Poem

ကျောင်းသွားဖော်…သို့(ကဗျာရှည်) – လင်းမိုးစွေ

By TheLisuTimes

June 01, 2021

( ၁ )ဒေါင်…ဒေါင်…ဒေါင်…ကျောင်းတက်ခေါင်းလောင်း ထိုးလိုက်တာနဲ့ကိုယ့်အခန်းထဲကိုယ်ဝင်ဖို့သူ့ထက်ငါ အပြေးအလွှားတစ်ယောက်နဲ့တစ်ယောက် ဝင်တိုက်မိတဲ့အခါတစ်ယောက်ကိုတစ်ယောက် အပြစ်မမြင်ကြဘူးမောင်နဲ့ မယ်နဲ့ကျောင်းခန်းထဲ မဝင်ခင်ကတည်းကအပြုံးပန်းတွေ ဆင်ခဲ့ကြတယ်။( ၂ )ပုံနှိပ်စာအုပ်တွေရတဲ့နေ့ကစာအုပ်အဖုံးပေါ် နင့်လက်ရေးနဲ့ရေးပေးဖူးတဲ့ ငါ့နာမည် မေ့သွားပြီလား…။( ၃ )အမြဲတမ်းတော့ မဟုတ်ဘူးတစ်ခါတလေ ဆိုတဲ့စကားလုံးကို အကာအကွယ်ယူလို့နင့်အကြောင်း ချရေးမိတာပါသတိရတဲ့အကြောင်းအတန်းပိုင်ဆရာမဆီခွင့်တိုင်သလို ခွင့်တိုင်ဖို့မှမလိုတာ။( ၄ )နင်စားချင်တယ်ဆိုလို့ သူများခြံထဲက မာလကာသီးငါ ဘယ်လိုခူးလာသလဲလို့ နင် မမေးဘူးနင် မေးလည်းငါ မဖြေဘူးအသီးက ကြွေကျလာပါရဲ့ဖိနပ်တစ်ဖက်က အပင်ပေါ်မှာဖိနပ်တစ်ဖက်က အပင်အောက်မှာမာလကာသီး ပုဆိုးခါးပုံစထဲထည့်သမိုင်းသင်တဲ့ဆရာကြီးပြောသလို ဂန္ဒီထုံး နှလုံးမူပြီးခြေဗလာနဲ့ ပြန်လာခဲ့ရတယ်ဒီအကြောင်း နင်သိရင်နင့်မာလကာသီး ချိုမှာ မဟုတ်တော့ဘူး။( ၅ )အမေ စျေးကဝယ်ဝယ်လာတဲ့ဘုရားပန်းတစ်ပွင့်တစ်ပွင့် လျော့လျော့သွားတာအတန်းပိုင်ဆရာမ ပေးဖို့မှ မဟုတ်တာ“ဟဲ့! ကောင်လေး ကလစ်ကဘာလုပ်ဖို့တုန်း”မယောင်မလည်နဲ့“နား ယားလို့ပါ အမေရာ”“အသည်းယားလို့ပါ အမေရာ”လို့ ပြောလို့ ဖြစ်မလားအမှားတွေ မုသားတွေနဲ့ငရဲ ကျကျနေတာငါ…။( ၆ )နင့် ပေးထားတဲ့ပန်းနင်က ဆရာမသွားပေးတော့တစ်နေ့လုံး စာထဲစိတ်မရောက်တော့ဘူး။( ၇ )ငါတို့တစ်တွေကဟိုစိတ်ဒီစိတ်တွေ ထားရမယ့်အရွယ် မဟုတ်သေးဘူး လို့နင့်အပြောလေးကို သဘောကျပြီးငါ့မှာဟိုစိတ်ဒီစိတ်တွေကို ဖြစ်လို့…။( ၈ )အကြည့်နဲ့အမူအရာကနင် ပြောပြောနေတဲ့ ငါနားမလည်တဲ့ ဘာသာစကားပဲမျက်လုံးလေး ထောင့်ကပ်ပြီး ကြည့်လိုက်တာနဲ့တစ်ညလုံး ငါ့မျက်လုံးတွေ ဖျားတော့တာပဲ။( ၉ )နယူတန်ရဲ့တတိယနိယာမက“မေတ္တာဆ်ိုတာအလျားအနံမရှိပေမဲ့ အသွားအပြန်ရှိတယ်”ဆိုတဲ့သဘောပဲလူတတ်ကြီးလုပ်ပြီး စကားကြီးစကားကျယ် ငါပြောပြတော့ငေးကြည့်နေတဲ့ နင့်မျက်နှာလေးကတကယ့်ပီဘိကလေးလေးပဲ။( ၁၀ )ညနေကျောင်းဆင်းနင့်စက်ဘီး ချိန်းကျ ကျနေလို့စက်ဘီးအသစ်စီးချင်တိုင်း အိမ်ကိုအပြစ်တင်နေတဲ့ နင့်ကိုကြည့်ပြီးငါ ရီ(ရယ်)ချင်မိတယ်။တကယ်တော့ချိန်းချထားတာ ငါပါဟာ…။( ၁၁ )စကားတပြောပြောနဲ့ နင် မသိလိုက်ပေမဲ့ငါ သတိထားမိလိုက်တယ်တို့နှစ်ယောက်အတူ စက်ဘီးယှဉ်စီးလာတာနင့်အိမ်က မြင်သွားပြီငါ့မှာ ထိတ်ထိတ်ပျာပျာ…။( ၁၂ )နောက်နေ့ ကျောင်းလာတော့နင် အိမ်နဲ့ဘာမှမဖြစ်ခဲ့သလိုပဲအေးလေငါကိုက အစိုးရိမ်လွန်တာပါနင် ပြောခဲ့သလို ဟိုစိတ်ဒီစိတ်တွေထားရမယ့်အရွယ်မဟုတ်သေးဘူးလေ…။( ၁၃ )ထမင်းလက်ဆုံစားတယ်လို့ မခေါ်ဘူးဘုံတူစားတယ်လို့ပဲ ခေါ်တယ်ချိုင့်ထဲက အသည်းဖတ်ကလေးနင်လည်း မစားရဲငါလည်း မစားရဲကျောင်းတက်ခေါင်းလောင်းတောင် ထိုးသွားပြီပဲ။( ၁၄ )နင် ထမီပြင်ဝတ်ဖို့မဆီမဆိုင် ငါကို့ ဟိုဘက်လှည့်နေ တဲ့အေးလေငါကလည်း နင့်ကို တချိန်လုံးလိုက်ကြည့်နေတာကိုး…။( ၁၅ )စာစီစာကုံးထဲ ဆရာမောင်စိန်ဝင်း(ပုတီးကုန်း)ရဲ့အချစ်ဦး´ကဗျာ ထည့်ရေးမိတော့ တစ်ခန်းလုံးက ဝိုင်းလှောင်ကြတယ် "ကဗျာဆရာ"

( ၁၆ ) လှောင်ကြတဲ့သူတွေအထဲ နင် မပါဘူး အဲဒီလိုနဲ့ ငါဟာ ကဗျာဆရာ...။

( ၁၇ ) နင် လှတာကို မနာလိုတဲ့ကောင်မလေးတစ်ယောက် အကြောင်းမရှိ အကြောင်းရှာ ငါ့ စကားလာပြောတော့ အကြောင်းမရှိ အကြောင်းရှာ နင်က ငါ့ စကားမပြောတော့ဘူး။

( ၁၈ ) ခေါ်မလား မခေါ်ဘူးလား လက်ညှိုး လက်ခလယ်ကွင်းလေးက နင့်ရှေ့မှာ...၊ ငါ့လက်ကို ပုတ်ချလိုက်တော့... ငါ့ကို ပုတ်ချလိုက်သလိုပါပဲ။

( ၁၉ ) အပေါက်စုံအောင်ပြောတတ်တဲ့ ငါတို့အတန်းထဲက ကောင်မတွေ နင့်နားလာရင် ငါ့ကို ဘောလုံး သွားမကန်ဘူးလား အချဉ်ပေါင်း သွားဝယ်ပေးပါလားနဲ့ နင်က မလိမ့်တပတ်နဲ့ မောင်းထုတ်တော့တာပဲ ငါသိသားပဲ ငါလည်း ဘောလုံးခြေဦးထိုးလောက်သာကန်တတ်တာဆိုတော့ ဘယ်ကောင်မှ ငါ့ အပါမခံဘူး မင်းတို့ တောင်ကန်မြောက်ကန် ကန်နေတဲ့ ဘောလုံးလည်း ကြည့်မနေဘူး ဒီတော့ အချဉ်ပေါင်းသည်ရဲ့ မောင်းသံက ငါ့ကိုလှမ်းခေါ်နေသလိုပဲ ငရုတ်သီးထည့်မှာလားဆိုတော့ ထည့် များများသာထည့် လို့ နင့်ကို ငါချဉ်တယ်။

( ၂၀ ) အဲဒီကောင်ဆီ စာသွားမေးရအောင် နင်က သူ့တပည့်မို့လို့လား သူက ဆရာကြီးလား အမှတ်များတိုင်း တော်တဲ့ကျောင်းသားလား ရှေ့ဆုံးတန်းက ဂျပု ငါကြည့်မရတာကြာပြီ ငါ့မှာ နေမထိထိုင်မသာ အိမ်နားက အစ်ကိုကြီးတွေပြောသလိုဆို အူနုကျွဲခတ်ခံရတယ် အဲဒီနေ့က နင့် မစောင့်ဘဲ ကျောင်းကပြန်ခဲ့တယ် တူးတူး´သီချင်းထဲက “မိဆိုး”ဟာ နင်ပဲ။

( ၂၁ )နင့်ကိုငါ မကြည်ဘူးနင့်ကိုငါ မကြည့်ဘူးငါ့ကို နင် ကြည့်နေတာ ငါမကြည့်ဘဲနဲ့ အလိုလိုသိနေတယ်နင်အကြည့်တွေ ဝဋ်လည်နေပြီ။( ၂၂ )နင့် လက်သည်းနီ မခြောက်သေးတော့ငါ့ လက်မောင်းတွေက နင့်ကို ပြောင်ချော်ချော်လုပ်နေတယ်ရိုက်ရဲရင် ရိုက်ကြည့်လေ…ဆိတ်ရဲရင် ဆိတ်ကြည့်လေ..လက်ကြီးကားယား ကားယားနဲ့နင်“စုန်းမ”( ၂၃ )ကိုယ်လက်မအီမသာနဲ့နင် ဗိုက်နာတဲ့နေ့က ငါ့မှာ ပျာယီးပျာယာလျက်ဆားလျက်ကြည့်ပါလားပြောတော့…“ငါ အပျိုဖြစ်ပြီ” တဲ့ဗိုက်နာတာနဲ့ နင်အပျိုဖြစ်တာ ဆက်စပ်လို့မရခဲ့တာငါ့မှာ…။( ၂၄ )မိန်းမတစ်ယောက်ရဲ့ပကတိအလှကို မြင်ချင်ရင်မနက်အိပ်ရာထ သွားကြည့်ဆိုလို့အိမ်နားက အစ်ကိုတွေမြှောက်ပေးတိုင်းနင့်အိမ်ရှေ့စက်ဘီးတစ်စီးနဲ့ ငါ့မှာမယောင်မလည်နင့်မြင်ဖို့ဝေးစွ အိမ်တံခါးတွေတောင်မဖွင့်သေးဘူး။( ၂၅ )အမေသာသိရင်စာသာဒီလောက်ကြိုးစားရင် အစချီပြီးရေချိုးရင်လည်း အကြာကြီးမှန်ရှေ့မှာလည်း အကြာကြီး…………………………………….ပြောလို့ပြီးမှာမဟုတ်တော့ဘူး။( ၂၆ )အရွယ်မြန်မြန်ရောက်ချင်တဲ့စိတ်နဲ့ကြက်သွန်နီနဲ့ပွတ်ရင်နှုတ်ခမ်းမွှေးပေါက်တယ်ဆိုလို့ပါအကြော်ဆိုင်မှာနင်က ကြက်သွန်ကြော်တောင်မစားတော့ဘူးဘဲ၊ကြက်သွန်နံ့ နံနေတာမဟုတ်ဘူးလူပျိုနံ့ မွှေးနေသူမှာငါ…။(၂၇ )နင့်အင်္ကျီနောက်ကျောကအပေါ်ဆုံးနှိပ်ကြယ်သီးလေးပြုတ်နေတာတပ်ပေးဆိုလို့ တပ်ပေးရသေးတယ်ငါ့လက်က နင့်အသားကို မထိပါဘူးနင့်ဂုတ်ပိုးအစပ်က မွေးညင်းနုနုကလေးတွေ လှုပ်ခတ်သွားတာ ငါ့ သက်ပြင်းတွေကြောင့်ပါ။( ၂၈ )နင့် အတွင်းခံဘောင်းဘီ ဘာရောင်ဘယ်နှစ်ထည် ရှိတာကအစနင့် ရင်ညွန့်မှာ မှဲ့နီနီကလေးရှိတာကအဆုံး ငါသိခဲ့တယ်အခုနင့်ကိုငါ ရဲရဲ မကြည့်ရဲတော့ဘူးကြည့်မိရင်လည်း နင် မျက်လွှာချသွားပြီ၊တစ်တန်းနှစ်တန်းလောက်တုန်းက ငါတို့စိုက်ခဲ့တဲ့ သရက်ပင်အဖူးကလေးတွေတောင် ပွင့်လို့သီးကင်းကလေးတွေတောင် သီးလို့ငါတို့ မငယ်ကြတော့ဘူး…။( ၂၉ )ဂစ်တာစတီးခါစနှင်းဆီပန်သူ သီချင်းကလေးCAmCord နှစ်ခုတည်းနဲ့အတီးလေ့ကျင့်နေသလိုနင့်ရှေ့မှာလည်း ဒီသီချင်းလေးပဲဆိုနေချင်မိတယ်ဂစ်တာတစ်ခုတည်းတော့မဟုတ်လောက်ဘူးငါ ဘာကိုလေ့ကျင့်နေတာလဲ“အလေးထားသူမှာ စိုးရွံ့ လို့နေမြဲဖွင့်ဟခက်ဆဲ”…။( ၃၀ )ကိုယ်လိုရာကို တွေးပြီး စိတ်ကူးယဉ်ရတာကြည်နူးစရာပါနင့် လေ့ကျင့်ခန်းစာအုပ်ရဲ့လွတ်နေတဲ့စာမျက်နှာမှာ“ထာဝစဉ်ရင်မှာ တသိမ့်သိမ့်စွဲရစ်တွယ်”ဆိုတဲ့ သီချင်းစာသားလေးကိုတွေ့တော့ငါ့မှာ…။( ၃၁ )ငါကလည်း နေရာတကာစပ်စပ်စုစုမို့“ကလေးက ကလေးနေရာနေစမ်း”လို့ ပြောခံရရင်ငါ့မှာ အောင့်သက်သက်နဲ့ပုဆိုးသာ ချွတ်ပြလိုက်ချင်တယ်။ဒီအကြောင်း နင့်ကိုငါ ပြောပြတော့“အမှန်က ပုဆိုးချွတ်ပြလိုက်ရမှာဟ”လို့ နင်ကပြောပြောပြီး တဟားဟားနဲ့ ရီပါလေရောငါလည်း ငါ့စကားငါ သဘောပေါက်ပြီးနှစ်ယောက်သားမျက်ရည်တွေထွက်အောင် ရီ(ရယ်)လို့မျက်ရည်တွေထွက်အောင် ငို့ဖို့ မှ မဟုတ်ခဲ့ဘဲ…။( ၃၂ )၈.၈.၈၈အဲဒီနေ့က နင် ကျောင်းမလာဘူးနော်ခံစားမှုဆိုတာ ရောထွေးသွားစေသလားငါ့မှာ အသံတွေ နာလို့ငါ့မှာ အသံတွေ ပြာလို့လက်သီးလက်မောင်းတွေတန်းလို့ ။( ၃၃ )လူကြီးသူမတွေပြောကြတဲ့သစ်ရွက်လှုပ်တာကို ရီချင်တဲ့အရွယ် မဟုတ်တော့ဘူးသစ်ရွက်ကြွေတာကို ငိုချင်တဲ့အရွယ်ကျောင်းကြီးပိတ်သွားပြီကျောင်းတွေ ဘယ်တော့ပြန်ဖွင့်မှာလဲလို့ လိုက်မေးရင်းလူကြီးသူမတွေ မဖြေနိုင်ဘူးကျောင်းတွေပိတ်သွားပြီ။( ၃၄ )ငါ့မှာ အသံတွေ နာလို့ငါ့မှာ အသံတွေ ပြာလို့လက်သီးလက်မောင်းတွေတန်းလို့ကျောင်းတွေပြန်ဖွင့်တော့နင်ကျောင်း ပြန်မလာတော့ဘူး။( ၃၅ )နင့်အိမ်က ကျောင်းပြောင်းလက်မှတ် လာထုတ်သွားပြီဆိုတာကလွဲပြီးနင်နဲ့ပတ်သက်တဲ့အကြာင်း ဘာအသံမှ မကြားရတော့ဘူး။( ၃၆ )တကယ်ဆိုငါ့ လိပ်စာ နင့်ဆီမှာ ရှိနေတာပဲနင် ငါ့ကို စိတ်ဆိုးနာကြည်းသွားလို့လားဒါလည်း မဖြစ်နိုင်ဘူးတို့နှစ်ယောက်က စိတ်ဆိုးစိတ်ကောက်လည်း ခဏပဲဒါဆိုနင့်အိမ်က တစ်ချိန်ချိန် ငါနဲ့နီးစပ်သွားမှာစိုးလို့လားမပြောကောင်း မဆိုကောင်းလူ့ပြည်မှာ နင် မရှိတော့လို့လားဖွဟဲ့! လွဲပါစေ ဖယ်ပါစေမေးခွန်းတွေ မေးခွန်းတွေနဲ့ငါနင်ကလွဲပြီး ဘယ်သူမှ မဖြေနိုင်ဘူးအရေးအခင်းနဲ့အတူ အရေးထဲ အရာပေါ်ခဲ့ပြီ။( ၃၇ )နင်က ငါ့ကို ဘာမှ ပြောမသွားသလိုငါကလည်း နင့်ကို ဘာမှ မပြောလိုက်ရဘူးတစ်နေ့နေ့နင့်မျက်နှာကလေးကိုကြည့်ပြီးပြောချင်တဲ့စကားကနှစ်လုံးတည်းရယ်ပါ။( ၃၈ )နင့်ဆံပင်လို ကျစ်ဆံမြီးကျစ်ပေးခဲ့တဲ့ငါ့လွယ်အိတ်အနားလေးတွေကို တင်းတင်းဆုပ်လွယ်အိတ်ကလေးပိုက်ပြီးကျောင်းထဲမှာ…။( ၃၉ )ဘဝပျက်တယ်ဆိုတာလမ်းဘေးရောက်သွားမှ မဟုတ်ဘူးလမ်းပေါ်မှာ…။( ၄၀ )ငါ မငိုဘူးငါ့ကို နင် ပြောဖူးတယ်“နင် ယောက်ျား မဟုတ်ဘူးလား””ကလေးလည်းမဟုတ်ဘဲနဲ့”ငါ မငိုဘူးငါ လူကြီးဖြစ်နေပြီပဲငါ မငိုဘူးငါ မငိုဘူးထိန်းထားတဲ့ကြားက မျက်ရည်တွေပါးပေါ်မှာ…။( ၄၁ )ဘုရားမှာ ဆုတောင်းရအောင်လည်းဘယ်လိုဆုတွေ တောင်းရမှန်းမသိအမွှေးတိုင်တွေလိုတငွေ့ငွေ့ လောင်ကျွမ်းနေပြီ။( ၄၂ )မြင်ယောင်မိတယ်ဘုရားကန့်တော့နေပုံလေးမဆွတ်ခင်က ညွတ်ချင်သူပီပီအမျှမဝေခင်ကတည်းက သာဓုတွေခေါ်နေမိတယ်။( ၄၃ )အဘိဓာန်လိုမျိုး စာအုပ်အထူကြီးတွေကဖတ်ဖို့မှ မလိုတာစွယ်တော်ရွက်ကလေးညှပ်ထားရုံသာ…။( ၄၄ )နင့် အော်တိုစာအုပ် ရှေ့ဆုံးစာမျက်နှာမှာအဦးဆုံး ငါရေးပေးဖူးခဲ့တဲ့”ငယ်ချစ်ဦး”ဆိုတဲ့ကဗျာဒီစာမျက်နှာမှာ နင် ဖတ်ခွင့်ကြုံရင်စွယ်တော်ရွက်ကလေးနဲ့အတူငါ့ မှတ်မိမှာပါ။( ၄၅ )ကျောင်းဆင်း ခေါင်းလောင်းထိုးလိုက်တာနဲ့ကျောင်း၀င်းထဲ စံပယ်ပန်းခက်တွေ ကြဲချလိုက်သလိုကျောင်း၀တ်စုံလေးတွေကငါတို့ငယ်ဘ၀…ဒေါင်…ဒေါင်…ဒေါင်…။ ။လင်းမိုးစွေ……………