(ကိုဗစ်ဘေး)ကိုဗစ်ဟာ ဖြစ်လိုက်ရင် ၃% လောက်သတ်နိုင်တယ်။ သို့ပေမယ့် သေချာကိုင်တွယ်မှ အဲ့ဒီရာခိုင်နှုန်းအထိကျဆင်းတာပါ။ ဒီအတိုင်းသာလွတ်ထားမိရင် … အောက်ဆီဂျင်တွေ ချိတ်မပေးနိုင်ဘူးဆိုရင်၊ လိုအပ်တဲ့ ဆေးဝါးပံ့ပိုးမှုတွေ မရဘူးဆိုရင် အတုံးအရှုံးဖြစ်မှာ အသေအချာပါပဲ။ ဆိုလိုတာက ကျန်းမာရေး ပံ့ပိုးမှုမရရင် ၃% ထက်ပိုပြီး သေဆုံးမယ်ပေါ့။ မြန်မာပြည်မှာ ပထမလှိုင်းနဲ့ ဒုတိယလှိုင်းမှာ ကာကွယ်မှု အများကြီးကောင်းခဲ့တယ်။ ကျန်းမာရေးဝန်ထမ်းတွေက အသက်စွန့်ကာကွယ်ပေးခဲ့တယ်။ စေတနာ့ဝန်ထမ်းတွေကလည်း ဘာသာအသီးသီး၊ အဖွဲ့အစည်းအသီးသီးက တက်ကြွစွာပါဝင်ပေးခဲ့တယ်။ ပြည်သူတွေ ပူးပေါင်းမှုကလည်း အံ့ဖွယ်ပါပဲ။ သူဌေးတွေရဲ့ အလှူတွေကလည်း သာဓုခေါ်ရပါပေတယ်။ အဲ့တုန်းက မုဆိုးမအစိုးရလို့ ပြောင်လှောင်ခဲ့ကြပေမယ့်၊ စကားမပြတ်ဘူးရယ်လို့ ပြောင်လှောင်ခဲ့ကြပေမယ့် … တကယ်တမ်း စီမံဆုံးဖြတ် အုပ်ချုပ်ရမယ့်နေရာမှာ အဲ့ဒီလှောင်ပြောင်တဲ့သူတွေ တက်သွားရင်လည်း ဘာမှအဖြစ်ရှိမှာ မဟုတ်တာပါပဲ။ ဘာဖြစ်လို့လဲဆိုရင် စီးပွားရေးကလည်း မရပ်စေချင်ဘူး၊ ကပ်ရောဂါကိုလည်း လျှော့မတွက်ချင်ဘူး။ ဒီလို ဒွိဟအနေအထားမှာ အလွန်ပါးနပ်သိမ်မွေ့တဲ့ ကပ်ရောဂါ ပထမလှိုင်း၊ ဒုတိယလှိုင်းကို ခုခံနိုင်ခဲ့ပါတယ်။ ဒါပေမယ့် တတိယလှိုင်းဟာ မြန်မာပြည်အတွက် အိပ်မက်ဆိုးကြီးတစ်ခု ဖြစ်လာနေပါတယ်။ ကျန်းမာရေးစောင့်ရှောက်မှုတွေက ဖရိုဖရဲ၊ လူထုရဲ့ နာကျည်းချက်တွေက အရှိန်များများ၊ သတ်ဖြတ်မှုတွေက အဆက်မပြတ်ဘူး။ တစ်နေ့က လှိုင်သာယာမှာ ပြင်နေတဲ့ ကွပ်ပျစ် (တကယ်တော့ ပစ္စည်းတင်တဲ့ခုံ ပေါ်မှာ သင်ဖျူးဖျာခင်းထားတာပါပဲ) က အင်္ဂတေနဲ့ ၅ လက်မအကွာမှာ။ လူနာဟာ ဒီလိုပုံစံနဲ့ ပြုစုခံရရင် လျှောဖို့ ရာခိုင်နှုန်းများပြီလေ။ အတုံးအရှုံးဘက် အလေးသာနေပါပြီ။
(စစ်အာဏာရှင်ဘေး)တစ်ဘက်မှာ ဖေဖော်ဝါရီလ ၁ ရက်နေ့ အာဏာတက်လုတဲ့ စစ်အုပ်စုရဲ့ ဖိနှိပ်သတ်ဖြတ်မှုပါပဲ။ အခုနေ ၈၀၀ မကသော ပြည်သူတွေ သေဆုံးခဲ့ကြရပါပြီ။ တစ်ချို့ဆိုရင် စစ်ကြောရေးမှာ နေ့မြင်ညပျောက်အသက်ထွက် သွားခဲ့ရတာ ၁၇ ယောက်ရှိပါတယ်။ ဒါတွေအားလုံး AAPP ကမှတ်တမ်းအစုံအလင်သိမ်းထားပါတယ်။ အာဏာလုသူ စစ်ကောင်စီဟာ ပြည်သူ့အတွက် နည်းနည်းလေးမှ မစဉ်းစားပါဘဲ သူတို့ဥစ္စာစည်းစိမ်ကို ကာကွယ်ဖို့ တပ်မတော်ကို အသုံးချနေတာပါပဲ။ ကိုဗစ်ဟာ အနည်းဆုံး ၃% နှုန်းသောလူတွေကို သတ်နိုင်သလို၊ အာဏာရှင်စနစ်ဟာ အသက်ရှင်လျက်နဲ့ သေနေတဲ့ သန်းပေါင်းများစွာသော လူအုပ်ကို ဖြစ်စေမှာပါ။ မျှော်လင့်ချက်မဲ့တဲ့အုပ်စု၊ ကိုယ့်စိတ်အလိုကို နင်းခြေခံရတဲ့အုပ်စု၊ အဓိပ္ပါယ်မရှိတဲ့ အမိန့်တွေကို နာခံနေရတဲ့ စစ်ကျွန်ဘဝရောက်စေမှာပါ။ တိုင်းပြည်ကို စစ်အုပ်ချုပ်ရေးနဲ့ အုပ်ချုပ်ခံရမှာပါ။ ဒီလိုဘဝတွေမှာအသက်ရှင်ရတာထက် သေတာကပဲ ပိုကောင်းနေမှာပါ။
(မဘသဒတဘေး)စစ်အာဏာရှင်စနစ်ဟာ မြန်မာပြည်အတွက် ကိုဗစ်စိန်ခေါ်မှုထက် အဆမတန် မြင့်မားနေတာ၊ ဖျက်အား အလွန်ပြင်းရှပြီး အန္တရာယ်အလွန်ကြီးနေတာမို့ …. လူငယ်လူရွယ်များစွာဟာ စစ်ကျွန်ဘဝကလွတ်ဖို့ ကြိုးစားနေပါတယ်။ တစ်ဘက်မှာ စစ်အာဏာရှင်တွေကလည်း ဒီလိုတန်ပြန်တော်လှန်မှုတွေကို မကြိုက်ပါဘူး။ လက်နက်နဲ့ဖိနှိပ်သလိုပဲ၊ အတွေးအခေါ်အယူအဆပိုင်းနဲ့ သွေးခွဲဖို့ ကြိုးစားလာနေပါတယ်။ နဂိုကတည်းက အက်ရာတွေထပ်နေတဲ့ မြန်မာ့နိုင်ငံရေးကို တစ်စစီဖြစ်စေဖို့ ကြိုးစားနေပါတယ်။ ပြည်သူတွေ မညီမညွှတ်ခြင်းက သူတို့အတွက် အောင်ပွဲပါပဲ။ အခုတလော ကြားရတဲ့သတင်းတွေထဲမှာ အာဏာရှင်ကို မုန်းတာချင်းအတူတူ ကိုယ့်ရည်မှန်းချက်ကိုယ်စီနဲ့ သွားနေကြတာ တွေ့ရပါတယ်။ ပြောစကားနဲ့ လက်တွေ့လုပ်ရပ်တွေ မချိတ်မိဘူးဖြစ်လာနေပါတယ်။ ကချင်ကလည်း အန်ယူဂျီကို အာခံလာသလို၊ ရှမ်း၊ ကရင်၊ ရခိုင်၊ ရိုဟင်ဂျာတို့ကလည်း အာခံလာနေတာ သတင်းတွေမှာ တွေ့နေပါတယ်။ ဒါဟာ အရင်က တစ်ခါမှမရှိဖူးတဲ့၊ အာဏာရှင်ကိုဖြုတ်ချပစ်နိုင်တဲ့ စုစည်းမိလာတဲ့ အင်အားကို တစ်စစီဖြစ်အောင် ပရိယာယ်ထောက်ချောက်ပဲဖြစ်ပါတယ်။ ပြည်သူတွေက အာဏာရှင်ချထားပေးတဲ့ ဒီပရိယာယ်တောင်ကို ကျော်လွန်မှသာ အာဏာရှင်ကို အမြစ်ဖြုတ်နိုင်မှာပါ။ နေဝင်းကစလို့ မင်းအောင်လှိုင်အဆုံး အာဏာရှင်တို့ကို အပြီးအပြတ်ဖြတ်ပစ်၊ အမြစ်ကနေတူးပစ်ဖို့ဆိုတာ အားလုံးညီညွှတ်မှပဲ ဖြစ်မှာပါ။ အခုရေတွင်းတူး အခုရေကြည်သောက်၊ အခုပဲ စတင်ကစားပြီး ပြီးပြည့်စုံတဲ့ အားကစားသမား ဘယ်သူမှ မဖြစ်လာနိုင်ပါဘူး။ အားနည်းချက်က သူ့ဆီမှာပဲရှိတာမဟုတ်ပါဘဲ ကိုယ့်ဆီမှာလည်းရှိတယ်ဆိုတာကို သတိမူမိကြသင့်ပါတယ်။ အရေးကြီးတာက ဒီမိုကရေစီလမ်းကြောင်းမှာ ဆွေးနွေးလို့၊ အကျိုးအကြောင်းပြောလို့ရပေမယ့် စစ်အာဏာရှင်လမ်းကြောင်းမှာ ဒါတွေလုံးဝမရှိဘူးဆိုတာကို ကြပ်ကြပ်သိရပါမယ်။ သဘောမတူခွင့်တွေရှိတဲ့ ဒီမိုကရေစီ၊ လူ့အခွင့်အရေးနားလည်းလေးစားတဲ့ ဒီမိုကရေစီဘက်ကို သွားကြမယ်ဆိုရင် … ပိုကောင်းမလား၊ တစ်ချက်လွှတ်စစ်မိန့်နဲ့ ဖိနှိပ်အုပ်ချုပ်တဲ့ဘက်၊ သေနတ်တေ့ထားပြီး အခိုင်ခံရတဲ့ ဘက်ကို သွားမလား စဉ်းစားကြဖို့ အချိန်ဖြစ်ပါတယ်။ လူထုမညီညွှတ်ရင် သူတို့အကွက်စားသွားပါလိမ့်မယ်။အခုတလော နိုင်ငံခြားက သတင်းသမားတွေလည်း ဒီအဖြစ်ကို ထောက်ပြကြပါတယ်။ မြန်မာပြည်ဟာ တစ်စစီဖြစ်မယ့်အရေးကို သွားနေပြီ၊ စစ်အာဏာရှင်တွေကိုတိုက်ရင်းပဲ စစ်အာဏာရှင်ပေါက်စတွေ အများကြီးထွက်လာဦးမယ်လို့ ဟောကိန်းထုတ်နေကြပါတယ်။ ဒါက တကယ်တော့ ဂျန်ဇီတွေရဲ့ ရိုးသားမှု၊ ကြိုးစားမှု၊ တရားမျှတမှုကို လှောင်ပြောင်နေတာပါပဲ။ အထင်သေးတာပါပဲ။ အနာဂတ်မြန်မာ့အရေးမှာ အာဃာတတွေနည်းတဲ့၊ လူမျိုးဒေသစွဲတွေနည်းတဲ့၊ အမှန်တရားမြတ်နိုးပြီး ဘက်လိုက်မှုနည်းတဲ့ ဂျန်ဇီတွေကပဲ ဦးဆောင်စေသင့်ပါတယ်။ ဒါကတော့ စစ်အာဏာရှင်ကို တော်လှန်နေရင်း ပြည်သူ့တော်လှန်ရေးအဖွဲ့တွေ အတွင်းပြုပြင်ပြောင်းလဲ သွားရမယ့် အရဖြစ်လာပါတယ်။ မြန်မာပြည်သူတွေဟာ ကိုဗစ်ရန်ဘေး နှင့် အာဏာလုသူရန်ဘေးကြားထဲမှာ ပိတ်မိနေပါပြီ။ နိုင်ငံတကာ အသိုင်းအဝန်းက ဆက်လက် နှုတ်ဆိတ်နေဖို့ မသင့်တော်တော့ပြီ။ လူထုအများအပြားဟာ မကြာခင် ကိုဗစ်ဘေး၊ အာဏာရှင်ဘေး ကြားမှာ ငတ်ပြတ်သေဆုံးဖို့ အလားအလာများနေပါပြီ။ အတွေးအခေါ်ပိုင်းမှာလည်း လူမျိုးစွဲဒေသစွဲတွေကြောင့် ကြပ်တည်းနေပါပြီ။ အဖွဲ့အစည်းတွေက အာဏာရှင်ကိုသာ သိသိသာသာ ဖြုတ်ချလို့ မနိုင်သေးတာ၊ ကိုယ့်အချင်းချင်းချနင်းတာကတော့ စတင်နေပါပြီ။ ကိုယ့်အချင်းချင်း ပညာပြဖို့ကတော့ ဇတွေထွက်လာနေပါပြီ။ အဖွဲ့အစည်းတစ်ခု၊ ဒေသတစ်ခုအတွင်းမှာတောင် မြင်မကောင်းအောင် အချင်းချင်းအားပြိုင်နေကြ၊ ပညာပြနေကြပါပြီ။ သူမှန်တယ်၊ ကိုယ်မှန်တယ်နဲ့ စည်းနှောင်အား ပြိုလဲလုနေပါပြီ။ စာနာနားလည်မှုတွေနဲ့ ဒိုင်ယာလော့တွေ၊ ညီအစ်ကိုစိတ်ထားတွေ ပျောက်နေပါတယ်။ အမျိုး၊ ဘာသာ၊ သာသနာ၊ ဒေသ၊ အတွေးအမြင် အစွဲကြောင့် ဖြစ်သမျှအားလုံးဟာ ပြည်သူနစ်နာစေမယ့် ချိန်ကိုက်ဗုံးတွေလို ဖြစ်နေပါပြီ။ ဒီအခင်းအကျင်းမှာတော့ အန်ယူဂျီရော၊ တိုင်းရင်းသားလက်နက်ကိုင်တွေရော၊ ပြည်သူလူထုရော လက်ချင်းချိတ်ဖို့ …. ဆွေးနွေးမှုတွေနဲ့ ယုံကြည်မှု တည်ဆောက်ဖို့ ကြိုးစားရပါလိမ့်မယ်။ ကျွန်တော်တို့က ရန်သူတွေလို ဆက်ဆံလို့မရဘူးဆိုတာ အားလုံးသိကြဖို့လိုပါတယ်။ ဘုံရန်သူကို ချေမှုန်းဖို့လိုပါတယ်။ ဘုံရန်သူက ပေးလိုက်တဲ့ အဆိပ်ငွေ့တွေ၊ အတွေးအခေါ်အမှားတွေကို ဖြေရှင်းဖို့လိုပါတယ်။ အားလုံးအသက်ရှင်ချင်တယ်ဆိုရင် … ပြည်သူတွေ ညီညွှတ်မှရပါလိမ့်မယ်။လူမျိုးအုပ်စုတွေ၊ ဒေသအဖွဲ့အစည်းတွေရဲ့ အဓိကပဲ့ကိုင်နေရာတွေမှာ အာဃာတကြီးမားသူတွေ၊ ကိုယ်ကျိုးချည်းကြည့်သူတွေ၊ လူမျိုး၊ ဘာသာ၊ သာသနာ၊ ဒေသ၊ အတွေးအမြင် အလွန်အကျွံအစွဲတွေပြင်းထန် သူတွေကို ချန်ထားရစ်ပြီး လူ့အခွင့်အရေး၊ တရားမျှတမှုနဲ့ လွတ်လပ်မှု ဒီမိုကရေစီစံနှုန်းကို လက်ခံယုံကြည်တဲ့ ဂျန်ဇီတွေကိုပဲ လက်လွှဲကြဖို့လည်း လိုပါမယ်။ သူတို့က အချင်းချင်းလေးစားမှုစိတ်ထား၊ ညီအစ်ကို စိတ်ထားတွေနဲ့ ဦးဆောင်ကြပါလိမ့်မယ် ဆိုတာ ယုံကြည်ပါတယ်။များမကြာမီ မထင်မှတ်သော …. အပြောင်းအလဲတွေကို မြန်မာပြည်သူတွေ မြင်ကြရပါစေလို့ ဆုတောင်းလိုက်ပါတယ်။ စစ်အာဏာရှင်တို့ရဲ့ နိဂုံးအမြန်ရောက်ပြီး၊ အေးချမ်းတဲ့မြန်မာပြည် ဖြစ်ပါစေ။