ်အုပ်စု ရွေးခဲ့ရင် မြန်မာ့မြေမှာ သွေးထွက်သံယိုမှု နည်းပါးစွာ အရေးတော်ပုံ အောင်နိုင်ပါလိမ့်မယ်။
တစ်ဆက်တည်းမှာပဲ မနက်က (မတ်လ ၁၄ ) လိုင်သာယာနှင့် ရွှေပြည်သာမြို့တွေကို စစ်အုပ်ချုပ်ရေး ( ခေါ်) မာရှယ်လော ကြေညာလိုက်ပါတယ်။ ဒါကတော့ အာဏာရှင်တို့ရဲ့ အာဏာဆုပ်ကိုင်ရေး၊ အကြောက်တရား နှင့် အကြမ်းဖက်တရားတွေနဲ့ အုပ်ချုပ်ရေး လက်စွဲကျမ်းအတိုင်းပဲ သွားနေတာ သိသာနေပါတယ်။
ဒီတစ်ခါ လူထုက ဥပဒေအရရော၊ လူသားတွေရဲ့ မွေးရာပါ ရှင်သန်ခွင့်အရရော ကိုယ့်ကိုယ်ကိုယ် ခုခံကာကွယ်ဖို့ ကြိုးစားလာပါတယ်။ လက်နက်တွေကို မျှော်လင့်နေကြပါတယ်။ အကြမ်းဖက်ရင် သူတို့ အကွက်ထဲဝင်သွားမယ်ဆိုတာကို လူတွေ ဘေးခေါက်ထားလိုက်ကြပါပြီ။ ငြိမ်းချမ်းစွာ ဆန္ဒပြမှုမှသည် … ခုခံကာကွယ်စစ်သို့ တရွေ့ရွေ့ …